【 ဆောင်းပါး 】 ချင်းရွှေဟော်ကုန်သွယ်‌ရေးစခန်း၏ အနာဂတ်ဖွံ့ဖြိုးမှု

【 ဆောင်းပါး 】 ချင်းရွှေဟော်ကုန်သွယ်‌ရေးစခန်း၏ အနာဂတ်ဖွံ့ဖြိုးမှု

ကိုဗစ်-၁၉ ကာလနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ပွင့်လင်းလာပြီး ကုန်သွယ်မှုများ ပြန်လည်တိုးတက်လာသည်။  

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ပြီး တရုတ်-မြန်မာနယ်စပ်တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းပြီးလျှင် ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သည်။

၂၀၂၃ ခုနှစ်ထဲတွင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း၌ တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံကုန်သွယ်မှုများ တိုးတက်လာသည်။ သြဂုတ်လထဲတွင် မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်းများ ကောင်းမွန်လျက်ရှိသဖြင့် ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ ကုန်သွယ်နိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ ရက်နေ့အထိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၁၂၆ ဒသမ ၃၃၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၃၅၂ ဒသမ ၂၃၅ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄၇၈ ဒသမ ၅၅၇ သန်းရှိသည်။

၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ ရက်နေ့ကာလတူက ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန် ကန်ဒေါ်လာ ၁၇ ဒသမ ၁၂၅ သန်း တင်ပို့ခဲ့ပြီး၊ သွင်းကုန်မှာ ကန်ဒေါ်လာ ၂၁ ဒသမ ၃၃၁ သန်း တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ် ကာလတူကုန်သွယ်မှုအခြေအနေမှာ ကန်ဒေါ်လာ ၃၈ ဒသမ ၄၅၆ သန်းပမာဏရှိခဲ့သည်။

ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ချက်အရ ယခုနှစ်တွင် ပို့ကုန် ကန်ဒေါ်လာ ၁၀၉ ဒသမ ၂၁၄ သန်း ပိုမိုတင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၃၃၀ ဒသမ ၉၀၇ သန်းဖြင့် ပိုမိုတင်သွင်းခဲ့သည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် တည်ရှိပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မိန်းတိန်မြို့နှင့် ကပ်လျက် တည်ရှိသည်။၎င်းကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည်။

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဝဥစို၊ ဝဥခြောက် အစရှိသည့် လယ်ယာစိုက်ပျိုး‌ရေးထွက်ကုန်များ အဓိကတင်ပို့ပြီး တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စက်ပစ္စည်းများ၊ မြေဩဇာ၊ ဆေးနှင့် ဆေးဝါးပစ္စည်းများ တင်သွင်းသည်။

ချင်းရွှေဟော်မြို့သည် ရှမ်းပြည်နယ်၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်မြို့နယ်ရှိ မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော မြို့ဖြစ်သည်။လောက်ကိုင်ခရိုင်သည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ ခရိုင်တစ်ခုဖြစ်သည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၄၂၄ ဒသမ ၉၄၅ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၁၁၆ ဒသမ ၈၇၀ သန်း တင်သွင်းခဲ့သည်။တရုတ်နယ်စပ်ဒေသနှင့် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေမှာ ကန်ဒေါ်လာ ၅၄၁ ဒသမ ၈၁၅ သန်း ပမာဏရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၃၄၉ ဒသမ ၆၂၃ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၁၁၃ ဒသမ ၄၀၈ သန်း တင်သွင်းခဲ့သည်။နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေမှာ ကန်ဒေါ်လာ ၄၆၃ ဒသမ ၀၃၁ သန်းပမာဏရှိခဲ့သည်။  

