【 ဆောင်းပါး 】 စီမံကိန်း စတင်နိုင်ရေး ကြိုးပမ်းလာသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း

【 ဆောင်းပါး 】 စီမံကိန်း စတင်နိုင်ရေး ကြိုးပမ်းလာသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း

ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို မြန်မာစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့က ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာဖြင့် ဧရိယာ ၄၂၈၉ ဒသမ ၃၂ ဧကကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။
 
ယင်းအနက် ရေနက်ဆိပ်ကမ်းအတွက် ၆၀၇ ဒသမ ၈၈ ဧက၊ စက်မှုဇုန်စီမံကိန်းအတွက် ၂၄၄၆ ဒသမ ၀၇ ဧကနှင့် အဆင့်မြင့်အိမ်ရာစီမံကိန်းအတွက် ၁၂၃၅ ဒသမ ၃၇ ဧကတို့ ပါဝင်သည်။
 
အဆိုပါဧရိယာအနက် မြေသိမ်းဆောင်ရွက်ရမည့် ၁၈၃၂ ဒသမ ၁၅ ဧကအတွက် မြေသိမ်းအက်ဥပဒေပုဒ် ၄ ပုဒ်မခွဲ (၁) အရ ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၉ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာ ထုတ်ပြန်ကြေညာခဲ့ပြီး မြေသိမ်းကော်လိတ္တော်အရာရှိအဖြစ် အပ်နှင်းထားသော ခရိုင်အုပ်ချုပ်ရေးမှူးက ယင်းကိစ္စအပေါ်တွင် ကန့်ကွက်ရန်ရှိပါက ကန့်ကွက်နိုင်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း ယခင်အစိုးရလက်ထက်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
 
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် (Framework Agreement) ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် နေပြည်တော်၌ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် CITIC Consortium တို့ အပြန်အလှန်လက်မှတ်ရေးထိုး ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်တို့ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး စာချွန်လွှာများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ  ၁၈ ရက်တွင် လဲလှယ်ခဲ့ကြသည်။
 
ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းကို ပထမအဆင့် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ရင်းနှီးမြှုပ်နှံမှုဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ပြီး စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ယင်းအခြေအနေအပေါ် တရုတ်ဘက်က သဘောတူညီထားကြောင်း အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ထားချက်များအရ သိရသည်။
 
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့သည် ၂၀၁၄ ခုနှစ် မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအခန်း (၅)၊ ပုဒ်မ (၉)၊ ပုဒ်မခွဲ (ဃ) အရ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်စွဲဖြင့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၊ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
 
ဥက္ကဋ္ဌအဖြစ် ဦးမြင့်သိန်း၊ ဒုတိယဝန်ကြီး (ငြိမ်း) ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် ဦးစံရွှေမောင်၊ အဖွဲ့ဝင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဒုတိယဥက္ကဋ္ ဌ(၂) အဖြစ် ဦးဝင်းမြင့်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ အဖွဲ့ဝင်များအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ရခိုင်ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရခိုင်ပြည်နယ်) ပြည်နယ်တာဝန်ခံ၊ ညွှန်ကြားရေးမှူး၊ ရခိုင်ပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ဖြစ်သည်။
 
အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ဆန်းဦး၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး (ကျောက်ဖြူခရိုင်) တို့ဖြစ်သည်။
 
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေး နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များကို ပြီးပြတ်အောင်ဆောင်ရွက်ရန် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အောက်တိုဘာ ၁၂ ရက်က ကျင်းပသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၃) တွင် ပြောကြားခဲ့သည်။
 
ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ရေနက်ဆိပ်ကမ်းစီမံကိန်း၏ မူဘောင်သဘောတူညီချက် (Framework Agreement) ရေးထိုးနိုင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီတွင် Shareholder’ Agreement နှင့် နိုဝင်ဘာတွင် Concession Agreement ကို နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးခဲ့ပြီးဖြစ်သည်။
 
ယခင်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်များနှင့်ပတ်သက်ပြီး နှစ်ဖက်အဓိပ္ပာယ်ကွဲလွဲယူဆ၍ ရနိုင်သည့် အချက်အချို့ရှိရာ ပြန်လည်ညှိနှိုင်းရမည့် အချက်များကို နိုင်ငံတော်အကြီးအကဲက ဆွေးနွေးညှိနှိုင်းရန် မူအားဖြင့် ခွင့်ပြုထားပြီးဖြစ်၍ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်ပြီး တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်ညှိနှိုင်းမှုများနှင့် Win Win ဖြစ်အောင် နှစ်ဖက်လုပ်ငန်းအဖွဲ့အချင်းချင်း ဆွေးနွေးမှုများ အပြုသဘောဆောင်ပြီး စီမံဆောင်ရွက်ရန်လိုကြောင်း နစက ဒုတိယဥက္ကဋ္ဌက ဆိုသည်။
 
ထိုသို့ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းများ အမြန်ဆုံးစတင်နိုင်ရေးအတွက် နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့် အချက်များ (Conditions Precedent) ကို ပြီးပြတ်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ဘက်က ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် အချက်များကို သတ်မှတ်ကာလအတွင်း ပြီးစီးအောင်် ဆောင်ရွက်သွားနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ကျောက်ဖြူစီမံခန့်ခွဲမှု ကော်မတီများအနေဖြင့် လိုအပ်ချက်ပေါ် မူတည်ပြီး ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရန်လိုကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
 
