【 ပြည်တွင်း 】 Transporter Bar မှ အော်ဒါတင်ခြင်း၊ ကားငှားရမ်းခြင်းများကို လက်ခံတော့မည်မဟုတ်ဟု Good Choice Myanmar ထုတ်ပြန်

【 ပြည်တွင်း 】 Transporter Bar မှ အော်ဒါတင်ခြင်း၊ ကားငှားရမ်းခြင်းများကို လက်ခံတော့မည်မဟုတ်ဟု Good Choice Myanmar ထုတ်ပြန်

ရန်ကုန်၊ ဧပြီ - ၁

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Transporter Bar မှ အော်ဒါတင်ခြင်း၊ ကားငှားရမ်းခြင်းများကို လိုက်ပါပို့ဆောင်ပေးတော့မည် မဟုတ်ကြောင်း Good Choice Myanmar kilo taxi service မိသားစုက Good Choice Myanmar ဖေ့စ်ဘွတ်ပေ့ချ်မှတစ်ဆင့် အသိပေးထုတ်ပြန်ထားပါတယ်။

မတ်လ ၃၀ ရက်ညပိုင်းက Transporter Bar ရှေ့တွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကြောင့် Transporter Bar မှ အော်ဒါတင်ခြင်း၊ ကားငှားရမ်းခြင်းများကို လိုက်ပါပို့ဆောင်ပေးတော့မည် မဟုတ်ဘူးလို့ ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်တွင် Bar လုံခြုံရေးများက Taxi ကားဆရာကြီးများအား လက်ကိုင်တုတ်များကိုင်ကာ အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းကို ဝန်းရံကားဆရာများနှင့်အတူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရကြောင်း၊ Bar လုံခြုံရေးများက လက်ကိုင်တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ကားမှန်များ ရိုက်ခွဲခြင်းကြောင့် ကားဆရာကြီးများ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုကဲ့သို့ Transporter Bar လုံခြုံရေးများရဲ့ လုပ်ရပ်ကို Good Choice Myanmar kilo taxi service မိသားစုမှ အပြင်းအထန်ရှုတ်ချကြောင်းလည်း ဆက်လက်ဖော်ပြထားပါတယ်။

မတ်လ ၃၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်၍ အမျိုးမျိုးသောပြောဆိုမှုတွေရှိနေသော်လည်း Transporter  Bar ဘက်ကတော့ ယင်းဖြစ်စဉ်နဲ့ပတ်သက်လို့ တစ်စုံတရာ ဖြေရှင်းချက် ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

အောင်အောင်
Photo - လူမှုကွန်ရက်