【 ဆောင်းပါး 】 ကျေးလက်ဒေသက အွန်လိုင်းစတိုး

【 ဆောင်းပါး 】 ကျေးလက်ဒေသက အွန်လိုင်းစတိုး

ဒီကနေ့ခေတ် ကမ္ဘာ့နိုင်ငံများတွင် ကျေးလက်ဒေသမှ တောင်သူများသည် အွန်လိုင်းကုန်သွယ်မှုလမ်းကြောင်းကို အသုံးပြု၍ အဆင်ပြေစွာဖြင့် ရောင်းဝယ်ဖောက်ကားခြင်းများ တိုးတက်လာသည်။

အင်တာနက်သည် အွန်လိုင်းကုန်သွယ်မှုလမ်းကြောင်းအတွက် အရေးပါသောအစိတ်အပိုင်းဖြစ်လာသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် တည်ရှိသော တယ်ဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့တွင် ကျေးလက်ဒေသ E-Commerce စံပြစီမံကိန်းကို ၂၀၂၀ ပြည့်နှစ်က စတင်ခဲ့ရာတွင် ယခုအခါ တောင်သူများ ဝင်ငွေတိုးပြီး ပို၍ချမ်းသာလာသည်။

ရိုးရာအတိုင်း လည်ပတ်မှုနည်းလမ်းများနှင့် မယှဉ်နိုင်သော အားသာချက်များကို အသုံးချခြင်းများဖြင့် လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

မန်စီမြို့၊ ကျေးလက်ဒေသများတွင် အများပြည်သူဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ကာ စိုက်ခင်းက သီးနှံများကို အွန်လိုင်းပေါ်တွင် ရောင်းချသည့်အတွက် မြို့ထဲသို့တင်ပို့ရောင်းရမည့် အခက်အခဲကို ဖြေရှင်းပေးနိုင်ခဲ့သည်။ရှန်းထန်ကျေးရွာ ဝန်ဆောင်မှုစခန်းမှ တရုတ်နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားသို့ E-Commerce စနစ်ဖြင့် တင်ပို့ရောင်းချနိုင်ခဲ့သည်။

တရုတ်နိုင်ငံတွင် ၂၀၂၂ ခုနှစ်က လယ်ယာထွက်ကုန် အွန်လိုင်းလက်လီရောင်းချမှုမှ ယွမ် ၅၃၁ ဒသမ ၃၈ ဘီလီယံ၊ အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံခန့် ရောင်းချနိုင်ခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲမှုသည် လူနေမှုဘဝပုံစံဖြစ်လာပြီး အများစုမှာ ဆိုရှယ်မီဒီယာကို အသုံးပြုကြသည်။ကိုဗစ် (၁၉) ကာလ မတိုင်မီက E-Commerce စနစ် မတွင်ကျယ်ခဲ့သော်လည်း ကိုဗစ် (၁၉) ကာလနောက်ပိုင်း အသုံးပြုသူ ပိုများလာသည်။

ပြည်တွင်းအသုံးပြုသူအများဆုံး Facebook က E-Commerce စနစ်၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ Facebook ပေါ်မှာသာ အရောင်းအဝယ်ပြုလုပ်ကြသူများပါသည်။

E-Commerce ရောင်းဝယ်ရေးသည် အင်တာနက်ပေါ်တွင် ကုန်ပစ္စည်းများကို အီလက်ထရွန်းနစ်စနစ်ဖြင့် ဝယ်ယူခြင်း၊ ရောင်းချခြင်းတို့အတွက် လုပ်ဆောင်ချက်ဖြစ်သည်။ E-commerce သည် မိုဘိုင်းကုန်သွယ်မှု၊ အင်တာနက်ဈေးကွက်ရှာဖွေမှု၊ အွန်လိုင်းငွေပေးငွေယူလုပ်ဆောင်မှု၊  စာရင်းစီမံခန့်ခွဲမှုစနစ်များနှင့် အလိုအလျောက် ဒေတာစုဆောင်းမှုစနစ်များ စသည့် နည်းပညာများဖြင့် ရေးဆွဲထားသည်။သုံးစွဲသူ၊ ရောင်းသူ၊ ဝန်ဆောင်မှုပေးသူ၊ ငွေပေးချေမှု စသည့်အားလုံးကို နိုင်ငံတကာအဆင့် အွန်လိုင်းပလက်ဖောင်းတစ်ခုတွင် တစုတစည်းတည်း လုပ်ကိုင်နိုင်သည့် စနစ်ဖြစ်သည်။

