【 ဆောင်းပါး 】 မြင်မိသမျှ သုံးခွမှသည်…..
ကိုရိုနာဗိုင်းရပ်စ်၏ တီထွင်ထုတ်လုပ်မှုအရ Stay at Home ဆိုတာကြီးနဲ့ နှစ်ပါးသွားရသည်။သို့သော် ကျနော်တို့ရန်ကုန် Stay at Home ဆိုတာက မည်သည့်ထိန်းကျောင်းမှုမျှမရှိ၊မည်သည့်အရေးယူ မှုမျှမပါသည့် Stay at Home မို့ ကိုယ့်သဘောကိုယ်ဆောင် Stay at Homeဟုဆိုမှ ပိုမှန်ပေလိမ့်မည်။
သို့သော်၊ကျနော်က ကိုယ့်အကြောက်တရားနှင့်ကိုယ်Stay at Homeသတ်မှတ်ချက်များကို အမှန်အကန်လိုက်နာသူဖြစ်သည်။ ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်၏နောက်ထပ်တီထွင်ချက် Work from Homeနှင့် ၂၀၂၀ပြည့်နှစ် စက်တင်ဘာကတည်းက ထပ်မံဆုံဆည်းပြန်သဖြင့် ကျနော်၏ ရန်ကုန် Stay at Home သည် တိုက်ခန်းကျဉ်းကျဉ်းထဲတွင် တစ်ကိုယ်တော် သိပ်ကိုပီပြင်လွန်းခဲ့သည်။
လိုအပ်မှ မြေပေါ်ရောက်ရသော လူ့ခန္ဓာသည် တစ်လကျော်ကြာလာတော့ ထိုင်းမှိုင်းလာသည်။ စိတ်ဖိစီးနေသော ၂၀၂၀ရွေးကောက်ပွဲကြီးကလည်းပြီးသွား၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ချက်က မိုးပြိုကျသလို။ပြည်သူမပေးသောအာဏာကို လိုချင်တက်မက်စိတ်ကြီးစွာဖြင့် မျက်စောင်းထိုးရန်ရှာ နေသူတို့ ကြောင့်စိတ်ခံတွင်းပျက်ရသော်ငြား ဘာပဲဖြစ်ဖြစ် တိုင်းပြည်၏အနာဂတ်အတွက် စိတ်တစ်ခြမ်း အေးရသည့် အနိုင်ရရှိမှုမို့ စိတ်လက်ပေါ့ပါးစွာဖြင့် မြို့ တော်ရန်ကုန်ကို စွန့်ကာ မယားချက်မြှုပ်ရာ သုံးခွမြို့သို့ ချီတက်လာ ခဲ့သည်။
သုံးခွသည် ရန်ကုန်တိုင်းထဲက မြို့တစ်မြို့။ရန်ကုန်မြို့ထဲသိမ်ဖြူမှ ၃၄လိုင်းကားစီးလျှင် ၂နာရီဝန်းကျင်ကြာသည်။သို့သော်၊သုံးခွလိုင်းကားဆိုတာက ယာဉ်နောက်လိုက်လည်းရှိ၊ငွေကောက်ခံမှုလည်းရှိ၊ ယာဉ်လုပ်သားတို့စိတ်ကြိုက် မှတ်တိုင်တွင် ခပ်ကြာကြာရပ်ချင်သလိုရပ်တတ်သည့်ဓလေ့လည်းရှိ။ပြောရလျှင် ရန်ကုန်တခွင်ယာဉ်လိုင်းများစွာ ဝိုင်ဘီအက်စ်အဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်သော်လည်း သုံးခွယာဉ်လိုင်းမှာမူ ယနေ့ထိတိုင် မထသမူ၊မထသဟန်အတိုင်း တောင့်ခံနေဆဲဖြစ်သည်။ထို့ကြောင့် လိုင်းကားပေါ်တက်လိုက် သည်နှင့် မင်းတို့လက်ခုပ်ထဲကရေ၊မင်းတို့ကြိုက်သလိုပြုမူ ဟု မထသခေတ် ခရီးသည်စိတ်ဓာတ်ကိုမွေးမြူနိုင်မှ စီးသင့်သည့်ကား။
