【ဆောင်းပါး 】လှပသာယာသော တိဘက်၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးသော တိဘက်

【ဆောင်းပါး 】လှပသာယာသော တိဘက်၊ တည်ငြိမ်အေးချမ်းဖွံ့ဖြိုးသော တိဘက်

တရုတ်နိုင်ငံဟု ပြောလိုက်သည်နှင့် ကျွန်မ သွားလည်ချင်မိသည့် ဒေသတစ်ခု ရှိသည်။

ထိုဒေသရှိ လူမျိုးများသည် ကျွန်မတို့မြန်မာနိုင်ငံတွင်လည်း ရှိသည်။ ထိုလူမျိုးများသည် တိဘက် လူမျိုးများပင် ဖြစ်သည်။

ကျွန်မက တိဘက်ဒေသကို ရက် ၂၀ ကြာ ခရီးသွားဖူးသည်။ နှစ်တွေ ဘယ်လောက်ပင် ကြာကြာ တိဘက်ဒေသ၏ သာယာလှပမှု၊ အေးချမ်းမှု၊ တိဘက်လူမျိုးများ၏ ချစ်စဖွယ်ကောင်းမှုများကို အမြဲပင် သတိရမိသည်။ တိဘက်သည် လောက၏ နတ်ဗိမာန်ဘုံတစ်ခုလို သာယာအေးချမ်းသည်ဟု ကျွန်မ မြင်မိသည်။ မြင်ကွင်းတိုင်း တောင်တွေ၊ တိမ်တွေနှင့် သဘာဝ ဆန်ဆန်လှပမှုကို တိဘက် ဒေသတွင်သာ မြင်နိုင်သည်မို့ တိဘက်ဒေသကိုတော့ ကျွန်မက အထူးပင် စိတ်ဝင်စားမိသည်။

ပြီးခဲ့သည့် လကပင် တိဘက်လူမျိုးများ၏ ရှီးဇန့်နှစ်သစ်ကူးကို ပျော်ရွှင်စွာဆင်နွှဲနေကြသည့် Video ဖိုင်တစ်ခု ကြည့်လိုက်ရသည်။ နိုင်ငံတစ်ဝန်းမှ တိဘက်လူမျိုးများ လှပသည့် ပွဲလမ်းသဘင် ဝတ်စုံများ ဝတ်ဆင်ကြပြီး နှစ်သစ်ကူးကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနေကြသည်ကို ကြည့်ရသည့်မှာ ကြည်နူးစရာပင် ဖြစ်သည်။ ထိုနှစ်သစ်ကူးပွဲတွင် တိဘက်လူမျိုးများ၏ ဓလေ့ထုံးစံအတိုင်း ရေကို သယ်ယူခြင်း၊ စားကောင်း သောက်ဖွယ်များမြည်းစမ်းခြင်းတို့ဖြင့် နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆို ခဲ့ကြသည်ကို တွေ့ရသည်။

ကျွန်မကိုယ်တိုင် တိဘက်ဒေသကို ရောက်တုန်းကလည်း တိဘက်လူမျိုးများ၏ အကအလှ များကို မြင်ခဲ့ရဖူးသည်။ ကျွန်မကိုယ်တိုင်ပင် တိဘက်လူမျိုးများ၏ အကဝိုင်းတွင် ဝင်ကခဲ့ဖူးသည်။ တိဘက်လူမျိုးများ၏ အကသည် စည်းလုံးမှု၊ ညီညွတ်မှု၊ သာတူညီမျှရှိမှုတို့ကို ဖော်ဆောင်ပြီး အမျိုး သား၊ အမျိုးသမီး၊ သက်ကြီး၊ သက်ငယ်၊ သက်လတ်၊ အားလုံး စုပေါင်း ကခုန်ကြရသည်။ တိဘက်ဒေသ သာယာအေးချမ်းတည်ငြိမ်သည်နှင့်အမျှ တိဘက်လူမျိုးများ၏ လူမှုဘဝများ ဘက်စုံဖွံ့ဖြိုး လာသည်ကို အကဝိုင်းမှာပင် ထိတွေ့မြင်ခဲ့ ရသည်။

