【 ဆောင်းပါး 】 စပါးနှင့် ငါး … ပေါင်းစပ်မွေးမြူရေး

【 ဆောင်းပါး 】 စပါးနှင့် ငါး … ပေါင်းစပ်မွေးမြူရေး

စပါးခင်းများထဲတွင် ငါးများ ထည့်သွင်းမွေးမြူးခြင်းသည် ဂေဟစနစ်အတွက် သာလွန်ကောင်းမွန်သော မွေးမြူရေးပုံစံဖြစ်၍ အချို့နိုင်ငံများ၌ တွင်ကျယ်စွာ အသုံးပြုရန်အတွက် ဆောင်ရွက်လာကြသည်။

၎င်းမွေးမြူရေးပုံစံသည် တစ်မူထူးခြား ပေါ်ပေါက်လာသည်မျိုးမဟုတ်ဘဲ ရှေးရိုးရာ စိုက်ပျိုးရေးအလေ့အထတစ်ခုသာဖြစ်သည်။

စပါးစိုက်ခင်းများထဲ ငါးများမွေးမြူကြသည့်အခါ စပါးပင်များက ငါးများအတွက် အရိပ်အာဝါသနှင့် အာဟာရ၊ နေစရာတို့ကို ပေးသည်။ငါးများက အင်းဆက်ပိုးမွှားများနှင့် သားလောင်းများကို စားသုံးခြင်းဖြင့် စပါးခင်းရှိ ပိုးမွှားများနှင့် ပေါင်းပင်များကို ထိန်းချုပ်ရန် ကူညီပေးသည်။သဘာဝအတိုင်း အပြန်အလှန်အကျိုးပြုနေသော ဂေဟစနစ်တစ်ခုဖြစ်သည်။

စပါး-ငါး ပေါင်းစပ်မွေးမြူရေးသည် လယ်ကွင်းတစ်နေရာတည်းမှာပင် ရိက္ခာနှင့် ဟင်းလျာများရ၍ ကျေးလက်ဒေသ စီးပွားရေးကို လွန်စွာအထောက်အကူလည်းပြုသည်။ထိုကဲ့သို့ ပေါင်းစပ်မွေးမြုခြင်းကို လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကပင် တရုတ်၊ အိန္ဒိယတို့တွင် အစပျိုးခဲ့သည်ဟုလည်း သိရသည်။ထို့နောက် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းအပါအဝင် အာရှနိုင်ငံများနှင့် ကမ္ဘာတစ်လွှားသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်ဟု သုတေသနမှတ်တမ်းအချို့မှ သိရသည်။

ယခုခေတ်တွင် စပါးခင်းများ၌ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စသည့် ဓာတုဆေး အလွန်အကျွံ အသုံးပြုလာကြသည့်အခါ Organic စိုက်ပျိုးမှုများသည် လွန်စွာတန်ဖိုးရှိလာသည်။တရုတ်နိုင်ငံရှိ ရမ်ရှုတ်ခရိုင်၊ မေစန်းမြို့တွင် ငါးမွေးမြူခြင်းနှင့် ဆန်စပါးစိုက်ပျိုးခြင်း ပေါင်းစည်းဆောင်ရွက်သည့် ဂေဟစနစ် စိုက်ပျိုးနည်းများကို မြှင့်တင်နေသည်။ယင်းကဲ့သို့ လုပ်ဆောင်သည့်အတွက် ကုန်ကျစရိတ် သက်သာပြီး ဝင်ငွေလည်း သိသိသာသာ တိုးလာစေသည့်အပြင် စပါးအရည်အသွေးကိုလည်း ပိုကောင်းလာကြသည်ဟု သိရသည်။

