【 ပြည်တွင်း 】 NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ထောင်ထဲမှာ အပူဒဏ်ကြောင့် မူးလဲကျပြီး ဆေးရုံရောက်ခဲ့

【 ပြည်တွင်း 】 NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန် ထောင်ထဲမှာ အပူဒဏ်ကြောင့် မူးလဲကျပြီး ဆေးရုံရောက်ခဲ့

မန္တလေး၊ ဧပြီ - ၁၁

မန္တလေး အိုးဘိုထောင်မှာ ထိန်းသိမ်းခံထားရတဲ့ NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ဟာ မနေ့က မနက်ပိုင်းက အပူဒဏ်ကြောင့် ရုတ်တရက် မူးလဲကျသွားလို့ မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ကုသပေးခဲ့ရတယ်လို့ ထောင်နဲ့နီးစပ်တဲ့အသိုက်အဝန်းဆီကနေ သိရပါတယ်။

“မန္တလေးဆေးရုံပို့ပြီး ကုသပေးခဲ့တယ်၊ သက်သာနေပါပြီ” လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အပူဒဏ်ကြောင့် အပူရှပ်ပြီး ရုတ်တရက်မူးလဲကျရာမှ သတိပြန်မလည်လာလို့ မန္တလေးဆေးရုံကြီးဆီ ပို့ဆောင်ကုသမှုပေးခဲ့တယ်၊ လက်ရှိမှာတော့ ပြန်လည်ကောင်းမွန် သက်သာသွားပြီဖြစ်တယ်လို့ သိရပြီး၊ လက်ရှိတွင် ဆေးရုံမှာရှိနေဆဲလား၊ ထောင်သို့ပြန်ရောက်သွားပြီလားဆိုတာနဲ့ပတ်သက်လို့တော့ သတင်းအတည်ပြုချက် မရရှိသေးပါဘူး။

အသက် ၈၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဦးဝင်းထိန်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး၊ ၎င်းအား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့တရားစွဲကာ ထောင်ဒဏ် အနှစ် ၂၀ ချထားတာဖြစ်ပါတယ်။

မန္တလေးမြို့မှာ အခုရက်ပိုင်း နေ့အပူချိန်မြင့်တက်နေမှုကြောင့် အပူရှပ်ပြီး မူးလဲကျမှုဖြစ်စဉ်တွေ နေ့စဉ်နဲ့အမျှဖြစ်ပေါ်နေပြီး၊ ယမန်နေ့ မနက်ပိုင်းကဆိုရင် စျေးချိုတော်ထဲ စျေးအဝယ်ထွက်လာသူ အသက်လေးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး ရုတ်တရက်မူးလဲကျရာမှ သတိပြန်လည်မလာတော့ဘဲ ဆေးရုံအရောက်မှာ သေဆုံးခဲ့ပါတယ်။

ဖြူလုံး
ပုံစာ - NLD သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်
Photo - လူမှုကွန်ရက်