【 ဆောင်းပါး 】မြန်မာ့စျေးကွက်ထဲ အခိုင်အမာနေရာရလာသည့် တရုတ်ထုတ်မော်တော်ယာဉ်များ

【 ဆောင်းပါး 】မြန်မာ့စျေးကွက်ထဲ အခိုင်အမာနေရာရလာသည့် တရုတ်ထုတ်မော်တော်ယာဉ်များ

မြန်မာနိုင်ငံ၏ မော်တော်ယာဉ်စျေးကွက်အတွင်း ကမ္ဘာ့နိုင်ငံအများအပြားမှ ထုတ်လုပ်ထားသော မော်တော်ယာဉ်များကို သုံးစွဲလျက်ရှိသည်။ အထူးသဖြင့် ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်များပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မော်တော်ယာဉ် သုံးစွဲမှု သမိုင်းကို ပြန်ကြည့်ပါက ဂျပန်ထုတ်ယာဉ်များကို သုံးစွဲမှုများပြားခြင်းမှာလည်း ကမ္ဘာစစ်ကာလအတွင်းက ကျန်ခဲ့သည့် ယာဉ်များကို ပြုပြင်သုံးစွဲမှုများအပြင် ဂျပန်မှပေးသည့် စစ်လျော်ကြေးတွင် ပါဝင်လာသော ယာဉ်များမှ အစပြုကာ ကာလကြာမြင့်လာသည်နှင့်အမျှ သုံးစွဲသူများအပေါ် နှစ်သက်စေသည့် လွှမ်းမိုးမှုများဖြစ်လာစေခဲ့သည်။

ထိုကမ္ဘာစစ်ကာလက ကျန်ခဲ့သည့် အင်္ဂလန်၊ အမေရိကန် အပါအဝင်နိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သည့် ယာဉ်များက နှစ်သက်သူများခဲ့သည်။ စစ်ပြီးခေတ်တွင် ဂျစ်များကို လူကြိုက်များခဲ့ပြီး အရပ်သားသုံးယာဉ်အဖြစ် တွင်တွင် ကျယ်ကျယ်သုံးစွဲလာကြသလို အချို့မှာလည်း အမြတ်တနိုးထား၍ စီးနင်းရသော ယာဉ်မျိုးလည်း ဖြစ်ခဲ့သည်။ ထို့နောက်တွင် ဂျပန်ထုတ်ယာဉ်များကိုလည်း ပြုပြင်သုံးစွဲရင်း အကြမ်းခံသည့်အခြေအနေကို သိရှိလာကာ နှစ်သက်စွာ သုံးစွဲလာခဲ့ကြသည်။ အဆိုပါ ဂျပန်ထုတ်ယာဉ်များကို ပြန်လည်ပြုပြင်ရာ၌ မူလီတစ်လုံးဖြုတ်သည်ကအစ အခက်အခဲများစွာရှိခဲ့သလို ဂျပန်မူလီဟူ၍ပင် ဆိုစကားမျိုးတွင်ခဲ့ဖူးသည်။

ပုဂ္ဂလိက တစ်ဦးချင်းအသုံးပြုသော ယာဉ်များတွင် ယင်းကဲ့သို့သော ကမ္ဘာ့နိုင်ငံကြီးများမှ ထုတ်လုပ်ထားသည့် တစ်ပတ်ရစ် ယာဉ်များကို ပြန်လည်ပြုပြင်သုံးစွဲခဲ့သလို မြို့ပြသယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများအတွင်း၌လည်း သုံးစွဲကာ တွင်ကျယ်လာခဲ့သည်။ ပြင်ဆင်စရိတ်သက်သာခြင်း၊ အပိုပစ္စည်းများ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ခြင်း၊ ကုန်ပစ္စည်းတင်ဆောင်ခြင်းအပါအဝင် ဝန်တင်၍သုံးစွဲနိုင်ခြင်း စသည်ဖြင့် ဘက်စုံသုံးစွဲနိုင်သော အခြေအနေမျိုးကို တွက်ဆကာ ယာဉ်များကိုရွေးချယ်သုံးစွဲကြရင်း မြန်မာနိုင်ငံ၏ မော်တော်ယာဉ်စျေးကွက်တွင် စျေးနှုန်းမြင့်မားသော အင်္ဂလန်၊ အမေရိကန် စသည့် နိုင်ငံများနှင့် ဥရောပနိုင်ငံများမှ ထုတ်လုပ်သည့် ယာဉ်များထက် ဂျပန်ထုတ်ယာဉ်များကို အသုံးပြုမှုမှာ တစ်စစဖြင့် တွင်ကျယ်လာခဲ့ခြင်းလည်း ဖြစ်သည်။

