【 ဆောင်းပါး 】 ကမ္ဘာ့သကြားထွက်နှုန်းအမြင့်ဆုံး နှစ်နိုင်ငံကြားက မြန်မာ့သကြားဈေးကွက်

【 ဆောင်းပါး 】 ကမ္ဘာ့သကြားထွက်နှုန်းအမြင့်ဆုံး နှစ်နိုင်ငံကြားက မြန်မာ့သကြားဈေးကွက်

မြန်မာနိုင်ငံ၏ သကြားထုတ်လုပ်မှုနှင့် ပြည်ပပို့ သကြားဈေးကွက်တို့သည် နိမ့်တစ်ခါမြင့်တစ်လှည့် အခြေအနေများနှင့် ကျော်ဖြတ်နေသည်။

၂၀၂၃ ခုနှစ်၏ ကမ္ဘာ့သကြားဈေးကွက်မှာ အမြင့်ဈေးသို့ရောက်ရှိလာပြီး  မြန်မာနိုင်ငံက သကြားဈေးကွက်ကလည်း လိုက်ပါမြင့်တက်နေသည်။

ပြည်တွင်းကြံစိုက်ပျိုးသူများနှင့် သကြား export လုပ်ငန်းရှင်များအတွက် အခွင့်ကောင်းဖြစ်သည်။ယခုနှစ်မှာ အယ်လ်နီညို ခြောက်သွေ့သော ရာသီဥတုအခြေအနေများကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံး သကြားတင်ပို့သော အိန္ဒိယနိုင်ငံ၏ သကြားထွက်နှုန်း လျော့ကျမည့် အခြေအနေရှိသည်။

၂၀၂၃ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ပြည်ပသကြားတင်ပို့မှု ကန့်သတ်ချက်များရှိနိုင်မည့် အခြေအနေဖြစ်သည်။ယခုနှစ်အတွင်း သကြား နိုင်ငံတကာဈေးကွက် ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ကမ္ဘာပေါ်တွင် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် တရုတ်နိုင်ငံတို့က သကြားထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်သည်။  

တရုတ်နိုင်ငံသည် သကြားထုတ်လုပ်မှု မြင့်မားသကဲ့သို့ သကြားနှင့် ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်မှုမြင့်မားသည်။ထို့ကြောင့် သကြားစားသုံးမှုက ပြည်တွင်းထုတ်လုပ်မှုထက် ကျော်လွန်သည့်အတွက် ပြည်ပသကြားတင်သွင်းမှု အများဆုံးနိုင်ငံထဲတွင်လည်း ပါဝင်နေသည်။

ကမ္ဘာတစ်ဝန်းတွင် နိုင်ငံပေါင်း ၁၁၀ ခန့်လောက်က ကြံ (သို့မဟုတ်) မုန်လာဥမှ သကြားထုတ်လုပ်ကြသည်။ကြံသည် ကမ္ဘာ့သကြားထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းနီးပါးရှိသည်။ ကမ္ဘာ့သကြားထုတ်လုပ်မှု ထိပ်တန်းနိုင်ငံတစ်ခုဖြစ်သည့် ထိုင်းနိုင်ငံသည်လည်း ရာသီဥတုအခြေအနေများကြောင့် သကြားထုတ်လုပ်မှု ကျဆင်းနိုင်ဖွယ်ရှိသည်။အလားတူ သကြားထုတ်လုပ်မှုမြင့်မားသော ဘရာဇီး၊ အမေရိကန်၊ တောင်အာဖရိကနိုင်ငံတို့လည်း အတူတူပင်ဖြစ်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သကြားထုတ်လုပ်မှု အမြင့်ဆုံးနှစ်နိုင်ငံကြားတွင် တည်ရှိနေပြီး ဈေးကွက်အားသာချက်များလည်းရှိသည်။မြန်မာနိုင်ငံသည် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သကြားကို တရုတ်နိုင်ငံသို့ Re-export သွင်းသည့် စနစ်များ ကျင့်သုံးခဲ့သည်။ Re-export မှာ ပြည်ပနိုင်ငံတစ်ခုမှ တင်သွင်းလာသည့် ကုန်ပစ္စည်းကို အခြားနိုင်ငံတစ်ခုသို့ ပြန်လည်တင်ပို့ခြင်းဖြစ်သည်။ Re-export သည် ဖြန့်ဖြူးခြင်းနှင့် ကုန်သွယ်ခြင်းကို ဆောင်ရွက်ခြင်းဖြစ်ပြီး မူရင်းအတိုင်းသော်လည်းကောင်း၊ ပြန်လည်ထုတ်ပိုးပြီးသော်လည်ကောင်း Re-export တင်ပို့ကြသည်။

