【 ဆောင်းပါး 】 စိတ်ဝင်စားဖွယ်ရာ ကျောက်ဖြူအနာဂတ်

【 ဆောင်းပါး 】 စိတ်ဝင်စားဖွယ်ရာ ကျောက်ဖြူအနာဂတ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတွင် ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းများချကာ လုပ်ဆောင်နေလျက်ရှိသည်။

အဆိုပါစီမံကိန်းများမှာ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ လမ်းညွှန်မှုအောက်တွင် YUNNAN CONSTRUCTION AND INVESTMENT HOLDING GROUP CO.,LTD.(YCIH) နှင့် CITIC Myanmar တို့ အတူစီစဉ်ဆောင်ရွက်၍ ဒေသအခြေစိုက် လူမှုအဖွဲ့အစည်းများ၊ ကျောက်ဖြူဆေးရုံမှ ကူညီမှုများဖြင့် လုပ်ဆောင်ခြင်းများလည်းရှိကြသည်။

ထိုစီမံကိန်းများလုပ်ဆောင်မှုနှင့်ပတ်သက်၍လည်း ကျောက်ဖြူမြို့မှ လူငယ်စင်တာတွင် စီမံကိန်းတာဝန်ရှိသူများက ဒေသခံများနှင့်တွေ့ဆုံကာ အခမ်းအနားတစ်ရပ်ကို ပြီးခဲ့သော စက်တင်ဘာ ပထမပတ်အတွင်းက ပြုလုပ်ခဲ့ကြပြီးလည်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် “ကျောက်ဖြူ အနာဂတ်” စီမံကိန်းများ ဖြစ်ကြသည့် ရွေ့လျှားဆေးခန်းစီမံကိန်း (Mobile Clinic)၊ အာဟာရပြည့်ဝ ကလေးငယ်တို့ဘဝ စီမံကိန်း (Smiling Children Program)၊ တရုတ်ဘာသာစကားသင်တန်း စီမံကိန်း၊ လမုတော စိုက်ပျိုးရေး စီမံကိန်း (Mangrove Planting) စသည့် ပရဟိတစီမံကိန်းလေးခု၏ အခြေအနေများကို သက်ဆိုင်ရာ စီမံကိန်းတာဝန်ရှိသူများက ဒေသခံများ နားလည်သိရှိအောင် ရှင်းလင်းပြသလို စီမံကိန်းရည်ရွယ်ချက်များအတွက်ကိုလည်း ရှင်းပြခဲ့ကြသည်။

ကျောက်ဖြူဒေသသည် မြန်မာနိုင်ငံ၏ အနောက်ခြမ်းတွင် တည်ရှိနေသည့် စီးပွားရေးအရ အရေးပါသော ဒေသလည်း ဖြစ်လာသလို အနာဂတ်ကာလတွင် ဖွံ့ဖြိုးမှုအခြေအနေကောင်းများကို ပိုင်ဆိုင်ထားရာ ဒေသတစ်ခုလည်း ဖြစ်နေလျက်ရှိသည်။ထိုဒေသတွင် CITIC Consortium ရင်းနှီးမြှုပ်နှံမှုဖြင့် ကျောက်ဖြူအထူးစီးပွားရေး စီမံကိန်းကိုလည်း ဖော်ဆောင်နေလျက်ရှိသည်။အဆိုပါစီမံကိန်းမှာ ရေရှည်ဖော်ဆောင်လျက်ရှိသည့် အကြီးစားအခြေခံအဆောက်အဦ စီမံကိန်းဖြစ်ပြီး စီမံကိန်းတည်ရှိရာ ကျောက်ဖြူဒေသတစ်ဝိုက်တွင် ဒေသခံများအတွက် အကူအညီပေးနိုင်ရန် ကျောက်ဖြူအနာဂတ်ဟူ၍ အမည်ပေးထားသည့် ပရဟိတစီမံကိန်းလေးခုကိုလည်း လုပ်ဆောင်ပေးနေလျက်ရှိသည်။

သာမန်အားဖြင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သော အခြေအနေကြောင့် လူနေမှုဘဝနိမ့်ကျသော အခြေအနေများကို စီမံကိန်းများ လာရောက်လုပ်ဆောင်ကာ ဒေသဖွံ့ဖြိုးမှုအပေါ် မူတည်၍ အလုပ်အကိုင်များဖန်တီးခြင်း၊ ဝင်ငွေတိုးစေရန် အခြေအနေကောင်းများနှင့် အခွင့်အလမ်းများကို ဆုပ်ကိုင်ဖန်တီးခြင်းဖြင့် ဒေသခံတို့၏ လူနေမှုဘဝများကိုပါ တိုးတက်မြင့်မားလာစေမည့် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားလျက်ရှိသည်။

ဒေသစီမံကိန်းများမှာလည်း လာရောက်လုပ်ဆောင်သည့် ကုမ္ပဏီဘက်မှ အကျိုးရလဒ်တစ်ခုတည်းသာမကဘဲ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံများအတွက်လည်း အကျိုးပြုကာ အပြန်အလှန်ဆက်နွယ်နေသော အခြေအနေမျိုးဖြစ်သည်။