          တိဘက်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု

တိဘက်ဒေသသည် တရုတ်ပြည်မကြီးနှင့် နယ်မြေဝေးကွာလွန်းသည့် အနေအထားမျိုးတွင် ရှိသည့် ဒေသတစ်ခုဖြစ်သော်လည်း တရုတ်နိုင်ငံရှိ တခြားသော ဒေသများနည်းတူ ဖွံ့ဖြိုးမှု အသီး အပွင့်များ ခံစားနေရသည်ကို တွေ့ရသည်။ စီးပွားရေးဖွံ့ဖြိုးမှုတွင်လည်း ၂၀၂၄ ခုနှစ်တွင် တိဘက် ဒေသအတွင်း GDP တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းနှင့် စုစုပေါင်း ပုံသေ ရင်းနှီးမြှုပ်နှံမှု တိုးတက်မှု ၁၃ ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားသည်။ ထို့ပြင် ယခုနှစ်တွင် မြို့ပြတွင် နေထိုင်သူများ၏ ၀င်ငွေ တိုးနှုန်းသည် စီးပွားရေး တိုးတက်မှုနှင့် လိုက်လျောညီထွေရှိမည်ဖြစ်ပြီး ကျေးလက်နေသူများ၏ ၀င်ငွေသည် မြို့ပြနေသူများထက် ပိုမိုလျင်မြန်စွာ တိုးလာမည်ဟု သုံးသပ်သူများက ဆိုသည်။

တိဘက်ဒေသ၏စားသုံးသူ အညွှန်းကိန်းသည် ၃ ရာခိုင်နှုန်းအောက်သာရှိမည်ဖြစ်ပြီး စစ်တမ်း ကောက်ယူထားသည့် မြို့ပြများတွင် အလုပ်လက်မဲ့နှုန်းမှာ ၅ ရာခိုင်နှုန်းအောက်သာရှိမည်ဟု ခန့်မှန်းချက်များတွင် တွေ့ရသည်။ မကြာခင်က ကျင်းပခဲ့သည့် ပြည်သူ့ကွန်ကရက် နှစ်ပတ်လည် အစည်းအဝေးတွင်လည်း အစိုးရ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ တင်သွင်းရာတွင် ၂၀၂၃ ခုနှစ်အတွင်း ဒေသတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်လာခဲ့ပြီး ဒေသ၏ အဓိက စီးပွားရေး ညွှန်းကိန်းများ တိုး တက်မှုနှုန်းရှိသည်ဟု တင်ပြခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း တိဘက်ဒေသ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို ကြည့်မည်ဆိုလျှင် ဒေသ၏ပြည်တွင်းအသားတင်ထုတ်လုပ်မှုသည် ယွမ် ၂၃၀ ဘီလီယံ (ဒေါ်လာ ၃၂.၂ ဘီလီ ယံ) ကျော်ရှိမည်ဟု ခန့်မှန်းထားပြီး နှစ်စဉ်တိုးတက်မှုနှုန်းမှာ ၉ ရာခိုင်နှုန်းခန့်ရှိပြီး တစ်ဦးချင်း GDP မှာ ယွမ် ၆၀၀၀၀ နီးပါးရှိခဲ့သည်။ မြို့ပြနေထိုင်သူများ၏ တစ်ဦးချင်း ဝင်ငွေသည် ယွမ် ၅၀၀၀၀ ကျော်ရှိပြီး တိုးနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့သည်ကို တွေ့ရသည်။ ကျေးလက်နေပြည်သူများ၏ တစ်ဦးချင်း ဝင်ငွေသည် ယွမ် ၂၀၀၀၀ ကျော်လွန်ကာ တစ်နှစ်ထက်တစ်နှစ် ၁၀ ရာခိုင်နှုန်း တိုးလာခဲ့သည်။

တိဘက်ဒေသသည် လွန်ခဲ့သည့်နှစ်များအတွင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ရေးကို ဦးစားပေးအဖြစ် အားတက်သရော လုပ်ဆောင်ခဲ့သည့်အတွက် တိဘက်ဒေသတွင် နေထိုင်သူ များ ဝင်ငွေရရှိအောင် ကူညီရန် အဓိကလုပ်ဆောင်မှု ၁၆ ခုကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့သည်။ ယင်းကြောင့် ကျေးလက်ဒေသခံ ၆၄၀,၀၀၀ ကျော်ကို အလုပ်အကိုင် မျိုးစုံ ပေးနိုင်ခဲ့ပြီး လစာအဖြစ် ယွမ်ငွေ ၆ ဒသမ ၅ ဘီလီယံကျော် ပေးချေနိုင်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွက် အစိုးရ၏ ရည်မှန်းချက်မှာ ထိရောက်သော ရင်းနှီးမြှုပ်နှံမှုများကို ဆက်လက်တိုးချဲ့ပြီး စီမံကိန်းလုပ်ငန်းများကို စဉ်ဆက်မပြတ် မြှင့်တင်သွားရန်ပင် ဖြစ်သည်။ တိဘက်ဒေသမှ လုပ်ငန်းရှင်တစ်ဦးက အစိုးရချမှတ်ပေးသော မူဝါဒများစွာသည် အကျိုးခံစားရသည်ဟု ဆိုသည်။