ကျနော်ကတော့ စိတ်ပျက်လွန်းလို့ မစီးတာတော်တော်ကြာပြီ။ပြီးခဲ့သည့်တစ်နှစ်ကျော်တုန်းက လည်း စိတ်ပျက်လက်ပျက်ဖြင့် မထသစရိုက်အတိုင်း ဘာကိုမှဂရုမစိုက်သော သုံးခွယာဉ်လိုင်းအကြောင်း 7Day Newsသတင်းစာတွင် ရေးခဲ့ဖူးသေးသည်။သို့သော်၊ ‘မင်းတို့ဘာသာ လက်မောင်းကြီးပြုတ်အောင် ရေး ၊ငါ တို့ကတော့အေးဆေးပဲ’ ဟု သဘောထားသည့်ပုံ၊ယနေ့ထိတိုင် မထသစရိုက်မပျက် ။ပြည်သူ ရွေးချယ်ခံ သုံးခွအမတ်ကြီးများကတော့ လိုင်းကားလည်းမစီး၊စာလည်းမဖတ်၊သူတို့နှင့်မဆိုင်ဘူးဟုလည်း သဘောထား ရှိပုံရသည်။အသံတစ်ခွန်းမထွက်။
ထို့ကြောင့် မြန်လည်းမြန်၊စိတ်လည်းချမ်းသာသော စုပေါင်းတက္ကစီသွားစီးသည်။ ရန်ကုန်တက္ကစီ ဂိတ် က မင်္ဂလာတောင်ညွန့်မြို့နယ် အေဘီစီမှတ်တိုင်အနီးတွင်။ရှေ့ခန်းစီးလျှင် ကျပ်၃၀၀၊နောက်ခန်း ၂၅၀၀။ ခရီးသည်၄ ယောက်ပြည့်လျှင် တစ်စီးထွက်။၃ယောက်တည်းနှင့်သွားချင်သပါ့ဆိုလည်း ခရီးသည် ချင်းညှိနှိုင်း ကာ တစ် ယောက်ခ၂၅၀၀ကို၃ယောက် ဝိုင်းစိုက်စနစ်ဖြင့် အိုကေ။သုံးခွတက္ကစီဆရာကြီး များက နှာခေါင်း စည်းလည်း တပ်၊လက်သန့်ဆေးရည်လည်း ဆောင်ထားသဖြင့် စိတ်ချမ်းသာရ။
တစ်နာရီဝန်းကျင်အကြာ သုံးခွသို့ဦးခိုက်မိပြီ။ဘာပဲဖြစ်ဖြစ် လူတရုန်းရုန်းဖြင့် သုံးခွကိုမြင်ရတော့ ရန်ကုန်မှာထိုင်းမှိုင်းခဲ့သမျှ ရေချိုးခေါင်းလျှော်ပြီးစလို လန်းသွားသည်။သုံးခွသည်လည်း ယနေ့ထိတိုင်Stay at Home အကျုံးဝင်ရန်ကုန်တိုင်းထဲကမြို့တစ်မြို့။ပိုးတွေ့လူနာများရှိသော်လည်း နည်းနည်းနှင့် ကျဲကျဲမို့ သိပ်ကြောက်ကြဟန်မတူ။ထို့ကြောင့် လူကြားကောင်းရုံ Stay at Home ထားသောမြို့ဆိုလျှင် လည်းမမှား။ ကြိုက်သလိုသွား၊ကြိုက်သလိုလာ အေးဆေးဆိုသည့်သုံးခွ။သုံးခွတွင် လူစုလူဝေးက ဈေး တစ်နေရာတွင် သာရှိသည်။နှာခေါင်းစည်းတပ်ပြီးမှဈေးထဲဝင်ပါဆိုသည့် ဗီနိုင်းနီနီကြီးကြီးကို ဈေးထိပ်တွင် ကပ်ထားသည်။ ပြီးတော့ ရန်ကုန်လို လိုင်းကားတိုးဝှေ့စီးစရာမလို။ဆိုင်ကယ်ပေါ်တက်ခွလိုက်ရုံဖြင့် မြို့ကျဉ်းကျဉ်းတစ်ပတ် ရောက်ရှိနိုင်သည်။တချို့က ဆိုင်ကယ်စီးလျှင် နှာခေါင်းစည်းကို စနစ်တကျတပ်ဆင်ထားလေ့ရှိပြီး သူတို့ မိတ်ဆွေချင်းစကားပြောသည့်အခါ နှာခေါင်းစည်းမေးစေ့သိုင်းလိုက်သည်ကို လည်း တွေ့ရသည်။ကျနော်က လွတ်လပ်မှုအရသာ ပြည့်ဝလွန်းလှသောဆိုင်ကယ်စီးခြင်းအရသာကို ကြိုက်လှသည်။
