【 ဆောင်းပါး 】 ကုန်သွယ်ရေးအတွက် အားထားနေရသော ဆန်စပါး

【 ဆောင်းပါး 】 ကုန်သွယ်ရေးအတွက် အားထားနေရသော ဆန်စပါး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သလို ဆန်စပါးစိုက်ပျိုး ထုတ်လုပ်၍ ပြည်ပစျေးကွက်သို့ တင်ပို့သည့် လုပ်ငန်းမှာလည်း ကုန်သွယ်ရေးအတွက် အားထားနေရသော အခြေအနေတစ်ခုလည်းဖြစ်သည်။
 
မြန်မာနိုင်ငံအနေဖြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်၍ ပြည်ပတင်ပို့မှုမှာ နှစ်ကာလများစွာ ကြာမြင့်၍နေပြီဖြစ်သည်။သမိုင်းမှတ်တမ်းများအရ ရှေးမြန်မာဘုရင်မင်းများလက်ထက်ကတည်းက ကုန်သွယ်မှုအနေဖြင့်ရှိခဲ့ဖူးပြီး ကိုလိုနီခေတ်အတွင်း ဆန်စပါးတင်ပို့မှုမှာ မူဝါဒပြောင်းသွားခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှ စတင်ကာ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အပါအဝင် ပြည်ပတင်ပို့မှုများအတွက်လည်း မူဝါဒဆိုင်ရာ အသီးသီးချမှတ်ကာ လုပ်ဆောင်လာခဲ့ကြသည်။
 
လက်ရှိအချိန်တွင်လည်း ကမ္ဘာ့စျေးကွက်အသီးသီးသို့ ဆန်စပါးများကို တင်ပို့နေလျက်ရှိရာတွင် တရုတ်၊ ဥရောပ၊ အာဖရိက အစရှိသည့် ဒေသများသို့ အများဆုံးတင်ပို့နေလျက်ရှိသည်။
 
စိုက်ပျိုးသီးနှံများတွင် ဆန်စပါးကို အဓိက စိုက်ပျိုးနေသော မြန်မာနိုင်ငံသည် တစ်နှစ်လျှင် စပါးတင်း သန်းပေါင်း ၁၃၀၀ ကျော်ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်နေပြီး ဆန်တန် ၁၂ ဒသမ ၅ သန်းခန့် ထွက်ရှိနေကြောင်း၊ ယင်းဆန်များအနက် ပြည်တွင်းစားသုံးမှုအဖြစ် တန်ချိန် ၁၀ သန်းခန့် သတ်မှတ်ထားရှိပြီး ပိုလျှံသည့် ဆန်တန်ချိန်သုံး သန်းခန့်ကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေနေလျက်ရှိသည်။
 
ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်း (Normal Trade) ဖြင့် တင်ပို့ခြင်းများရှိသလို နယ်စပ်ကုန်သွယ်ရေး (Border Trade) မှ တင်ပို့ခြင်းများလည်းရှိသည်။
 
ကမ္ဘာတစ်ဝန်းတွင် ဆန်ထုတ်လုပ်စားသုံးမှု၏ ၉၀ ရာခိုင်နှုန်းမှာ အာရှဒေသမှဖြစ်ပြီး ယင်းအနက်တွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။
 
ကမ္ဘာတစ်ဝန်းတွင် ဆန်တင်ပို့မှု၌ မြန်မာနိုင်ငံသည် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ် စာရင်းများအရ ဆန်တန်ချိန်ပေါင်း ၂ ဒသမ ၄ သန်း တင်ပို့ခဲ့သလို ကမ္ဘာအဆင့် (၅) နေရာတွင်ရှိပြီး ဆန်စားသုံးမှုတွင် ကမ္ဘာ့အဆင့် (၆) နေရာတွင်ရှိနေကာ ဆန်အများဆုံး တင်ပို့သလို အများဆုံးစားသုံးသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။
 