ပရဟိတစီမံကိန်းများမှလည်း ဒေသခံများ၏ ကျန်းမာရေးအတွက် စောင့်ရှောက်မှုများပေးခြင်းဖြင့် အသက်ရှည် ကျန်းမာလာကာ အနာမဲ့စွာနေထိုင်ခြင်းဖြင့် မိသားစုအတွက် ဝင်ငွေတိုးတက်အောင် လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းများကို ဖန်တီးလာနိုင်မည်ဖြစ်သည်။

ထို့အတူပင် ဒေသခံများ၏ အနာဂတ်ဖြစ်သလို တိုင်းပြည်၏ အနာဂတ်လည်းဖြစ်ကြသည့် ကလေးသူငယ်များအတွက် အာဟာရများပြည့်ဝစေမည့် အစီအမံများကို လုပ်ဆောင်နေသော စီမံကိန်းတစ်ရပ်သည်လည်း အကျိုးပြုစေခဲ့သည်။

ကလေးငယ်များမှာ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ကြသည့်အခါ အနာဂတ်တွင် ထူးချွန်ကြသည့် လူတော်လူကောင်းများအဖြစ်သို့ရောက်ရှိ၍ ဒေသအတွက် တစ်ဖန်ပြန်လည်အကျိုးပြုစေမည့် အခြေအနေတစ်ရပ်ပင်ဖြစ်သည်။

ဒေသခံများ၏ လူသားအရင်းအမြစ်များအတွက် အနာဂတ်ကာလတွင် အကျိုးရှိလာစေမည့် အခြေခံကောင်းများကို ပြုစုပျိုးထောင်ခြင်းမျိုးဖြစ်ပြီး သစ်ပင်စိုက်ပျိုးသကဲ့သို့ပင်ဖြစ်သည်။သစ်ပင်တစ်ပင် ရှင်သန်ရေးမှာ စိုက်ပျိုးသူဘက်မှ ပြုစုပျိုးထောင်မှုများလည်း အရေးပါသလို စိုက်ပျိုးရာနေရာရှိ ရေ၊ မြေ၊ ရာသီဥတု အခြေအနေကလည်း အရေးပါလှသည်။ထိုတင်မကသေး စိုက်ပျိုးသော အပင်ကလည်း ရောဂါဒဏ်ခံနိုင်သော အပင်မျိုးဖြစ်ရသလို စိုက်ပျိုးပြီးနောက်တွင် ပြုစုပျိုးထောင်မှုများကလည်း အရေးပါလှသည်။ထို့ကြောင့် ဟန်ချက်ညီညီ ချိတ်ဆက်လုပ်ဆောင်ရာတွင်လည်း အကျိုးရှိမည့် အနာဂတ်အတွက် အခြေခံကောင်းများကို အသုံးပြုရင်း ပြုစုပျိုးထောင်ကြရပေသည်။

ထိုကုသိုလ်ဖြစ် စီမံကိန်းများအတွက် အောက်ခြေမှ ဒေသခံများနှင့် တွေ့ဆုံရှင်းပြပေးကြသည့် အခြေအနေမျိုးမှာလည်း ဒေသခံများအတွက် ထိရောက်၍ အသိအမြင်ပွင့်လန်းစေမည်ဖြစ်သည်။ပွင့်လင်းမြင်သာမှုရှိသော အခြေအနေမျိုးပင် ဆိုရပေမည်။ထိုသို့ မဟုတ်ကအထင်ဖြင့် လိုရာပုံဖော်ရင်း လွဲမှားသောအခြေအနေမျိုးကို တွေးနိုင်သလို အထင်မြင်လွဲမှုမျိုးဖြင့် တုံ့ပြန်မှုများက မဖြစ်သင့်ပေ။ထို့ကြောင့် ပွင့်လင်းမြင်သာအောင် ပြုမူခဲ့ကြသော ယခုလိုအခြေအနေများအတွက် ကောင်းမွန်သော လုပ်ဆောင်မှုများဖြစ်သည်ဟု ဆိုရပေမည်။

ကုသိုလ်ဖြစ် စီမံကိန်းများနှင့်ပတ်သက်၍လည်း ဒေသခံများဘက်မှ မိမိတို့လိုအပ်သောအခြေအနေနှင့် လုပ်ဆောင်ပေးနိုင်မည့် အခြေအနေတို့ကို ဆွေးနွေးအကြံပြုပေးကြသည်။ယခုလို ကူညီသူနှင့် အကူအညီများ လက်ခံမည့်သူများကြားတွင် အပြန်အလှန်နားလည်မှုရှိလာစေမည်ဖြစ်သည်။ထို့ကြောင့်ပင် ကုသိုလ်ဖြစ်စီမံကိန်းများကို ရေရှည်လုပ်ဆောင်ပေးသွားနိုင်ရန်အတွက် ဒေသခံများက လိုလားနေကြသလို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးရန်အတွက်လည်း ဆန္ဒရှိနေကြခြင်းဖြစ်သည်။