ပြီးခဲ့သည့်နှစ်က တရုတ်ကွန်မြူနစ်ပါတီမှ ထုတ်ပြန်ခဲ့သည့် တိဘက် စီမံခန့်ခွဲရေး လက်တွေ့ ဆောင် ရွက်မှုများနှင့် သမိုင်းဝင် အောင်မြင်မှုများ စက္ကဖြူစာတမ်းကို ကြည့်မည်ဆိုလျှင် ယင်းစက္ကူဖြူ စာတမ်းတွင် တိဘက်ဒေသတွင် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ်သစ်များ ဘက်စုံ အကောင်အ ထည်ဖော်ဆောင်ခြင်း၊ စိတ်ပိုင်းယဉ်ကျေးမှု တည်ဆောက်ရေးတွင် အကျိုးသက်ရောက်မှုများ ထင်ရှားစွာ ရရှိခဲ့ခြင်း၊ တိုင်းရင်းသား ဘာသာရေး လုပ်ငန်းများကို ထိရောက်စွာ တွန်းအားပေးခြင်း၊ လူမှုရေး အခြေအနေ ဆက်တိုက် ကောင်းမွန် တည်ငြိမ်လာခြင်း၊ ဂေဟစနစ် လုံခြုံမှု ဆက်တိုက် ခိုင်ခံ့လာခြင်း၊ ဒီမိုကရေစီ ဥပဒေ စိုးမိုးရေး ဆက်တိုက်တိုးမြင့်လာခြင်း အပါအဝင် တိဘက်ပြည်သူ လူထုများ၏ စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်မှု၊ လုပ်ငန်း နယ်ပယ်အသီးသီးတွင် ကဏ္ဍစုံ ဖွံ့ဖြိုး တိုးတက်မှုများနှင့် သမိုင်းဝင် အောင်မြင်မှုများကို တွေ့ရသည်။ ပြီးခဲ့သည့် လေးနှစ် တိဘက်ဒေသကို ကျွန်မ ရောက်ခဲ့စဉ်ကပင် တိဘက်တွင် ရွာတစ်ရွာ လေယာဉ်ကွင်းတစ်ကွင်း ရှိနေပြီဖြစ် သည်။ တိဘက်သည် ထိုစဉ်ကတည်းက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုလမ်းဆီ ဦးတည်ချီတက်နေသည်ကို မြင်ခဲ့ရသည်။

          ဘာသာတရားနှင့် ရိုးရာယဉ်ကျေးမှု ထွန်းကာရာ တိဘက်

ထို့ပြင် ကျွန်မ သွားလာလည်ပတ်ခွင့်ရခဲ့သည့် တိဘက်တွင် ဗုဒ္ဓဘာသာဆိုင်ရာ ဘာသာရေးကိုးကွယ် ယုံကြည်မှု လွတ်လပ်စွာ ရှိသည်ကိုလည်း တွေ့ရသည်။ ဗုဒ္ဓဘာသာသည် ရာစုနှစ်များစွာကတည်းက တိဘက် ယဉ်ကျေးမှု၏ အဓိကအချက်တစ်ချက်ဖြစ်ပြီး တိဘက်လူမျိုးများ၏ နေ့စဉ်ဘဝတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်နေသည်။ တိဘက်ဒေသတွင် ဘုန်းတော်ကြီး ကျောင်းများသည် ဗုဒ္ဓတရားတော်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပြန့်ပွားရေးတွင် အရေးပါ သော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ တရုတ်အစိုးရ ၏ တိဘက်ဒေသဆိုင်ရာ မူဝါဒများသည် တိဘက်လူမျိုးစုတိုင်းရင်းသားများ၏ တည်ငြိမ်ရေး၊ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ယဉ်ကျေးမှု ထွန်းကားရေးတို့အတွက် ဦးတည်လုပ်ဆောင်ခဲ့သည်။

