【 ဆောင်းပါး 】အလားလာကောင်းတဲ့ ပဲတီစိမ်း

 【 ဆောင်းပါး 】အလားလာကောင်းတဲ့  ပဲတီစိမ်း

မြန်မာနိုင်ငံမှ ပဲတီစိမ်းတင်ပို့နိုင်မှုမှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၂လကျော်ကာလအတွင်းပင် တန်ချိန် ၁၁၇,၀၀၀ ကျော်ခဲ့ပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၇၆ ဒသမ ၆၃၉ အထိ ရရှိခဲ့သည်။၂၀၂၃ ခုနှစ် ဧပြီ ၁ ရက် မှ ဇွန်၂ ရက်အထိ နှစ်လတာအတွင်း ပဲတီစိမ်းတင်ပို့နိုင်မှု အခြေအနေကို ဇွန်လ ၁၃ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

နှစ်လတာအတွင်း ပဲတီစိမ်းအပါအဝင် ပဲနှင့် ပဲမျိုးစုံ စုစုပေါင်းတန်ချိန် ၃၁၀,၅၇၃ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်များအရ သိရသည်။ထိုအချက်အလက်များအရ မြန်မာနိုင်ငံ၏ ပဲတီစိမ်းတင်ပို့နိုင်မှု အနေအထားမှာ အားကောင်းလျက်ရှိပြီး ပဲတီစိမ်း၏ ရှေ့အလားအလာ ကောင်းမွန်နိုင်ကြောင်းလည်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက ခန့်မှန်းထားကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပဲနှင့် ပဲမျိုးစုံ တန်ချိန် ၁.၉၁ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယင်းအနက် ပဲတီစိမ်းတန်ချိန် ၆၉၁,၃၉၉ ကျော်တင်ပို့နိုင်ခဲ့သည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မေ ၁၃ ရက် အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲမျိုးစုံ ၂၂၂၉၅၇ တန်ကျော် တင်ပို့မှုမှ ဒေါ်လာ ၁၆၉ ဒသမ ၅၆၆ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဆောင်းပဲတီစိမ်းစိုက်ပျိုးရန် ဧက ၅သိန်းအထိရှိကြောင်းလည်း သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနထံမှ သိရသည်။ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်လည်း ပဲတီစိမ်း တန်ချိန် ၆သိန်းကျော်နှင့် ကြက်သွန်နီ တန်ချိန် ၁သိန်းကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအားနှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိပြီး ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်းနှင့် ကုလားပဲ ၈ ရာခိုင်နှုန်းကို စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ပဲတီစိမ်းကို မိုးကြိုရာသီ၊ မိုးဦးရာသီနှင့် ဆောင်းရာသီတို့တွင် စိုက်ပျိုးလေ့ရှိပြီး မတ်ပဲနှင့် ပဲတီစိမ်းမှာ ပဲမျိုးစုံစိုက်ပျိုးမှု၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်အထိရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲတီစိမ်းကို တရုတ်နိုင်ငံမှ အများဆုံး ဝယ်ယူခြင်းဖြစ်ပြီး ဥရောပနိုင်ငံများ နှင့် အခြားသောနိုင်ငံအချို့ကို တင်ပို့လျက်ရှိသည်။ အိန္ဒိယနှင့် ဥရောပနိုင်ငံများဖြစ်သည့် နယ်သာလန်၊ အိုင်ယာလန်၊ ဂျာမနီ စသည့်နိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးများမှ တစ်ဆင့် တင်ပို့လေ့ရှိသည်။

ပဲအမျိုးမျိုးမှ ရရှိသော ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးများကလည်း များစွာရှိသည်။ ထိုအထဲမှ ပဲတီစိမ်းသည် ခန္ဓာကိုယ်အတွက် လိုအပ်သော ပရိုတင်းဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်များစွာပါဝင်နေပြီး ကိုလတ်စထရောကို လျော့ချပေးနိုင်သည့် အမျှင်ဓာတ်များ ပါဝင်သော ကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုသည့် အာနိသင်များရှိနေသည်။

ပဲတီစိမ်းကို ပြုတ်၍ သို့မဟုတ် ကြော်လှော်၍ ချက်ပြုတ်စားသုံးနိုင်ပြီး အရိုးကျန်းမာရေးနှင့် အနာကျက်စေရန်လည်း အထောက်အကူပြုသည့် ပဲအမျိုးအစားဖြစ်သည်။ပဲတီစိမ်းသည် ကမ္ဘာ့စိုက်ပျိုးမှုအနေဖြင့်လည်း ၇ဒသမ ၃သန်းအထိရှိပြီး၊ ထွက်ရှိမှုမှာ ၅ဒသမ၃သန်းအထိရှိကြောင်း ကမ္ဘာ့ဟင်းသီးဟင်းရွက်စင်တာစာရင်းများအရ သိရသည်။

မြန်မာနိုင်ငံသည်လည်း ပဲတီစိမ်း စိုက်ပျိုးမှုများသလို တင်ပို့မှု အပိုင်းတွင်လည်း အများဆုံးတင်ပို့နိုင်သည့် နိုင်ငံစာရင်းတွင် ပါဝင်သည့် နိုင်ငံတစ်  နိုင်ငံဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။မြန်မာနိုင်ငံမှ ပဲတီစိမ်းနှင့် ပဲအမျိုးမျိုးအပြင် ပြောင်း၊ ကြက်သွန်နီတို့ကိုလည်း  နိုင်ငံတကာသို့ တင်ပို့လျက်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိသည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းက အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်း ပဲတီစိမ်းစိုက်ခင်းများ ပျက်စီးခဲ့ပြီး တောင်သူများဆုံးရှုံးမှုများခဲ့ရသည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် ပဲတီစိမ်းစျေးကွက်မှာ ကမ္ဘာ့စျေးကွက်အထိ ကျယ်ကျယ်ပြန့်ပြန့် တင်ပို့နိုင်သည့် အခြေအနေနှင့် အလားအလာကောင်းများရှိနေရာ တိုင်းပြည်ဝင်ငွေတိုးတက်ရေးအတွက် တိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်ခုပင်ဖြစ်လေသည်။

မေ