စပါးနှင့် ငါး ပေါင်းစပ် လယ်ယာကို အာဆီယံနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်။မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံတွင် စပါး-ငါး မွေးမြူရေးဆောင်ရွက်ချက်များကို ရေရှည်တည်တံ့ပြီး ပေါင်းစည်းထားသော လယ်ယာစနစ်အပေါ် အသစ်တစ်ဖန် စိတ်ဝင်စားလာခဲ့ပြီး စားနပ်ရိက္ခာဖူလုံရေး၊ စိုက်ပျိုးရေး၏ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချရန်နှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များကို မြှင့်တင်ရန် နည်းလမ်းတစ်ခုအဖြစ် အသစ်တစ်ဖန် စိတ်ဝင်စားလာခဲ့ကြသည်။

တရုတ်နိုင်ငံတွင် အချို့သော ကျေးလက်ဒေသရှိ စပါး-ငါး ပေါင်းစပ် မွေးမြူရေးများ စပါးခင်းများတွင် ငါးကြင်းအမျိုးအစားများနှင့် တီလားပီးယား ငါးမျိုးစိတ်တို့ကို အများစုမွေးမြူကြသည်။အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း စပါး-ငါး ပေါင်းစပ် မွေးမြူရေးတို့ကို ရေရှည်တည်တံ့သော စိုက်ပျိုးရေး၏ အခန်းကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်နေသည်။အစားအစာထုတ်လုပ်မှုနှင့် ကျေးလက်ဒေသ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ မြှင့်တင်ရာတွင် ရေရှည်တည်တံ့ပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော မွေးမြူရေးအလေ့အကျင့်များကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်လည်း စပါးစိုက်ခင်းများအတွင်း ငါးထည့်သွင်းမွေးမြူခြင်းကို တွင်ကျယ်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ လေးဒေါင့်ကန်ငါးလုပ်ငန်းစခန်း၊ ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုငါးလုပ်ငန်းစခန်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တလုပ်လှ/ပသွယ်ငါးလုပ်ငန်းစခန်း၊  မွန်ပြည်နယ်၊ သထုံငါးလုပ်ငန်းစခန်း၊ မန္တလေးတိုင်းဒေသကြီး၊ ရေဆင်း/ကူမဲငါးလုပ်ငန်းစခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးငါးလုပ်ငန်းစခန်းတို့တွင် ပညာပေး သရုပ်ပြ စပါးစိုက်ခင်းများ ဆောင်ရွက်ထားသည်။

စပါးစိုက်ခင်းများအတွင်း ရွှေဝါငါးကြင်း၊ တီလားပီးယား၊ ငါးခုံးမကြီးနှင့် ငါးခူ ငါးမျိုးစိတ်များကို အဓိကမွေးမြူကြသည်။အချို့က ငါးအပြင် ပုစွန်ကိုပါ ထည့်သွင်းမွေးမြူကြသည်။သို့သော် စီးပွားဖြစ်အောင် မြင်နိုင်ရန်အတွက် စီမံခန့်ခွဲမှု အလေ့အကျင့်ကောင်းများ လိုအပ်သည်။လယ်သမားများအနေဖြင့် ရေ၊ သိုလှောင်သိပ်သည်းဆ၊ အစာစီမံခန့်ခွဲမှု၊ ရောဂါထိန်းချုပ်ရေးတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။

စပါးနှင့် ငါး ပေါင်းစည်းလယ်ယာများ၏ အားသာချက်များတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုဝင်ငွေအပြင် ငါးမွေးမြူရေးမှ အပိုဝင်ငွေရရှိနိုင်ခြင်း၊ စပါးပင်ကို ထိခိုက်စေသော ပိုးမွှားများကို ထိန်းချုပ်ပေးနိုင်ခြင်း၊ သီးနှံများ စိုက်ပျိုးစဉ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ဝင်ငွေထိခိုက်မှုကို လျော့နည်းစေခြင်း၊ ပေါင်းပင်များ ထိန်းချုပ်ရာတွင် အထောက်အကူပြုခြင်းတို့အပါအဝင် ငါးများလှုပ်ရှားမှုသည် မြေဆီလွှာများကို မွှေနှောက် ရောနှောစေ၍ စပါးပင်များအတွက် အရေးကြီးသော အာဟာရဓာတ်များ ထွက်လာစေ၍ စပါးအထွက်ကောင်းလာစေသည်ဟု သိရသည်။ အားနည်းချက်များလည်း ထိုက်သင့်သလောက်ရှိပါသည်။စပါးခင်းများတွင် စိုက်ပျိုး‌ရေ ပိုလိုအပ်လာသည်။ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို သုံးစွဲ၍ မရတော့ပေ။ စပါးစိုက်ဧရိယာ နည်းသွားသည့်အတွက် ထုတ်လုပ်မှု အနည်းငယ် ထိခိုက်နိုင်သည်။