ယခုဆို Work from Homeဘဝဖြင့် ကျနော် သုံးခွရောက်နေသည်မှာ ၂လပြည့်တော့မည်။ အိမ်ထောင်သက်၁၄နှစ်ကျော် တစ်လျှောက် တစ်လပြည့်အောင်ပင် မိသားစုနှင့်အတူ သုံးခွတွင် မနေခဲ့ဖူး။ယခု တော့ သုံးခွကို နည်းနည်းကြာ ပြီမို့ နည်းနည်း ပိုသိလာပြီဟုဆိုနိုင်သည်။
ပထမဆုံး သတိပြုမိသော အသိက ‘ဒီနေ့ဘာကောင်းလဲ’နှင့် ‘ဒီနေ့ဘာထွက်သလဲ’ဆိုသည့် စ ကားနှစ်ခွန်းဖြစ်သည်။ကျနော်နှင့်အင်မတန်ဝေးလှသောစကားနှစ်ခွန်းမို့ နားမလည်။ကြားရဖန်များ လာသဖြင့် မိန်းမကိုမေးကြည့်တော့ ‘ရှင်က စာရေးတယ်ဆိုပြီးအဲလောက်တောင်မသိဘူးလား။ဒီနေ့ဘာ ကောင်းလဲဆိုတာ ဒီနေ့နှစ်လုံးဂဏန်းဘာထိုးရရင်ကောင်းမလဲမေးတာ။ဘာထွက်လဲဆိုတာက ဒီနေ့ ထွက် တဲ့နှစ်လုံးဂဏန်းကိုမေးတာ’ဟု ငေါက်လည်းငေါက် ရှင်းလည်းရှင်းမှ နားလည်တော့သည်။
‘ဟ၊သုံးခွမှာ ဒီလိုလောင်းကစားတွေရှိတုန်းပဲလား။’
‘ဘယ်လောက်များများ ရှိလဲတော့ကျမလည်းမသိဘူး။ထိုးတဲ့လူကတော့ထိုးနေကြတာပဲ။’
ဒါ့ထက်ပိုအသေးစိတ်သိချင်သဖြင့် သုံးခွစာပေရပ်ဝန်းက အစ်ကိုတော်ကဗျာဆရာများကို မေးကြည့်တော့ ‘အရင်တုန်းကလို အိမ်ထဲမှာစတိုင်အပြည့်နဲ့ တရားဝင်ရောင်းနေသလိုမျိုးတော့မရှိတော့ဘူး။ အရက်ပုန်းဆိုင်တွေလို သိသာသိစေ၊မမြင်စေနဲ့ပေါ့ဗျာ။အာဏာပိုင်တွေကို မမြင်ချင်ယောင်ဆောင်ခတွေ ဘာတွေတော့ပေးရမှာပေါ့။တခြားမြို့တွေလိုပါပဲ။ဒီမှာလည်း သူ့နည်းသူ့ဟန်နဲ့ရှိနေတုန်းပဲ။’အစ်ကိုတော် ကဗျာဆရာတစ်ဦးကရှင်းပြသည်။
ဟုတ်တော့ဟုတ်သည်။ကျနော့်ဇာတိမြေ ဘီလူးကျွန်းတွင်လည်း စစ်အစိုးရလက်ထက်တုန်းက မော်လမြိုင်သွားမည့်သင်္ဘောဆိပ်တွင် နှစ်လုံး၊သုံးလုံးလောင်းကစားကို တရားဝင်သဖွယ်ခုံခင်းလက်ခံနေသော်လည်း ယခုအခါတွင်မူ မရှိ။သို့သော်၊အာဏာပိုင်များကို မမြင်ချင်ယောင်ဆောင်ခ လိုင်းကြေးပေးကာ ခပ်လျှိုလျှိုရပ်တည်နေသော ဒိုင်များမှာ မနည်းလှ။ထိုးသားဈေးကွက်ရှိလို့ ဒိုင်ရှိနေခြင်းလား။ ဒိုင်ရှိလို့ ထိုးသူများရှိနေခြင်းလားတော့မသိ။
သုံးခွတွင် ကျနော့်မျက်စိရှေ့ နှစ်လုံးလောင်းကစားဘာသာစကားကို ပြောနေဆိုနေကြသူများမှာ တစ်နေကုန်ကိုယ်ကာယအားဖြင့် နင်လားငါလားရုန်းနိုင်မှ ထမင်းနပ်မှန်သူများဖြစ်သည်။