လက်ရှိခေတ်ကာလအထိပင် ပြည်တွင်းတွင် ဂျပန်ထုတ်တစ်ပတ်ရစ်ယာဉ်များက စျေးနှုန်းအမြင့်တန်းဖြင့် အရောင်းအဝယ်လုပ်နိုင်သော အခြေအနေမျိုးဖြစ်နေကြသည်။ ထို့နောက်မှ ပြီးခဲ့သော ဆယ်စုနှစ်တစ်ခုဝန်းကျင်အတွင်း အိမ်နီးချင်း တရုတ်နိုင်ငံမှ ထုတ်လုပ်သော ယာဉ်များကို အသုံးပြုလာကြသည်။ စတင်သုံးစွဲစဉ်က အစိတ်အပိုင်းများကို တင်သွင်း၍ ပြည်တွင်းတွင် ထုတ်လုပ်ကာ ဌာနဆိုင်ရာအချို့မှ ဖက်စပ်ပုံစံမျိုးထုတ်လုပ်ခြင်းများရှိခဲ့သော်လည်း ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သည့် အပိုင်း၌ နည်းပညာအားနည်းခြင်း၊ အသုံးပြုသည့် ပစ္စည်းများ၏ အရည်အသွေးပိုင်းဆိုင်ရာ အားနည်းခြင်းတို့ကြောင့်လည်း ထင်သလောက် လူကြိုက်များခြင်းမျိုးမရှိခဲ့သေးပေ။ သို့ရာတွင် နည်းလမ်းမျိုးစုံဖြင့် အရည်အ သွေး ပိုင်းကို အဆင့်မြင့်အောင် လုပ်ဆောင်ရင်း တပ်ဆင်ထုတ်လုပ်မှု နည်းပညာမြင့်မားစေရန် ပြည်တွင်းပညာရှင်များက လုပ်ဆောင်ခဲ့ကြသည်။

ပြည်တွင်းစီးပွားရေးကဏ္ဍ၌လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုလာသလို အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအရ ပြည်ပလေ့လာမှုအပါအဝင် အကူအညီများလည်း ရခဲ့ပြီး တန်ဖိုး အားဖြင့်လည်း ဂျပန်တစ်ပတ်ရစ်ယာဉ်များထက် စျေးသက်သာကာ အသစ်(Brand New) ယာဉ်များကို သုံးစွဲနိုင်လာသည့်အတွက် တရုတ်ထုတ်ယာဉ်များကို နှစ်သက်သူအများအပြားရှိလာခဲ့သည်။ ကိုယ်တိုင်အိမ်စီးယာဉ်အဖြစ် သုံးစွဲနိုင်ခြင်း သာမကဘဲ အများဆုံးယာဉ် တက္ကစီယာဉ်အဖြစ် သုံးစွဲလာကာ အရည်အသွေးပိုင်းအပေါ် ယုံကြည်မှု အားကောင်းလာ သလို အများပြည်သူကြားတွင် နှစ်သက်မှုများလာခဲ့ခြင်း ဖြစ်သည်။

ထိုကာလဝန်းကျင်က ပြည်တွင်းမော်တော်ယာဉ်သုံးစွဲမှု မူဝါဒများထုတ်ပြန်ရာတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်မူဝါဒများအပါအဝင် ယာဉ်အသစ်တင်သွင်းခွင့်ပြုသည့် အခြေအနေများကြောင့် ပြည်တွင်း မော်တော်ယာဉ် လောကအတွင်း ယာဉ်အသစ်များ ရောက်လာခဲ့သည်။ ထိုယာဉ်အသစ်များတွင် သုံးစွဲမည့်သူ၏ ငွေကြေးအသုံးပြုနိုင်မှု အခြေအနေ၊ မော်တော်ယာဉ်၏အရည်အသွေး၊ အလွယ်တကူ ပြုပြင်မှုလုပ်ဆောင် ရန် အဆင်ပြေ စေသော အခြေအနေများ အပြင် ပြင်ဆင်စရိတ်သက်သာမှု၊ ယာဉ်ကြံ့ခိုင်မှု၊ အသုံးပြုရာတွင် ထည်ဝါ ခမ်းနားကာ သက်တောင့်သက်သာဖြင့် ဇိမ်ကျကျ စီးနင်းနိုင်မှု စသည့် အခြေအနေများကို သုံးသပ်ရွေးချယ်ရင်း တရုတ်ထုတ်ယာဉ်များက မဖြစ်မနေ ရွေးချယ်စရာဖြစ်လာ ခဲ့သည်။