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ဒေါ်လာငါးသန်း ထည့်ဝင်နိုင်သည့် မြန်မာကုမ္ပဏီများဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်မည့် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီများပါဝင်သည့် အဖွဲ့အစည်း ဖွဲ့စည်းမည်ဟု သိရသည်။
 
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရအသိအမှတ်ပြု မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများပါဝင်သည့် (Myanmar Government Designated Entity Consortium) ဖွဲ့စည်းရေး စီစဉ်လျက်ရှိသည်။
 
ထိုသို့ ဖွဲ့စည်းရာတွင် အောက်ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီများအား စိစစ်ရွေးချယ်၍ ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်သည်။ 
 
အဆိုပါသတ်မှတ်ချက်များအနက် အချို့မှာ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ပြည်တွင်းတွင် မှတ်ပုံတင်၍ ဖွဲ့စည်းထားသော မြန်မာနိုင်ငံသားပိုင် ပုဂ္ဂလိကကုမ္ပဏီ (သို့မဟုတ်) အများနှင့်သက်ဆိုင်သော ကုမ္ပဏီဖြစ်ရမည်။ 
 
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် ကုမ္ပဏီမှတ်ပုံတင် (MyCO) တွင် Suspended ဖြစ်နေသည့် ကုမ္ပဏီမဖြစ်စေရ။
 
လွန်ခဲ့သည့် သုံးနှစ်အတွင်း လုပ်ငန်းမှ ပျမ်းမျှဝင်ငွေ (Average Munimun Annual Turnover) အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀ (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် နိုင်ငံခြားငွေ (သို့မဟုတ်) ယင်းနှင့်ညီမျှသည့် မြန်မာကျပ်ငွေရှိနေသည့် ကုမ္ပဏီဖြစ်ရမည်။ 
 
ဝန်ကြီးဌာန/နေပြည်တော်ကောင်စီ/တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတစ်ခုခု၌ နာမည်ပျက်စာရင်း (သို့မဟုတ်) တားမြစ်ပိတ်ပင်ထားခြင်း (သို့မဟုတ်) အရည်အချင်းမပြည့်မီဟု သတ်မှတ်ထားခြင်းတွင် ပါဝင်နေသည့် ကုမ္ပဏီမဖြစ်စေရ။ 
 
ကုမ္ပဏီတွင် လိုအပ်သည့် ပညာရှင်ဝန်ထမ်းနှင့် အခြားကျွမ်းကျင်သူ ဝန်ထမ်းလုံလောက်စွာ ခန့်အပ်ထားရှိရမည်ဖြစ်ပြီး နည်းပညာဆိုင်ရာ ကျွမ်းကျင်ဝန်ထမ်းများကို စီမံကိန်းတွင် ထောက်ပံ့ထားရှိပေးနိုင်ရမည်။
 
စတင်အဆိုပြုသည့်အချိန်တွင် အနည်းဆုံး အမေရိကန်ဒေါ်လာငါးသန်း ထည့်ဝင်နိုင်ကြောင်း အထောက်အထားတစ်ခုခု တင်ပြနိုင်သည့်ကုမ္ပဏီဖြစ်ရမည်၊ လွန်ခဲ့သည့် သုံးနှစ်အတွင်း ကုမ္ပဏီ၏ ဘဏ္ဍာရေးဆိုင်ရာရှင်းတမ်းများ (Financial Report) ကို လက်မှတ်ရ ပြည်သူ့စာရင်းကိုင်၏ စာရင်းစစ်အစီရင်ခံစာ (Audit Report) နှင့်အတူ ပူးတွဲတင်ပြနိုင်ရမည်။ 
 
ထို့ပြင် အခွန်ကျေပွန်ကြောင်း အထောက်အထားအဖြစ် သက်ဆိုင်ရာအခွန်ရုံးက ထုတ်ပေးသည့် အခွန်ကင်းရှင်းကြောင်း အထောက်အထား တင်ပြရမည် စသည်တို့ဖြစ်သည်။
 
သို့ဖြစ်ရာ စိတ်ပါဝင်စားသည့် ကုမ္ပဏီများအနေဖြင့် အချက်အလက်များ ဖြည့်သွင်းပြီးသည့် အဆိုပြုလွှာနှင့် ဆက်စပ် စာရွက်စာတမ်းများကို အဆိုပြုလွှာထုတ်ယူရာဌာန၌ ဒီဇင်ဘာ ၁၅ ရက် နောက်ဆုံးထား ပေးပို့ရမည်ဟု သိရသည်။
 
ကျောက်ဖြူအထူးစီးပွားရေးဇုန်၌ ရေနက်ဆိပ်ကမ်းစီမံကိန်းသည် အရေးပါပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော်ရန်လိုကြောင်း၊ ရေနက်ဆိပ်ကမ်းစီမံကိန်းကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ အနေဖြင့်လည်း ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းများ အချိန်တိုအတွင်း အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေး လမ်းညွှန်မှုများ ပြုလုပ်ထားပြီးဖြစ်သည့်အတွက် လိုအပ်သည့် ညှိနှိုင်းဆွေးနွေးမှုများကို အချိန်တိုအတွင်း ပြီးပြတ်အောင် ဆက်လက်လုပ်ဆောင်ပြီး စီမံကိန်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန် အသိပေးလိုကြောင်း နစက ဒုတိယဥက္ကဋ္ဌက ဆိုသည်။
 
အမွန်