‘ကျမတို့မှာ ငွေလုံးခနဲနည်းနည်းရမယ့်နေရာက နှစ်လုံးပဲရှိတာလေ။အဲဒါကြောင့် ထိုးရတာ။ ဒါ တောင် အလုပ်မရှိတဲ့နေ့ မထိုးနိုင်ဘူး။’ဟု ကျနော်စပ်စုသမျှဖြေကြားနေသူမှာ အတည်တကျအလုပ်အ ကိုင် မရှိသူ အိမ်ထောင်ရှင်မတစ်ဦးဖြစ်သည်။ကျနော်က သူတို့ချွေးဒီးဒီးကျပြီးမှ ရသည့်ငွေ လောင်းကစားနွံထဲကျပျောက်သွားခြင်းကိုမလိုလား။သို့သော်၊ကျနော်သည် စာရေးသူတစ်ဦးမို့ ဘာမှမတတ်နိုင်။ ထားတော့။
သုံးခွတွင် နောက်ထပ်သတိပြုမိသည့်အရာမှာ ကြုံသလိုလွှင့်ပစ်ထားကြသော နှာခေါင်းစည်းများ ဖြစ်သည်။အထည်ချုပ်ဖယ်ရီကားပေါ်မှ လမ်းမပေါ် ပက်ခနဲလွှင့်ပစ်လိုက်သော နှာခေါင်းစည်းနှစ်ခုကို မြင်ခဲ့ဖူးသည်။ကားလမ်းမနံဘေး ဖုန်မှုန့်များကြား လူးလိမ့်နေသောနှာခေါင်းစည်းများစွာ။သုံးခွမြို့ ပန်းခြံကန်ဘောင်ပေါ်သည်လည်း နှာခေါင်းစည်းနှင့်မကင်း။
တစ်ရက်၊သုံးခွကျေးလက်က သုံးခွရေတံခါးသို့သွား။ စိုက်ထားသောပဲတီစိမ်းများဖြင့် မျက်စိတဆုံး အစိမ်းရောင်တောက် နေသောရှုမျှော်ခင်း ကြီးကိုအရသာခံလိုသဖြင့် အပြန်ခရီးတွင် ဆိုင်ကယ်တစ်စီးစာ လယ်ကန်သင်းရိုးမှဖြတ်တော့လည်း အနီးကပ်မြင်ကွင်း၌ စွန့်ထားသော နှာခေါင်းစည်း ဟိုတစ်စဒီတစ်စ။
ပြီးခဲ့သည့်ဇန်နဝါရီ၄ရက်နေ့၊ အလုပ်ပိတ်ရက်တွင် မရောက်ဖူးသေးသော( သုံးခွကိုမဖြတ်ဘဲ ဖောက်ထားသည့်) သန်လျင်-ခရမ်းမြို့ ရှောင်လမ်းကို ရောက်ဖူးချင်တာရော ကျေးလက်အလှနှင့် အစိမ်းရောင်လယ်ကွင်းများကို အရသာခံချင်တာကြောင့်ပါ ဆိုင်ကယ်ဖြင့် ချီတက်ခဲ့သည်။
သုံးခွမှနေ၍ ထိုမြို့ရှောင်လမ်း၏အစ သန်လျင်အပိုင် သူဌေးကွင်းရွာသို့ရောက်ရန်ပင် ဆိုင်ကယ်ပုံ မှန်မောင်းလျှင် နာရီဝက်ခန့်။သူဌေးကွင်းမှသည် ကျေးလက်များကိုဖြတ်ကာ ခရမ်းမြို့ပေါ်။ခရမ်းမှသည် ပုံမှန်လမ်းကြောင်းအတိုင်းသုံးခွမြို့သို့၊စုစုပေါင်းကြာချိန် တစ်နာရီခွဲမက။လမ်းတစ်လျှောက် ရွာတွင်းနှင့် ရွာ ဝန်းကျင်ကားလမ်းမနံဘေးတွင် ရွာကြီးလျှင်ကြီးသလို စွန့်ပစ်ထားသော နှာခေါင်းစည်းများစွာကို ထပ်မြင်ရပြန်သည်။
ထိုသို့သောမြင်ကွင်းမှာ သုံးခွနှင့်သန်လျင်တင်ပဲလားဆိုတော့မဟုတ်။ ဝက်လက်မြို့ကမိတ်ဆွေထံ ဖုန်းဆက်မေးကြည့်တော့ သူတို့ဆီမှာလည်း လမ်းဘေးဝဲယာကြုံသလိုစွန့်ထားသော နှာခေါင်းစည်းများစွာ။ မုံရွာနှင့်ကလေးမြို့ကို ပုံမှန်ပြေးလွှားနေသော မိတ်ဆွေလေးထင်အောင်ထံ ဖုန်းဆက်မေးကြည့်တော့လည်း မုံရွာရောကလေးတွင်ပါ သုံးခွလိုသန်လျင်လိုဝက်လက်လို။ဆိုတော့ နယ်မြို့များစွာ၏လမ်းမများ ဘေးသည် နှာခေါင်စည်းများဖြင့် ဖြစ်ချင်တိုင်းဖြစ်နေသည့်သဘော။ အကယ်၍ ကိုဗစ်ကာလကြီး ပြီးပြီဟေ့ဆို ကျနော်တို့ တစ်နိုင်ငံလုံး နှာခေါင်းစည်းကောက်ပွဲတော် ကျင်းပရမည့်အခြေအနေမျိုး။