ပြည်တွင်းရှိ ယာဉ်ရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်သည့် ကုမ္ပဏီကြီးများကလည်း တရုတ်ထုတ် ယာဉ်များကို တင်သွင်းကာ ရောင်းချလာခဲ့ကြသည်။ တရုတ်ထုတ် မော်တော်ယာဉ်များကလည်း သွင်ပြင်ဒီဇိုင်းအ ရည် အသွေးများက စိတ်ဝင်စားဖွယ်ရာဖြစ်သလို မော်တော်ယာဉ်ချစ်သူများကြား၌ စွဲမက်ဖွယ်အခြေအနေမျိုးဖြစ် လာခဲ့သည်။ တရုတ်နိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်မှု အခြေအနေကိုကြည့်ရာတွင်လည်း ထူးထူးခြားခြား တိုး တက်မှုကို မြင်ရမည်ဖြစ်သည်။ ကမ္ဘာ့ကားစျေးကွက်တွင် တရုတ်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်လာခဲ့သလို နည်းပညာပိုင်းတွင်လည်း စဉ်ဆက်မပြတ် တိုးတက်မှု၊ အရည်အသွေးကောင်းမွန်မှုနှင့် လျှပ်စစ် EV စနစ်၏ တိုး တက်ပြောင်းလဲမှုများအပေါ် ခိုင်မာသော အာရုံစိုက်မှု ဖန်တီးနိုင်မှုများဖြင့် လက်ရှိအနေအထားမှာ ကမ္ဘာ့ဇာတ်ခုံ ပေါ် ၌ ခိုင်မာသော Brand မျိုးဖြင့် လွှမ်းမိုးချဲ့ထွင်နိုင်လာခဲ့သည်။

လက်ရှိတွင် ကမ္ဘာတစ်ဝန်းမော်တော်ယာဉ် ထုတ်လုပ်မှု၌ နည်းပညာပိုင်းအရရော အရည်အသွေးနှင့် စွဲမက်ဖွယ်ဒီဇိုင်းများဖြင့် ယှဉ်ပြိုင်ထုတ်လုပ်နေကြသလို ပြိုင်ဆိုင်မှုအားကောင်းသော အခြေအနေမျိုးကြုံလာ သည်။ ယင်းအနက်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များက ကမ္ဘာ့နိုင်ငံများအသီးသီး၌ စျေးကွက်တစ်ရပ် အခိုင်အမာရပ်တည်နေနိုင်သလို ပြည်ပဝယ်လက်များ၏ အမှာစာများကိုလည်း အဆက်မပြတ် အောင် လက်ခံရရှိ၍နေလေသည်။

ယခု ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် မော်တော်ယာဉ်ထုတ်လုပ်တင်ပို့သည့် နိုင်ငံများအနက် ဒုတိယ မြောက် နိုင်ငံတစ်နိုင်အဖြစ်သို့ ရောက်ရှိလာခဲ့သည်။ ပြည်ပစျေးကွက်အတွင်းသို့ တရုတ် နိုင်ငံမှ မော်တော်ယာဉ်တင်ပို့မှု စာရင်းများကို လေ့လာကြည့်မည်ဆိုပါက ယမန်နှစ်(၂၀၂၂ ခုနှစ်)က တစ်နှစ်တာ အတွင်း အစီးရေ သုံးသန်းကျော်ရှိသည် ကိုလည်း တရုတ်နိုင်ငံအခြေစိုက်မီဒီယာများက ဖော်ပြထားသည်။ လက် ရှိတွင် ကမ္ဘာပေါ်ရှိ မော်တော်ယာဉ်အများဆုံး ထုတ်လုပ်တင်ပို့ရာနိုင်ငံတစ်နိုင်ငံဖြစ်သော ဂျာမနီနိုင်ငံ၏ တင်ပို့မှု ၂ ဒသမ ၆၁ သန်းကို တရုတ်နိုင်ငံ တင်ပို့မှု အနေအထားက ကျော်လွန်သွားခဲ့သည်။

တရုတ်မှ ထုတ်လုပ်သည့် မော်တော်ယာဉ်များကို မြန်မာ့စျေးကွက်သာမကဘဲ ကမ္ဘာ့အခြားသော နိုင်ငံများက နှစ်သက်လာကြသလို ပြည်ပနိုင်ငံများ၏ စျေးကွက်သို့တင်ပို့မည့် မော်တော်ယာဉ်စီးရေ ထောင်ဂဏန်းလောက်ကို တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများ၌ မကြာခဏမြင်ကြရသည်မှာလည်း ကမ္ဘာ့စျေးကွက်ပေါ် လွှမ်းမိုးနိုင်မှု အခြေအနေကို ထင်သာသော ရှုမြင်နိုင်မှုပင်ဖြစ်သည်။ ပြီးခဲ့သော မတ်လအတွင်းက အရှေ့အလယ်ပိုင်းဒေသရှိ စျေးကွက်အတွင်းသို့ တရုတ်နိုင်ငံ ကျန်းစူးပြည်နယ်၊ လျန်ယူကန်ဆိပ်ကမ်းမှ မော်တော်ယာဉ် အစီးရေ ၂၂၀၀ ကျော်ကို သင်္ဘောပေါ် တင်နေသည့် မြင်ကွင်းမှာလည်း တရုတ်၏တိုးတက်မှုအဟုန်ကို အထင်ရှားမြင်ရပေမည်ဖြစ်သည်။