ကျောက်ဖြူဒေသတွင် စီမံကိန်းများနှင့်ပတ်သက်၍ တင်ဒါအောင်မြင်ပြီးချိန်ကတည်းကစပြီး CITIC Consortium က ဒေသခံလူထုများထံ အကျိုးပြုစေမည့် ပရဟိတလုပ်ငန်းများကို လုပ်ဆောင်ခဲ့သလို ယခုအခါ ကုသိုလ်ပြုစီမံကိန်းများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ထိုတင်ဒါအောင်ပြီးချိန်မှ စတင်ခဲ့သော ပရဟိတလုပ်ငန်းများဖြင့် အကူအညီပေးသည့် စီမံကိန်းများမှာ လက်ရှိအချိန်အထိ တရုတ်ယွမ်ငွေ သန်း ၂၀ ကျော် ရှိလာပြီဖြစ်သည်ဟု ကုမ္ပဏီဘက်မှ တရားဝင်ထုတ်ပြန်ထားသော စာရင်းများ၌ ဖော်ပြထားသည်။

ထိုသို့ အကူအညီပေးရာ ပရဟိတလုပ်ငန်းများတွင် ကျေးလက်ဒေသခံများ၏ စားဝတ်နေရေးအတွက် အရင်းအနှီးများပြုကာ လုပ်ဆောင်နိုင်မည့် ရန်ပုံငွေစီမံကိန်းကိုလည်းကောင်း၊ ကမ်းရိုးတန်းဒေသများအတွင်း နေထိုင်ကြရသည့်အတွက် သဘာဝဘေးအန္တရာယ်များအပါအဝင် မုန်တိုင်းနှင့် မိုးများကြောင့် ကြုံလာနိုင်သော ရေဘေးအန္တရာယ်များအတွက် ကူညီကယ်ဆယ်သည့် လုပ်ငန်းများကိုလည်းကောင်း၊ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးစေမည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးမှုများကိုလည်းကောင်း၊ ကျောင်းနေအရွယ် ကလေးငယ်များအတွက် မေတ္တာအိတ်ထုပ်ဟူသည့် ကျောပိုးအိတ်များနှင့် CITIC POLO ရှပ်အင်္ကျီ ပေးဝေမှုတို့ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်သေဆုံးမှုများ မကြုံစေရန်အတွက် ကပ်ရောဂါဆိုင်ရာ ကာကွယ်တားဆီးရေးပစ္စည်းများကို လှူဒါန်းပေးခြင်းများကိုလည်းကောင်း အစရှိသဖြင့် ပရဟိတစီမံကိန်းပေါင်း ၁၀ ခုကျော်ကို လုပ်ဆောင်ပေးခဲ့ကြသည်။ယင်းပရဟိတစီမံကိန်းများမှာလည်း သောင်းနှင့်ချီသော ဒေသခံများကို အကျိုးပြုစေလာခဲ့သည်။

ထိုစီမံကိန်းများ လုပ်ဆောင်ပေးသည့်အခါတိုင်း မလုပ်ဆောင်ခင် စီမံကိန်းဆိုင်ရာ အကြောင်းအရာများကို ဒေသခံများနှင့် တွေ့ဆုံ၍ လူထုတွေ့ဆုံပွဲများပြုလုပ်ပေးခြင်းဖြင့် ဒေသခံများကြားတွင် လက်ရှိလိုအပ်နေသော အခြေအနေများ၊ ကြုံနေရသော အခက်အခဲများနှင့် ကူညီပေးနိုင်မည့် အခြေအနေများကို သိရှိလာကာ ဒေသခံများ၏ လိုအပ်ချက်နှင့် ထပ်တူညီသော အကူအညီမျိုးကို ပေးစွမ်းနိုင်လာခဲ့သည်။

ကျောက်ဖြူမြို့သည် ရေမြေအခြေခံကောင်းများနှင့် ပထဝီဝင်ဆိုင်ရာ အချက်အချာအရ အနာဂတ်ကာလတွင် နိုင်ငံတကာသို့ ကုန်စည်များ ပို့ဆောင်ကုန်သွယ်ရာ၌ အဓိကကျသော ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်လာတော့မည်ဖြစ်သည်။

စီမံကိန်းလုပ်ဆောင်နေသည့် CITIC ကလည်း ဒေသခံများအတွက် “ကျောက်ဖြူ အနာဂတ်” ဟူ၍ အမည်ပေးထားသည့် ကုသိုလ်ပြုစီမံကိန်းများကို လုပ်ဆောင်ရင်း ဒေသခံများ လူမှုဘဝဖွံ့ဖြိုးရေးအတွက်သာမကဘဲ ဒေသဖွံ့ဖြိုးမှုအတွက်ကိုပါ တစ်ဖက်တစ်လမ်းမှ လုပ်ဆောင်ပေးနေလျက်ရှိပေသည်။

ထို့ကြောင့် အနာဂတ်ကာလတွင် သာယာဝပြောသည့် ဆိပ်ကမ်းမြို့အဖြစ် အတူလက်တွဲတည်ဆောက်ရန် ကြိုးပမ်းဖော်ဆောင်နေကြောင်း အသိပေး ရေးသားလိုက်ရပေသည်။

ဧပရယ်လ်