ငါးမွေးကန်များမှာ မွေးမြူခြင်းကဲ့သို့ ငါးထုတ်လုပ်မှုများ မရရှိနိုင်ပေ။ရေသွင်း စိုက်ပျိုးလျှင် ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတို့ ပါဝင်လာနိုင်သဖြင့် ရေအရည်အသွေး စစ်ဆေးရန် အခက်အခဲရှိနိုင်သည်။ထို့ပြင် အရင်းအနှီးနှင့် လုပ်သားအင်အားလည်း ပိုလိုအပ်သည်ဟု သိရသည်။ထို့ပြင် ‌ရေကြီးရေလျှံဖြစ်ပွားသည့် အခြေအနေများတွင် ငါးများ ပြင်ပသို့ ထွက်ခွာသွားနိုင်သည့် အခြေအနေရှိပြီး ငါးရံကဲ့သို့ အသားစားငါးများလည်း ဝင်ရောက်နိုင်ခြေရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် EU,GIZ တို့ ပူးပေါင်းအကောင်အထည်ဖော်သည့် မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်‌ရေးစီမံကိန်း (MYSAP) ထဲတွင်လည်း စပါး-ငါး ပေါင်းစပ် စိုက်ပျိုး မွေးမြူရေးဆောင်ရွက်မှုများ ပါဝင်ခဲ့သည်။

စပါးစိုက်ခင်းများအတွင်း ငါးသားပေါက်များ ထည့်သွင်းမွေးမြူခြင်းကို မြန်မာပြည်အတွင်း စနစ်တကျလုပ်ကိုင်နိုင်မှုမှာ နည်းပါးလှပါသည်။ ပြည်တွင်းစပါးစိုက်ပျိုးမှုပုံစံများမှာ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အသုံးပြု၍ အထွက်တိုးစေရန် စိုက်ပျိုးမှုများက ပိုများပါသည်။

ကမ္ဘာတစ်ဝန်းတွင် လူဦးရေ လျင်မြန်စွာတိုးပွားလာပြီး စားနပ်ရိက္ခာ လိုအပ်ချက်များ ပိုများလာပါသည်။လိုအပ်သော စားနပ်ရိက္ခာအတွက် စိုက်ပျိုးမြေများတွင် အထွက်တိုးစေရန် ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာများ ပိုမိုသုံးစွဲလာကြသည့်အခါ မြေဆီလွှာများ၏ အရည်အသွေးမှာလည်း ယုတ်လျော့လာပါသည်။ မြေဆီလွှာအာဟာရဓာတ်များ ကုန်ခမ်းလာပါက လူသားတို့၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်၏ ဆိုးကျိုးများ ဖြစ်ပေါ်စေသည်။

ထို့ကြောင့် တရုတ်နိုင်ငံအပါအဝင် အာဆီယံနိုင်ငံများတွင် တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေသော စပါး-ငါး တွဲဖက်၍ မွေးမြူခြင်းများကို လုပ်ဆောင်နိုင်ပါက ကောင်းမွန်သော ပတ်ဝန်းကျင် ဂေဟစနစ်ကို ရရှိနိုင်မည်ဖြစ်ပေသည်။

အမွန်