တရုတ်ကုမ္ပဏီများ၏ စွမ်းရည်မြင့်ကာ ကျွမ်းကျင်သောထုတ်လုပ်မှုများကြောင့် အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက စျေးကွက်များအတွင်း စျေးကွက်အခိုင်အမာရရှိနေသလို ကမ္ဘာပေါ်တွင် မော်တော်ယာဉ်ထုတ်လုပ်တင်ပို့မှု၌ ဒုတိယမြောက် နိုင်ငံအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။ လက်ရှိတွင်လည်း လျှပ်စစ်စွမ်းအင်ဖြင့် သုံးစွဲနိုင်မည့် EV မော်တော်ယာဉ်များကို ကမ္ဘာတစ်လွှားရှိ မော်တော်ယာဉ်ထုတ်လုပ်သူများက အပြိုင်အဆိုင် ထုတ်လုပ်နေလျက်ရှိရာ တရုတ်နိုင်ငံက အားသာချက်များစွာဖြင့် စျေးကွက်ဝေစုချဲ့ထွင်နေရာယူနေပြီဖြစ်သည်။ ယင်း EV ယာဉ်များအနက်တွင် တရုတ်လျှပ်စစ်ကားကုမ္ပဏီ NIO က 500 ကီလိုဝပ် ဘတ္ထရီအသုံးပြုထားသည့် လျှပ်စစ်EV ယာဉ်များကို အားသွင်းချိန် ၁၂ မိနစ်အတွင်း ၁၀ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်သော အားသွင်းစနစ်တစ်မျိုးကို မိတ်ဆက်ခဲ့ပြီးဖြစ်ရာ ပြည်တွင်းမှ မော်တော်ယာဉ်သုံးစွဲသူများကြား၌ စိတ်ဝင်စားမှုပိုစေခဲ့သလို စျေးကွက်အတွင်း ဆန်းသစ်မှုများဖြင့် ထိုးဖောက်နေရာယူနိုင်တော့မည်ဖြစ်သည်။

မြန်မာ့စျေးကွက်အတွင်း တစ်ပတ်ရစ်ယာဉ်လောက၌ ဂျပန်ကုမ္ပဏီ၏ နာမည်ကြီးအမှတ်တံဆိပ်ဖြစ်သော တိုယိုတာကလည်း လျှပ်စစ်သုံး EV ယာဉ်များကို ထုတ်လုပ်နေပြီဖြစ်သော်လည်း တရုတ်၏ထုတ်လုပ်မှု နည်းပညာကို မယှဉ်နိုင်သေးသော အခြေအနေကို စျေးကွက်အတွင်းတွေ့နေရသည်။ EV ယာဉ်များတွင် အသုံးပြုသော ဘတ္ထရီ၏ စွမ်းဆောင်ရည်၊ အားသွင်းသည့်အခါ လျင်မြန်မှုအခြေအနေအပါအဝင် နည်းပညာပိုင်း၌ တရုတ်ထုတ် မော်တော်ယာဉ်များက စျေးကွက် ဦးဆောင်လာသော အခြေအနေမျိုးဖြစ်လာခဲ့သည်။

မြန်မာ့မော်တော်ယာဉ်စျေးကွက်အတွင်းတွင်လည်း လွှမ်းမိုးခဲ့သော ဂျပန်တစ်ပတ်ရစ် ယာဉ်ဟောင်းများကို တရုတ်ထုတ်ယာဉ်အသစ်များက အလဲထိုးကာ လူကြိုက်များလာစေခဲ့ပြီး စျေးကွက်ဝေစုခိုင်ခိုင်မာမာဖြစ်လာကာ အားထားသုံးစွဲ သူများလည်း ရှိလာသည်။ လောင်စာသုံးယာဉ်များတွင်လည်း အားထားရသော အခြေအနေမျိုး ဖြစ်လာသလို EV ယာဉ်များတွင်လည်း စျေးကွက်ထိုးဖောက်၍ စျေးကွက်နေရာအခိုင်အမာရယူထားလျက်ရှိပေသည်။ တစ်ရက်ထက်တစ်ရက် တီထွင်ဖန်တီးမှုများဖြင့် တိုးတက်မှုအရှိန်ကောင်းနေသော တရုတ်ထုတ်မော်တော်ယာဉ်များက အနာဂတ်ကာလတွင် မြန်မာ့စျေးကွက်အတွင်း မည်သည့်အခြေအနေမျိုးအထိ ဆက်လက်နေရာယူသွားဦးမည်ကို စိတ်ဝင်တစား စောင့်ကြည့်ရပေတော့မည်။

ဧပရယ်လ်