ပြီးခဲ့သည့် ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံအတွင်း စပါးဧကပေါင်း ၁၆ ဒသမ ၅၈ သန်း စိုက်ပျိုးနိုင်ခဲ့ပြီး ဆန်တန်ချိန် ၁၂ ဒသမ ၅၃၁ သန်းကို ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် မိုးစပါးစတင်ထွက်ပေါ်သည့် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် သြဂုတ်လဝန်းကျင်အထိ ပြည်ပသို့ ဆန်တန်ချိန် ၀ ဒသမ ၉၂၈ သန်း တင်ပို့ထားလျက်ရှိသည်။အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဌာန (USDA) ၏ စာရင်းများအရ ၂ဝ၂၂ ခုနှစ် ဒီဇင်ဘာလရှိ ကမ္ဘာ့ဆန်ထုတ်လုပ်မှုတွင် ဆန်တန်ချိန်ပေါင်း ၅ဝ၃ ဒသမ ၂၇ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံသည် ဆန်တန်ချိန်ပေါင်း ၁၂ သန်းကျော် ထုတ်လုပ်နိုင်ခဲ့သလို ကမ္ဘာ့အဆင့် (၇) နေရာ၌ ရပ်တည်နေကြောင်း ကို ဖော်ပြထားလျက်ရှိသည်။
 
ပြည်တွင်းတွင် ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ကိုလည်း ခေတ်မီနည်းစနစ်များအသုံးပြု၍ အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သော ဆန်စပါးမျိုးများကို တိုးချဲ့စိုက်ပျိုးခြင်းများအပါအဝင် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက်ကိုလည်း ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် လက်ရှိတွင် စီမံချက်များချကာ ဆောင်ရွက်ထားလျက်ရှိသည်။
 
ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းကပင် ဆန်တန်ချိန် ၈၀,၀၀၀ ကျော်နှင့် ဆန်ကွဲတန်ချိန် ၃၉,၀၀၀ ကျော်ကို ပြည်ပတင်ပို့ ခဲ့ရာတွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား၊ တရုတ်၊ လစ်သူယေးနီးယား စသည့် နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဆန်ကွဲတန်ချိန် ၁၃,၀၀၀ ကျော်ဖြင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခဲ့ သလို ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ယူကေနှင့် ဗီယက်နမ်နိုင်ငံများသို့လည်း အနည်းအကျဉ်းစီ တင်ပို့ထားခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အချက်အလက်များဖြင့် ဖော်ပြထားသည်။
 
မြန်မာနိုင်ငံမှ ဆန်စပါးများကို ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းရော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့်ပါ အိမ်နီးချင်းဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ခြင်းများရှိသလို စျေးကွက်အရ အားထားရသော ကုန်သွယ်ဖက်နိုင်ငံအဖြစ်ဖြင့်လည်း ရှိနေကြသည်။ထို့ကြောင့် မြန်မာနှင့် တရုတ်နိုင်ငံတို့ကြားတွင် ဆန်စပါးကုန်သွယ်မှုမှာ ရှည်လျားသော သမိုင်းကြောင်းရှိနေပြီး ရှေးယခင်နှစ်များကတည်းက ကုန်သွယ်မှုများလုပ်ဆောင်ခဲ့ကြောင်းကို သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားလျက်ရှိသည်။
 
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးခေတ် ၁၉၄၈ ခုနှစ်လောက်တွင် ကုန်သွယ်ရေးမြှင့်တင်မှုများကို လုပ်ဆောင်ခဲ့ရာတွင် ပို့ကုန်များကို တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့ခြင်းများဖြင့် လုပ်ဆောင်ခဲ့သည်။ထို့နောက်တွင် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအပါအဝင် တရုတ်နိုင်ငံဘက်မှလည်း စီးပွားရေးဆိုင်ရာ မူဝါဒများ ဖြေလျှော့ပေးခြင်းတို့က မြန်မာ့ဆန်စပါးများအတွက် အဓိကအားထားရာ စျေးကွက်အခြေအနေတစ်ခုဖြစ်လာခဲ့ရသည်။ထို့အပြင် မြန်မာနှင့် တရုတ် နှစ်နိုင်ငံ တာဝန်ရှိသူများက စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်အတွက် နှစ်နိုင်ငံသဘောတူညီချက်များကို လက်မှတ်ရေးထိုး ဆောင်ရွက်ကြရာတွင်လည်း လယ်ယာစိုက်ပျိုးရေး ထွက်ကုန်များ၌ ဆန်စပါးက အပါအဝင် ဖြစ်လာခဲ့သည်။
 
မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့သည့် လယ်ယာထွက်ကုန်ပစ္စည်းများအနက်တွင် ဆန်တင်ပို့မှုမှာ ပို့ကုန်အားလုံး၏ ၆၅ ရာခိုင်နှုန်းရှိလာသလို နိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေအများဆုံးရှာဖွေပေးနိုင်သော အခြေအနေမျိုးဖြစ်သည်။ထိုဆန်စပါးတင်ပို့မှုအခြေအနေမှာ ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်းများကပင် ပြည်တွင်းစားသုံးမှု ဖူလုံရေးကို မထိခိုက်စေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့က ပူးပေါင်းညှိနှိုင်းပြီး လုပ်ဆောင်ခဲ့သလို လက်ရှိအချိန်အထိလည်း ပြည်တွင်းတွင် ဆန်စျေးနှုန်းများ တည်ငြိမ်ရေး အတွက် စီစဉ်ထားကာ ပြည်ပတင်ပို့ရေးအတွက်လည်း လုပ်ဆောင်မှုများရှိခဲ့သည်။
 
ပြည်ပသို့ ဆန်စပါးတင်ပို့ရာတွင် တရုတ်သို့ တင်ပို့သည့်လမ်းကြောင်း၊ အရှေ့တောင်အာရှနှင့် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများသို့ တင်ပို့သည့် လမ်းကြောင်း၊ အာဖရိကဒေသသို့ တင်ပို့သည့် လမ်းကြောင်း၊ အီးယူနိုင်ငံများသို့ တင်ပို့သည့် လမ်းကြောင်းဟူ၍ ဆန်စပါးတင်ပို့ရာ လမ်းကြောင်းအသီးသီးရှိကြပြီး မူလက ဆန်တင်ပို့ရာ နိုင်ငံပေါင်း ၃၀ ကျော်လောက်သာရှိရာမှ လက်ရှိတွင် နိုင်ငံပေါင်း ၆၀ ကျော်လောက်အထိကို တင်ပို့နိုင်သော အခြေအနေမျိုးအထိ စျေးကွက်ချဲ့ထွင်ကာ လုပ်ဆောင်လာနိုင်ခဲ့သည်။
 
သို့ရာတွင် တရုတ်စျေးကွက်သို့ တင်ပို့မှုအခြေအနေမှာ အားထားနေရသည့် အခြေအနေမျိုးတွင်ရှိနေသလို ယခုဘဏ္ဍာနှစ်ကုန်တွင် ပြည်ပသို့ ဆန်စပါးတင်ပို့မှု စုစုပေါင်းကို မက်ထရစ်တန်ချိန် ၂ ဒသမ ၅ သန်းကျော် တင်ပို့နိုင်ရန် စီစဉ်ကာ လုပ်ဆောင်နေလျက်ရှိသည်။
 
ယခုဘဏ္ဍာနှစ်အတွင်းတွင်လည်း ဘဏ္ဍာနှစ် စတင်ရာ ဧပြီလမှ အောက်တိုဘာလကုန်အထိ ခုနစ်လတာအတွင်းတွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ မက်ထရစ်တန်ချိန်ပေါင်း ၅ ဒသမ ၈ သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၁ သန်း ရရှိထားသည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများ၌ ဖော်ပြထားလျက်ရှိသည်။
 