Re-export စနစ်ကို ၂၀၁၅ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး သကြား၊ စက်သုံးဆီ၊ ကွမ်းသီး၊ ကားတာယာ၊ နှမ်း (ဖြူ၊ နက်) ငရုတ်သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ အလှကုန်ပစ္စည်း၊ အဝတ်အထည်တို့ ပါဝင်ခဲ့သည်။

၂၀၁၆ ခုနှစ်အထိ သကြား Re-export စနစ်ဖြင့် တင်သွင်းခဲ့ရာတွင် တန်ချိန်ပေါင်း ၁,၈၆၅,၃၅၃ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ Re-export  စနစ်သည် တစ်ဖက်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ကိုကြည့်ပြီး လိုအပ်ချက်ရှိမှသာ တင်ပို့ရခြင်းဖြစ်သည်။

သကြား Re-export ဈေးကွက်က ပြည်တွင်းသကြားထုတ်လုပ်သည့်လုပ်ငန်းများနှင့် ကြံစိုက်ပျိုးမှုများကို ထိခိုက်ခဲ့သည်ဟု လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။ သကြား Re-export ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှာ ယာယီပိတ်ထားခဲ့ပြီး ၂၀၁၈ ခုနှစ်၊ မေလမှာအတွင်းမှာ ပြန်လည်လျှောက်ထားခွင့်ပြုခဲ့သော်လည်း တရုတ်နိုင်ငံဘက်က Re-export တင်ပို့ခြင်းကို ရပ်နားခဲ့သည့် အခြေအနေများရှိခဲ့ပါသည်။  

Re-export က အားသာချက်များရှိသလို အားနည်းချက်များလည်းရှိသည်။ Re-export ဈေးကွက်သည် စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတွင်ပါဝင်သောနိုင်ငံများအတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သည်။ ထုတ်လုပ်သူများ၏ ထောက်ပံ့ရေးကွင်းဆက်ကို ထိရောက်စေသည်။ဈေးကွက်အခြေအနေနှင့် ဝယ်ယူမှု၊ ရောင်းချမှုပေါ် မူတည်၍ ပြန်လည်တင်ပို့ခြင်းလုပ်ငန်းက သိသာထင်ရှားသော အမြတ်အစွန်းများကိုရရှိရန် အခွင့်အလမ်းများရှိသည်။အာဆီယံနိုင်ငံများထဲတွင် စင်ကာပူနိုင်ငံက Re-export စနစ်ဖြင့် တိုးတက်နေသော နိုင်ငံဖြစ်သည်။

သို့သော် ထောက်ပံ့ပို့ဆောင်ရေးပြဿနာများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အခက်အခဲများရှိသည်။မဟာဗျူဟာရေးဆွဲခြင်းတို့ မရှိမဖြစ် လိုအပ်သည်။ Re-export သကြားများကို ပြည်တွင်းရောင်းချမှုများရှိလာသည့်အခါ ကြံစိုက်ပျိုးသူတောင်သူများနှင့် သကြားလုပ်ငန်းများအတွက် စိန်ခေါ်မှုများရှိခဲ့သည်။