ကျွန်မကတော့ တိဘက်ဒေသတွင် ရိုးရာဝတ်စုံကို ဂုဏ်ယူစွာ ဝတ်ဆင်လေ့ရှိကြသည့် တိဘက်လူမျိုးများကို ကြည့်ပြီးလွန်စွာ သဘောကျမိသည်။ ယခုခေတ် တိဘက်လူမျိုးရိုးရာ ဝတ်စုံများက လွယ်ကူရိုးရှင်းပြီး ထသွားထလာဝတ်ဆင်လို့ရသလို အခမ်းအနားတွေအတွက်လည်း သင့်တော် သည်ဟု ထင်မိသည်။ လှပပြီး ဆွဲဆောင်မှုရှိသည့် တိဘက်လူမျိုးရိုးရာဝတ်စုံကို ကျွန်မ အတော်သဘောကျသည်။ တိဘက်ဒေသကို ရောက်ခိုက် တိဘက်လူမျိုး ဝတ်စုံကိုလည်း ကျွန်မက ကံကောင်းစွာ ဝတ်ဆင်ခွင့် ရခဲ့သေးသည်။ တိဘက်ဒေသ အစားအစာများကိုလည်း မြည်းစမ်းခွင့် ရခဲ့သေးသည်။

          သဘာဝရှုခင်းသာယာလှပသည့်တိဘက်

တိဘက်ဒေသတွင် ရေခဲမြစ်၊ ရေကန်နှင့် မြက်ခင်းပြင်များက ပန်းချီကားချပ်သဖွယ် လှပသည့် ရှုခင်းများအဖြစ် ဖြစ်တည်နေသည်။ ယခုနှစ်ပိုင်းတွင် လမ်းပန်းဆက်သွယ်ရေးများ ပိုမို ကောင်းမွန် တိုးတက် လာသည်နှင့်အမျှ ခရီးသွားဧည့်သည်အများအပြား တိဘက်ဒေသကို လာရောက်ကြပြီး ခမ်းနားလှပသည့် ရှုခင်းများကို ကိုယ်တွေ့ရှုမြင်ခံစားကြသည်။ ကျွန်မသွားရောက်ခဲ့သည့် တိဘက် ဒေသတွင်ဆိုလျှင် အပန်းဖြေ စီမံကိန်းတစ်ခုရှိသည်။ ရာသီချိန်တွင် အပန်းဖြေခရီးသွားများ လာရောက်မှုကြောင့် သူတို့တစ်ရွာလုံး ဆင်းရဲမှု ပပျောက်သွားပြီဟု သိရသည်။ မူလက သူတို့ ရွှေ့ ပြောင်း နေထိုင်ကြသည်။ ယခုတော့ ရွှေ့ပြောင်းမနေထိုင် ကြတော့ဘဲ ရွာမှာပင် တစ်စုတစ်စည်းတည်းနေထိုင်ပြီး စီးပွားရေး လုပ်ငန်းကို ပူးပေါင်းလုပ်ဆောင်လာကြသည်ဟု ဆိုသည်။
တိဘက်ဒေသတွင် နေရာတိုင်းတွေ့ရသည်က တိဘက်ဒေသ နွားနောက်ကြီးများပင် ဖြစ်သည်။ တိ ဘက်ဒေသ နွားနောက်ကြီးများကို ဒေသအခေါ်အရ yak ဟုခေါ်သည်။ နေရာတိုင်းတွင် နွားနောက်များ မွေး မြူကြသည်။ နွားနောက်မွေးမြူရင်း ဒေသခံပြည်သူများ၏ ဝင်ငွေတိုးလာသည်ဟု သိရသည်။ နွားနောက်အသားက တိဘက်ဒေသ၏ အမှတ်အသား ထုတ်ကုန်ဖြစ်လာသည်။ တိဘက် ဒေသတွင် Big Data စင်တာ တည်ဆောက်ထားပြီး ဒစ်ဂျစ်တယ် စွမ်းရည်ဖြင့် ဒေသခံ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီအသွင်ကူးပြောင်းပြီး ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်‌ရေး၊ ဒေသခံ နွားကျောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ၏ ဝင်ငွေတိုးမြှင့်လာရေးတို့ကို လုပ်ဆောင်ပေးထားသည်။ နွားနောက်တစ်ကောင်၏ ဈေးနှုန်းကို ကျွန်မ မေးကြည့်ဖူးသည်။ မြန်မာငွေ သိန်း သုံးဆယ်လောက် အသာလေးရသည်။ အိမ်တိုင်းအိမ်တိုင်း နွားနောက်သုံးကောင်လောက် အနည်းဆုံး ပိုင်ကြသည်။ ဒီတော့ ကျွန်မက တိဘက်ဒေသခံများကို သူဌေးလို့ ခေါ်သည့်အခါ သူတို့က ပျော်ရွှင်စွာ ရယ်မောကြသည်။ မဌေးပါဘူးဟုလည်း ချစ်စဖွယ်ကောင်းစွာ ပြန်ပြီး ပြုံးတုံ့တုံ့ ပြောကြသေးသည်။ ပိုက်ဆံမချမ်းသာပါဘူးဟုပြောသည့် တိဘက်ဒေသခံအိမ်သည်ပင် ဆိုဖာ ဆက်တီအပြည့်နှင့် အအေးဒဏ် ခံနိုင်အောင်ဆောက်ထားသည့် တိုက်အိမ်ဝင်းဖြစ်နေသည်။
တိဘက်ဒေသတွင် ထူးထူးဆန်းဆန်း တွေ့ရသည်က လှပသည့် သဘာဝရှုခင်းပင်ဖြစ်သည်။ တိဘက်ဒေသတွင် အာရှ၏ အမြင့်ဆုံး သစ်ပင်လည်းရှိသည်။ ပန်းချီကားလိုလှပသော ဆီးနှင်း ရှုခင်းလည်း တိဘက်တွင်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်ထက် အလွန်မြင့်မားသောကြောင့် တိဘက် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် အောက်တိုဘာလ လကုန်ပိုင်း၌ နှင်းကျလေ့ ရှိသည်။ တိဘက်ဒေသတွင် တောင်တန်းများ များပြားလှသည့်အတွက် နှင်းတောင်နှင့် နှင်းကျပုံတို့သည် ပန်းချီကားလို လှပနေသည်။ မှော်ဆန်သော သဘာဝအလှတရားကို တိဘက်တွင်သာ တွေ့ရမည်ဖြစ်သည်။