ကိုဗစ်-၁၉ ကာလတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ထားခဲ့ရပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလမှစ၍ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်၍ ပုံမှန်လည်ပတ်ခဲ့သည်။ကိုဗစ်-၁၉ ကာလ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တွင်  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၂၆ ဒသမ ၄၆၇ သန်းသာရှိခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၂၁ ဒသမ ၂၃၃ သန်း ရှိခဲ့သည်။၎င်းကာလ ကုန်သွယ်မှုအခြေအနေမှာ ကန်ဒေါ်လာ  ၄၇ ဒသမ ၇၀၀ သန်း ပမာဏသာရှိခဲ့သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ကောင်းမွန်လာသည်။ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၁၈၀ ဒသမ ၁၄၁ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၁၇၀ ဒသမ ၆၀၄ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုအခြေအနေမှာ ကန်ဒေါ်လာ ၃၅၀ ဒသမ ၇၄၅ သန်းပမာဏ ပြန်လည်တိုးလာသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်ရေးအခြေအနေများမှာ ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၉၇ ဒသမ ၉၄၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၂၉၆ ဒသမ ၀၇၉ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၉၄ ဒသမ ၀၂၈ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လအတွင်း ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုများ ပိုမိုကောင်းမွန်ခဲ့ပြီး သြဂုတ် ၁၂ ရက်မှ ၂၂ ရက်အထိ ၁၀ ရက်အတွင်း ပို့ကုန် ကန်ဒေါ်လာ ၁၅ ဒသမ ၈၁၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၃၆ ဒသမ ၉၈၆ သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၂ သန်းကျော်အထိ ဆောင်ရွက်နိုင်ခဲ့သည်။

သြဂုတ်လအတွင်း မြန်မာနိုင်ငံမှ ပဲတီစိမ်း၊ မြေထောက်ပဲ၊ ပြောင်း၊ ဆန်ကွဲ၊ ထောပတ်ပဲ၊ ဘိုကိတ်ပဲ၊ ရာဘာကြမ်းတို့ တင်ပို့နိုင်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ အထည်အလိပ်များ၊ ဓာတ်မြေသြဇာ၊ ဆေးဝါးပစ္စည်းများ တင်သွင်းနိုင်ခဲ့သည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုများ လျင်မြန်သွက်လက်လာနေသည့်အပြင် ကုန်သွယ်ရေးဇုန်စီမံကိန်းများ၊ ရထားလမ်းစီမံကိန်းများဆောင်ရွက်ရန် နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုယူထားကြသည်။လက်ရှိတွင် နှစ်နိုင်ငံနယ်စပ်တွင် အရေးပါသော မွန်တင့်-ချင်းရွှေဟော် စမတ်နယ်စပ်ဂိတ်စီမံကိန်းကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

မွန်တင့်-ချင်းရွှေဟော် စမတ်နယ်စပ်ဂိတ်စီမံကိန်းကို အဓိကအားဖြင့် သတင်းအချက်အလက်နှင့် အခြေခံအဆောက်အအုံများဟူ၍ နှစ်ပိုင်းခွဲတည်ဆောက်နေပြီး ၎င်းစီမံကိန်းပြီးဆုံးပါက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသာမကဘဲ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို အစရှိသည့် နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ထဲတွင် ရှမ်းပြည်နယ်မြောက်ပိုင်း သံလွင်မြစ်အား ဖြတ်ကျော်တည်ဆောက်နေသည့် သံလွင်မြစ်ကူး (ကွမ်းလုံ) တံတားသစ်စီမံကိန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။၎င်းတံတားစီမံကိန်းပြီးလျှင် လားရှိုး-သိန္ဒီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အဓိကထွက်ပေါက်ဖြစ်လာမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း ကုန်သွယ်ရေးလမ်းကြောင်း အားကောင်းလာသော ချင်းရွှေဟော်မြို့တွင် ကုန်သွယ်ရေးလမ်းကြောင်းများ တိုးမြှင့်ဆောင်ရွက်နေသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံရှိ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံရှိ ချင်းရွှေဟော်မြို့အကြား ရထားလမ်းတည်ဆောက်ရန် နှစ်နိုင်ငံစီစဉ်နေကြပြီး ၎င်းရထားလမ်းပြီးဆုံးသွားပါက နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပိုမိုအားကောင်းမည်ဖြစ်ကြောင်း သိရသည်။

ဖွံ့ဖြိုးတိုးတက်မည့် အခြေအနေကောင်းများနှင့် တည်ရှိနေသည့် ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် မြန်မာနိုင်ငံ၊ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာအထောက်အကူပြုလျက်ရှိနေပါသည်။

အမွန်