E-Commerce မှာ ပုံမှန်အားဖြင့် အရောင်းအဝယ်လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအတွက် အနည်းဆုံး ဝဘ်ဆိုဒ်ကို အသုံးပြုသည်။အီးမေးလ်ကဲ့သို အခြားနည်းပညာများကိုလည်း အသုံးပြုသည်။ဝဘ်ဆိုက်များနှင့် မိုဘိုင်းအက်ပ်များမှတစ်ဆင့် သုံးစွဲသူများထံ တိုက်ရိုက်လက်လီရောင်းချခြင်းအတွက် အွန်လိုင်းစျေးဝယ်ခြင်း၊ တိုက်ရိုက်ချိတ်လုပ်ခြင်း၊ chatbots နှင့် voice assistant များမှတစ်ဆင့် စကားစမြည်ပြောဆို ရောင်းဝယ်ခြင်းများ ပြုလုပ်ခြင်းတို့ဖြစ်သည်။

ထို့ပြင် အိမ်မှထွက်ခွာရန်မလိုဘဲ အထူးသဖြင့် အနီးနားရှိဆိုင်များတွင် မရောင်းသော ကုန်ပစ္စည်းများဝယ်ယူခြင်းအတွက် ဝဘ်ဆိုဒ်များကို အွန်လိုင်းတွင်သာကြည့်ရှုရန် လိုအပ်သောကြောင့် သုံးစွဲသူများကို အဆင်ပြေစေခဲ့သည်။

ယနေ့ခေတ် တရုတ်နိုင်ငံမှ လူငယ်များသည် စားသောက်ဆိုင်၊ ကော်ဖီဆိုင်များ စသည့် သွားလိုသည့် ဆိုင်ကို တိုက်ရိုက်ဦးတည်မသွားတော့ဘဲ အွန်လိုင်းမှ မိမိတို့သွားမည့်ဆိုင်နှင့်ပတ်သက်သော လမ်းညွှန်ချက်များ၊ အခြားစားသုံးသူတို့၏ မှတ်ချက်ကို အရင်ဆုံးဖတ်ကြည့်ပြီးမှ ရွေးချယ်စားသုံးလေ့ရှိသည်။ခရီးသွားလျှင်တောင် သွားမယ့်ခရီးစဉ်အတွင်း စားသောက်ဆိုင်၊ တည်းခိုနေရာများကို အိပ်ရေးပျက်ခံ၍ လူမှုကွန်ရက်ဝဘ်ဆိုဒ်များကို ပြည့်ပြည့်စုံစုံ ဝင်ရောက်ရှာဖွေလေ့လာကြသည်။

တရုတ်နိုင်ငံတွင် E-Commerce အသုံးပြုမှု နှစ်စဉ်နှစ်တိုင်း တရှိန်ထိုးတိုးတက်လာသည်။ ၂၀၁၆ ခုနှစ်ကတည်းကပင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး E-commerce ဈေးကွက်ကြီးကို ရရှိခဲ့သည်။

မြန်မာနိုင်ငံရှိ ကျေးလက်ဒေသက တောင်သူများသည် ရှေးယခင်ကအတိုင်း သမားရိုးကျသာ လုပ်ကိုင်ကြသူများပါသည်။ယနေ့ခေတ်တွင် အသက်ကြီးပိုင်းရောက်နေသော တောင်သူဦးကြီးတို့ထဲ၌ အွန်လိုင်းကို အသုံးမပြုတတ်သူများလည်းရှိပါသေးသည်။တောင်သူမိသားစုထဲက ခေတ်ပညာတတ်လူငယ်များ ဦးစီးလုပ်ကိုင်နေသည့် လုပ်ငန်းများသာ အွန်လိုင်းပလက်ဖောင်းကို ကောင်းစွာအသုံးပြုနိုင်ကြသည်။သို့သော် ကျေးလက်ဒေသက တောင်သူဦးကြီးမျိုးဆက် တော်တော်များများမှာ ဘိုးဘွားအမွေအနှစ်လယ်ယာလုပ်ငန်းကိုစွန့်၍ နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်သူ ပိုများလာပါသည်။
တရုတ်နိုင်ငံအပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံတော်တော်များများသည် E-Commerce အသုံးပြုမှုကို လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်ကပင် အောင်မြင်ခဲ့ပြီးဖြစ်ပါသည်။