ထိုသို့တင်ပို့ရာတွင် လအလိုက် စာရင်းများအရ အောက်တိုဘာလတွင် တန်ချိန်ပေါင်း ၁၁၉,၅၂၆ တန်ဖြင့် အများ ဆုံးတင်ပို့နိုင်ခဲ့ပြီး မေလမှာ ၁၁၀,၇၀၆ တန်ဖြင့် ဒုတိယအများဆုံး၊ ဧပြီလတွင် ၈၇,၆၄၈ တန်ဖြင့် တတိယအများဆုံး တင်ပို့ခဲ့ကြောင်း၊ မိုးတွင်းကာလဖြစ်သည့် ဇူလိုင်၊ ဩဂုတ်လများတွင် အနည်းအကျဉ်းသာ တင်ပို့ခဲ့သော်လည်း ဇူလိုင်လတွင် ၅၈,၃၃၄ တန်၊ ဩဂုတ်လတွင် ၅၉,၉၇၁ တန် စသည်ဖြင့် တင်ပို့ထားလျက်ရှိသည်။လာမည့်ကာလများမှာ ပွင့်လင်းရာသီကာလလည်းဖြစ်သလို စပါးများအများအပြား ထွက်ပေါ်ရန်ရှိနေသေးသည်ဟု ခန့်မှန်းထားပြီး ဆန်တင်ပို့မှုတွင်လည်း ပိုမိုတင်ပို့နိုင်မည်ဟု မျှော်မှန်းထားလျက်ရှိသည်။
 
တရုတ်ဘက်သို့ ဆန်နှင့် ဆန်ကွဲများ တင်ပို့ရန်အတွက် ယခု ၂၀၂၃ ခုနှစ်တွင်း တရုတ်နိုင်ငံ GACC ဘက်သို့ အဆိုပြုတင်ပြထားသည့် မြန်မာကုမ္ပဏီများမှာ ၂၀၂၂ ခုနှစ်က ကုမ္ပဏီ ၆၂  ခု၊ ဆန်စက်  ၇၉  ခု၊ သိုလှောင်ရုံ ၁၉ ခု သာ ရှိခဲ့သော်လည်း ယခုနှစ်တွင် ကုမ္ပဏီ ၁၄၅ ခုအထိ တိုးလာကာ ဆန်စက် ၁၆၁ ခု၊ သိုလှောင်ရုံ ၁၈၂ ခုအထိ နှစ်ဆကျော်လောက် တိုးလာခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများ၌ ဖော်ပြထားသည်။
 
တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲများ တင်ပို့ပါက တင်ပို့လိုသည့် ကုမ္ပဏီများမှာ မြန်မာ-တရုတ် နှစ်နိုင်ငံချုပ်ဆိုထားသည့် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ် (Sanitary and Phytosanitary -SPS Protocol) အရ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ် ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းဖြင့် လုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ကာ တင်ပို့ကြရသည်။ 
 
အဆိုပါသဘောတူစာချုပ်အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ စတင်ကာ မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံဘက်သို့ တင်သွင်းမည့် စားသောက်ကုန်များကို GACC တွင် မှတ်ပုံတင် ပြီးနောက် တင်ပို့ကြခြင်းလည်းဖြစ်သည်။
 
မူလက ဆန်နှင့် ဆန်ကွဲများ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်အတွက် GACC အသိအမှတ်ပြု ကုမ္ပဏီ ၁၁ ခု သာရှိခဲ့သော်လည်း ၂၀၂၀ ဇူလိုင်လအတွင်းတွင် ကုမ္ပဏီ ၄၃ ခု၊ ဆန်စက် ၇၉ ခုအထိ တိုးလာခဲ့ပြီး လက်ရှိတွင်လည်း နှစ်ဆကျော်လောက် တိုးလာခြင်းဖြစ်သလို မြန်မာ့ဆန်စပါးတင်ပို့မှုအတွက် တရုတ်စျေးကွက်မှာ အားထားရသော အခြေအနေမျိုးဖြစ်ကြောင်းကို ကိန်းဂဏန်းများက ဖော်ပြနေလျက်ရှိသည်။
 
ထို့ကြောင့်ပင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးခြင်းများဖြင့်လည်း လုပ်ဆောင်လျက်ရှိပေရာ အနာဂတ်တွင်လည်း ကုန်သွယ်ရေးအတွက် အားထားရသောအခြေအနေမျိုးရှိနေဦးမည်ဖြစ်ကြောင်းကို ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်