သုံးခွတွင် နောက်ထပ်သတိပြုမိသည်မှာ လယ်မြေများပေါ် စီးပွားရေးလုပ်ငန်းအဆောက်အဦများ ထွက်ပေါ်လာခြင်းဖြစ်သည်။သုံးခွမြို့၏အဓိကထွက်ပေါက်များဖြစ်သော သန်လျင်ဘက်အထွက်၊ခရမ်းဘက် အထွက်နှင့်တံတားမြို့ဘက်အထွက် မြို့(သို့မဟုတ်)ရွာနှင့်ဆက်လျက်လယ်မြေများတွင် စီးပွားရေးအဆောက်အဦများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်တစ်နှစ်၊၂နှစ်က စပါးစိုက်ပဲစိုက်လယ်ကွင်းများမှာ ယခုတော့ စက်သုံးဆီဆိုင်ကြီးဖြစ်လို ဖြစ်၊ဂိုထောင်ကြီးများဖြစ်လိုဖြစ်ဖြင့် စီးပွားရေးသမားများက သူတို့၏အင်ပါယာကို ချဲ့ထွင်ခဲ့ကြသည်မှာသုံးခွ တင်မက သန်လျင်မြို့နယ်ထဲတွင်လည်း မြင်နေရပြီး လက်ရှိဒီ ချုပ်အစိုးရလက်ထက်၌ပင်ဖြစ်သည်။
လယ်ယာမြေအခြားသုံးစွဲခွင့်မှာ ဘာ့ကြောင့်ယခုလောက်လွယ်ကူနေရသနည်း။အမှန်တကယ် ရောအခြားသုံးစွဲခွင့်ရရှိပြီးပြီလား။ထိုသို့မဟုတ်၊အာဏာပိုင်များနှင့်လက်ဝါးချင်းရိုက်ကာ ထင်ရာစိုင်းခွင့် ပါမစ် ရရှိခဲ့လေခြင်းလား။ကျွန်ုပ်တို့၏အမတ်မင်းများကရော ဘာ့ကြောင့် မမြင်ကြ မပြောကြလေသနည်း။
ပြီးပြီးသားကိစ္စများကိုထား။လူနေအိမ်များဖြင့် အခြေကျနေပြီးသားကိုထား၊လတ်တလော တစ်နှစ်၊ ၂နှစ်ဝန်းကျင် ထင်သလိုနယ်ချဲ့နေသော စီးပွားရေးလုပ်ငန်းများမှာ အာဏာပိုင်များနှင့်ပေါင်းကာ ထင်သလို နယ်ချဲ့နေခြင်းဟုတ်၊မဟုတ် အစိုးရစိစစ်ကိုင်တွယ်ရန် လိုအပ်ပြီဖြစ်သည်။သို့မှသာ နာမည်ကျော်အဂတိ လိုက်စားမှုကိုလည်း တိုက်ဖျက်ပြီးသား၊အနာဂတ်ဖြစ်နိုင်ခြေ နယ်ချဲ့များကို ကြိုတင် ဟန့်တားပြီးဖြစ်ပေမည်။
ဒီလိုသာ လယ်မြေများပေါ် စီးပွားရေးလုပ်ငန်းများရောက်ချင်သလို ရောက်ခွင့်ပြုသော် လာမည့်နှစ် ၂၀တွင် မြန်မာနိုင်ငံ၌ စိုက်စရာလယ်မြေ ရာခိုင်နှုန်းများစွာ လျော့ပါးသွားလေမည်နည်း။ယင်းမှာ သုံးခွ တစ်မြို့တည်းတွင်မဟုတ်။နှာခေါင်းစည်းကဲ့သို့ပင်နယ် မြို့များစွာတွင်ဖြစ်ပျက်နေသော အရေးကြီးပြဿနာဖြစ်သည်။
လင်းဆက်ငြိမ်းချမ်း
( Zawgyi )