နယ်သာလန်နိုင်ငံ၏ ကျေးလက်ဒေသရှိ စိုက်ပျိုးခြံတို့တွင် အွန်လိုင်းဈေးဆိုင်များရှိသည်။ခြံထဲမှ ထွက်ရှိသလောက် သီးနှံများကို အွန်လိုင်းဈေးဆိုင်တွင် ဖော်ပြထားသည်။ထို့ကြောင့် သမားရိုးကျဈေးများတွင် မရောင်းရ၍ လေ့လွင့်မှုများမရှိသလို ဆိုင်းခင်းမလှ၍ ပူပန်စရာလည်း မလိုပါတော့ပေ။စားသုံးသူမှာသလောက် အသီးအနှံများကို အလေ့အလွင့်မရှိအောင် စီမံနိုင်ကြသည်။  

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်သူများနှင့် လက်လီရောင်းချသူများက အွန်လိုင်းအရောင်းမြှင့်တင်ရေးနှင့် ရောင်းချရန်အတွက် အသုံးပြုကြသည့် အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်း ထိပ်တန်းဝဘ်ဆိုဒ်များရှိသည်။ Alibaba Group ၏ Shop.com.mm သည်လည်း မြန်မာနိုင်ငံမှ အသုံးပြုသူများသည့် E-commerce လုပ်ငန်းဖြစ်သည်။  

ဆိုရှယ်မီဒီယာ အားကောင်းလာသည့် တုံ့ပြန်မှုသည် မြန်မာနိုင်ငံတွင် E-commerce လုပ်ငန်းများ တိုးတက်လာခြင်းကို တွန်းအားပေးလျက်ရှိသည်။အွန်လိုင်းရောင်းဝယ်မှုများတွင် အားသာချက်များလည်းရှိသလို အားနည်းချက်များလည်းရှိပါသည်။ယနေ့ ခေတ်လို ငွေပေး၊ ငွေယူစနစ်များတွင် ဘဏ်စနစ်သာမက ငွေပေးချေမှု အက်ပလီကေးရှင်းများလည်း တိုးလာ၍ နည်းပညာကို အခွင့်ကောင်းယူ၍ လိမ်ညာမှုများလည်းရှိလာပါသည်။သို့ဖြစ်၍ ဆိုက်ဘာလုံခြုံရေးသည် အွန်လိုင်းနယ်ပယ်ကို ကြပ်မတ်ကွပ်ကဲနေသော အဖွဲ့အစည်းများ၊ နည်းပညာကုမ္ပဏီများ၊ အင်တာနက်ကုမ္ပဏီများ၊ ဒစ်ဂျစ်တယ်လုံခြုံရေးပေးသော အဖွဲ့အစည်းများအတွက် အရေးကြီးလာသည်။

မြန်မာနိုင်ငံတွင် အွန်လိုင်းဖြင့် ကုန်စည်၊ ဝန်ဆောင်မှုတို့ရောင်းချသည့် လုပ်ငန်းများကို ခြောက်လအတွင်း မှတ်ပုံတင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည်။

E-Commerce သည် အသေးစား တစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်သူများအတွက် အလွန်ကောင်းသော ဈေးကွက်တစ်ခုပဲဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ထုတ်ကုန်အများစုမှာ ကျေးလက်ဒေသမှဖြစ်သည်။ကျေးလက်နေတောင်သူများအား ၎င်းတို့၏ ထုတ်ကုန်များကို အွန်လိုင်းစတိုးမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို ထိုးဖောက်ဝင်ရောက်နိုင်စေရန် နည်းပညာများနှင့် အသိပညာများ ယခုထက်ပိုမိုပေးနိုင်ပါက ကျေးလက်ဒေသက အွန်လိုင်းစတိုးများ ပိုမိုတွင်ကျယ်လာမည်ဖြစ်ပါသည်။

အမွန်