တိဘက်ဒေသကို "ကမ္ဘာ့ခေါင်မိုး၏ ခေါင်မိုး" ဟုခေါ်ကြသည်။ ကမ္ဘာတွင် "ထောင်နှင့်ချီသော တောင် ရှိရာနေရာ၊ သောင်းနှင့်ချီသောမြစ်များ မြစ်ဖြားခံရာနေရာ" ဖြစ်သည့်အတွက် တိဘက်ဒေသ၏ သဘာဝအလှအပသည် ကျော်ကြားလှပါသည်။ ကျွန်မကတော့ လူစည်ကားသောမြို့ပြထက် သဘာဝအလှ ရှုခင်းများကို ခံစားနိုင်သည့် စိတ်အေးချမ်းပျော်ရွှင်မှုကို ပေးစွမ်းနိုင်သည့် တိဘက်ဒေသကို သဘောကျသည်။ နှစ်ခြိုက် မိသည်။ နောက်တစ်ခါ ထပ်မံလည်ပတ်ခွင့်ရလျှင် တိဘက်ဒေသကို ထပ်မံ လည်ပတ်ချင်သည်။

သမ္မတ ရှီကျင့်ဖျင့်က ၂၀၂၃ ခုနှစ် တရုတ်တိဘက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ပြည်သူများ၏ ချမ်းသာသုခသည် အကြီးဆုံးသော လူ့အခွင့်အရေးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူများ၏ ချမ်းသာသုခကို ဖော်ဆောင်ရန် သော့ချက်ဖြစ်ကြောင်း ဖေါ်ပြခဲ့သည်။ တိဘက်ဒေသသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးကို တွန်းအားပေးသော လမ်းသစ်တွင် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအခေါ် သစ်ဖြင့် ဖွံ့ဖြိုးတိုးတက်မှု ပိုမိုလျင်မြန်စွာ တိုးမြှင့်လာခဲ့ပြီဖြစ်သည်။ စည်းလုံးညီညွတ်ပြီး ချမ်းသာသော၊ ယဉ်ကျေးပြီး သင့်မြတ်သာယာသော ဆိုရှယ်လစ် ခေတ်မီ တိဘက်ဒေသသစ်ကို ကြိုးပမ်းအားထုတ် ထူထောင်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် တိဘက်ပြည်သူများအားလုံး ပိုမိုချမ်းမြေ့သာယာသောဘဝများ ရရှိနေကြသည်မှာ ဝမ်းသာကြည်နူးစရာဟုပင် ဆိုချင်မိသည်။

စုသက်မှူး(မရမ်းကုန်း)