【 ပြည်တွင်း 】 “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ပိတ်ပွဲ ကျင်းပ

【 ပြည်တွင်း 】 “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ပိတ်ပွဲ ကျင်းပ

ရန်ကုန်၊ မတ် - ၂
 
“နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာ စစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း” ပိတ်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၉ ရက်တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
 
အဆိုပါစီမံကိန်းကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လအထိ စီမံကိန်းကာလ ၂ နှစ် ၆ လ သတ်မှတ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးချုပ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
 
ယခုစီမံကိန်းကာလ နှစ်နှစ်နှင့် ခြောက်လတာကာလအတွင်း လေထုအရည်အသွေးဆိုင်ရာ အဓိက Parameter ၁၁ မျိုးနှင့် ရာသီဥတုဆိုင်ရာ Parameter ခြောက်မျိုးကို တိုင်းတာနိုင်သည့် ရွေ့လျှား လေထုအရည်အသွေးတိုင်းတာရေး စက်ကိရိယာများ ဝယ်ယူပြီး မြန်မာ၊ လာအိုနှင့်ထိုင်းနိုင်ငံတို့၏ နယ်စပ်ဖြစ်သည့် တာချီလိတ် ခရိုင်အတွင်း ပတ်ဝန်းကျင်လေထုအရည်အသွေး တိုင်းတာခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါတယ်။
 
နှစ်စဉ် ပွင့်လင်းရာသီတွင် တွေ့ကြုံရသည့် တောမီးလောင်ကျွမ်းခြင်းနှင့် အခြားမီးလောင်ကျွမ်းမှုများကြောင့် ဖြစ်ပေါ်လာသည့် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသလို မြန်မာ-တရုတ် နှစ်နိုင်ငံ ဗဟိုအစိုးရများအကြား တောမီးအန္တရာယ်ဆိုင်ရာ ပူးတွဲကာကွယ်ရေးကော်မတီ ဖွဲ့စည်းထားရှိပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တောမီးကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ယင်းအခမ်းအနားမှ သိရပါတယ်။
 
အောင်အောင်