မြန်မာနိုင်ငံတွင် သကြားတင်သွင်းပြီး Re-export လုပ်နေသူများနှင့် သကြားထွက်သီးနှံစိုက်ပျိုးသူများ၊ သကြားချက်စက်ရုံများအကြား ဟန်ချက်ညီစေမည့် ဥပဒေတစ်ရပ် လိုအပ်ချက်များနှင့်ပတ်သက်၍လည်း ယခင်ကဆွေးနွေးမှုများရှိခဲ့သည်။

လက်ရှိတွင် ပြည်တွင်းထုတ်လုပ်သည့် သကြားများကို ဗီယက်နမ်နိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံမှ မြန်မာ့သကြားကို အခွန်ကင်းလွတ်ခွင့်ပေးထားသည်။ သို့သော် Country Original အထောက်အထား ပြသနိုင်မှသာ တင်ပို့ခွင့်ရရှိကြောင်း  မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာနိုင်ငံမှ သန့်စင်ပြီး သကြား၊ သကြားရည်၊ သကြားဖြူနှင့် သကြားညိုများကို တရုတ်နိုင်ငံမှ ဝယ်ယူသည်။တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ သကြားဝယ်လိုအားကောင်းလာခြင်း၊ သကြားဈေးနှုန်းကောင်းမွန်နေခြင်းတို့ကြောင့် ယခုနှစ် ကြံစိုက်ပျိုးရာသီအတွက် ကြံဈေးနှုန်းများလည်း စက်ရုံအလိုက် ကျပ်ကိုးသောင်းမှ ကျပ်တစ်သိန်းနီးပါးအထိ ဈေးရရှိကြောင်း ကြံစိုက်တောင်သူများက ပြောသည်။

ယခုနှစ်ထဲတွင် ဘင်္ဂလားဒေရှ့်နိုင်ငံမှလည်း ၎င်းတို့ ပြည်တွင်းသကြားလိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ သကြားကို တင်သွင်းရန် ကမ်းလှမ်းမှုများရှိလာသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သကြားတင်ပို့ရန် ၎င်းနိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက်များ ဆွေးနွေးထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းမှာ သကြားလက်ကျန် လျော့နည်းနေသည့် အခြေအနေလည်းရှိသည်ဟု သကြားလုပ်ငန်းရှင်များကပြောသည်။ပြည်တွင်းသကြားစက်ရုံပေါင်း ၂၃ ရုံရှိပြီး နှစ်စဉ်ထွက်ရှိသည့် သကြားတန်ချိန် ပျမ်းမျှ လေးသိန်းကျော်မျှရှိပါသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်သကြားထွက်ရှိမှု ပမာဏနည်းသော်လည်း ပြည်တွင်းဝယ်လိုအားကို ဖြည့်တင်းနိုင်ပြီး ပိုလျှံ သကြားများကို တရုတ်၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့လျက်ရှိသည်။ယခုနှစ်တွင် ပြည်တွင်းမှ သကြားထုတ်လုပ်မှုများလည်း တိုးတက်လာနိုင်ဖွယ်ရှိ၍ ပြည်ပတင်ပို့မှုများ ပိုမိုကောင်းမွန်နိုင်မည်ဟု သကြားလုပ်ငန်းရှင်များက ပြောသည်။

သကြားသည် စားသောက်ကုန်တို့တွင် မဖြစ်မနေ အရေးပါသော ဖြည့်စွက်အစားအစာတစ်မျိုးဖြစ်သည်။ပြည်တွင်း၌ သကြားပိုမိုထုတ်လုပ်နိုင်ပါက သကြားထုတ်လုပ်မှုမြင့်မားသည့် အိန္ဒိယနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ ဈေးကွက်ကို ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဝယ်လိုအားမြင့်မားသော တရုတ်ဈေးကွက်အတွင်းကို ထိုးဖောက်အောင်မြင်နိုင်မည်ဖြစ်ပေသည်။

အမွန်