【 အလှအပနှင့်ကျန်းမာရေး 】လိပ်ခေါင်းရောဂါအကြောင်းသိကောင်းစရာ
လိပ်ခေါင်းရောဂါဟာ စအိုနှင့်အစာဟောင်းအိမ်မှာရှိတဲ့ သွေးပြန်ကြောတွေဖောင်းပြီး သွေးကြောထုံးများဖြစ်ခြင်းကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။
လိပ်ခေါင်းကို အစာဟောင်းအိမ်အတွင်းမှာဖြစ်သော အတွင်းလိပ်ခေါင်း နှင့် စအို တစ်ဝိုက်တွင်ဖြစ်သော အပြင်လိပ်ခေါင်းဟူ၍ နှစ်မျိုးပိုင်းခြားနိုင်ပါတယ်။
လိပ်ခေါင်းရဲ့ရောဂါလက္ခဏာတွေကတော့
၁- စအိုတစ်ဝိုက်တွင် တစ်ဆို့ဆို့ခံစားရခြင်း
၂- စအိုတစ်ဝိုက်နာကျင်ခြင်း၊နေရထိုင်ရခက်ခြင်း
၃- စအိုတစ်ဝိုက်ယားယံမှုခံစားရခြင်း
၄- ဝမ်းသွားချိန်တွင်စအို မှ အလုံးထွက်လာခြင်း၊ သို့မဟုတ် စအိုတွင်အလုံးစမ်းမိခြင်း
၅- ဝမ်းသွားချိန်တွင်သွေးပါခြင်း
၆- ဝမ်းသွားရခက်ခဲခြင်း စတဲ့ရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
လိပ်ခေါင်းရောဂါဖြစ်နိုင်ချေများတဲ့သူတွေကတော့
၁- ဝမ်းချုပ်လေ့ရှိသူများ
၂- ကိုယ်ဝန်ဆောင်မိခင်များ
၃- အဝလွန်သူများ
၄- အမျှင်ဓါတ်ပါဝင်သော ဟင်းသီးဟင်းရွက်များစာသုံးမှုနည်းသူများ
၅- အလေးအပင်မရသူများ
၆- အိမ်သာတွင်အချိန်ကြာမြင့်စွာထိုင်ရသူများ စတဲ့သူတွေမှာအဖြစ်များပါတယ်
လိပ်ခေါင်းရောဂါကိုကုသလို့ရပါသလား?
လိပ်ခေါင်းရောဂါကကုသလို့ရတဲ့ရောဂါဖြစ်ပါတယ်။
လိပ်ခေါင်းရောဂါကို ရောဂါ အခြေအနေပေါ်မူတည်ပြီးသောက်ဆေးဖြင့်ကုသခြင်း၊ Rubber Band Ligation ဟုခေါ်သော သားရေကွင်းပစ်ကုသခြင်း၊လိပ်ခေါင်းကို ဆေးထိုးကုသခြင်း၊ ခွဲစိတ်ကုသခြင်း စသဖြင့်နည်းအမျိုးမျိုးနဲ့ကုသနိုင်ပါတယ်။
လိပ်ခေါင်းရောဂါကိုကုသမှုမခံယူပဲထားပါက နောက်ဆက်တွဲရောဂါလက္ခဏာတွေခံစားရနိုင်ပါတယ်။
လိပ်ခေါင်းရောဂါရဲ့နောက်ဆက်တွဲရောဂါလက္ခဏာတွေကတော့
- လိပ်ခေါင်းမှ သွေးထွက်ခြင်းကြောင့် သွေးအားနည်းခြင်း
- လိပ်ခေါင်းတွင်သွေးခဲခြင်း
- လိပ်ခေါင်းတွင်ရောဂါပိုးဝင်ရောက်ခြင်း
- အတွင်းလိပ်ခေါင်းကအပြင်ကိုကျွံကျချိန်မှာစအိုကြွက်သားများနဲ့ဖိမိပြီးလိပ်ခေါင်းကိုပေးပို့နေတဲ့သွေးကြောပြတ်တောက်မှုကြောင့် အလွန်အမင်းနာကျင်ခြင်း စတဲ့နောက်ဆက်တွဲလက္ခဏာတွေခံစားရနိုင်ပါတယ်။
လိပ်ခေါင်းမဖြစ်အောင်ကာကွယ်ရမယ့်နည်းလမ်းတွေကတော့
၁- အမျှင်ဓါတ်ပါဝင်သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆံများကို စားသုံးပါ။
၂- ရေများများသောက်ပါ။
၃- ကိုယ်လက်လှုပ်ရှားမှုနေ့စဉ်ပြုလုပ်ပါ။
၄- ဝမ်းသွားချင်စိတ်ရှိချိန်တွင် ဝမ်းသွားရန်အောင့်ထားခြင်းမျိုးရှောင်ကြဉ်ပါ။
၅- အချိန်ကြာမြင့်စွာထိုင်ခြင်းကို ရှောင်ပါ။
မိမိမှာလိပ်ခေါင်းရောဂါခံစားနေရတယ်လို့ သံသယရှိပါက တတ်ကျွမ်းနားလည်တဲ့ဆရာဝန်ထံသွားရောက်ပြသပြီး ကုသမှုခံယူဖို့တိုက်တွန်းလိုပါတယ်။
Dr.Phyu
Photo credit- Pharmacy Planet