【 ဆောင်းပါး 】 ဆယ်စုနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

【 ဆောင်းပါး 】 ဆယ်စုနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး

မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကနေ နှစ်စဉ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိပါတယ်။

ဒီထဲမှာ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်မှုပမာဏအများဆုံး ကုန်သွယ်မှုပြုလုပ်နေတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို မြန်မာဘက်အခြမ်းရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် ကုန်သွယ်မှုပြုလုပ်နေခြင်းဖြစ်ပါတယ်။ဒီထဲမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းမှာ အဓိကအရေးပါပြီး နှစ်နိုင်ငံကုန်သွယ်မှုကို အများဆုံးပြုလုပ်နေတဲ့ ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတစ်ဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းခြောက်ထောင်နီးပါးအထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးရဲ့ စုစုပေါင်းကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅၈၈၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၅၉၅၀ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၆၂၉၆ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၆၇၇၀ သန်းအထိ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

အလားတူ ၂၀၁၈ မီနီဘတ်ဂျက်ကာလမှာလည်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းအားလုံးကနေ ကန်ဒေါ်လာ ၃၃၁၉ သန်း၊ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၅၉၀၉ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၅၉၀၉ သန်း တန်ဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။အဲဒီကိန်းဂဏန်းတွေအရ တရုတ်-မြန်မာ နှစ်နိုင်ငံ နှစ်စပ်ကုန်သွယ်မှုပမာဏဟာ နှစ်စဉ် ကန်ဒေါ်လာ သန်း ၆၀၀၀ နီးပါး ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီထဲမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်အထိ နယ်စပ်ကုန်သွယ်မှုပြုလုပ်ခဲ့သလို  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုရဲ့ စံချိန်တင်ပမာဏဖြစ်တဲ့ ကန်ဒေါ်လာ ၆၇၇၀ သန်းအထိ ကုန်သွယ်မှုပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်ကစပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏဟာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၅၀၃၉ သန်း တန်ဖိုးသာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးဟာ အနည်းငယ်ပြန်လည်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ မီနီဘတ်ဂျက်ကာလမှာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကန်ဒေါ်လာ ၈၅၈ သန်းသာရှိခဲ့သလို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာလည်း  ကန်ဒေါ်လာ ၃၁၀၁ သန်းဖိုးသာ ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ပါတယ်။

ကိုဗစ် ၁၉ ကပ်ရောဂါရဲ့ ရိုက်ခတ်မှုတွေနဲ့အတူ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာလည်း ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ အရင်ကာလတွေထက် ထက်ဝက်ကျော် ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။

အခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် အောက်တိုဘာလထိ ၈ လတာကာလအတွင်းမှာလည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏဟာ စုစုပေါင်း ကန်ဒေါ်လာ ၂၄၁၉ သန်းကျော်သာ ရှိပါသေးတယ်။ဒါပေမဲ့ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ၈ လအတွင်း နယ်စပ်ကုန်သွယ်မှုပမာဏာဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ တိုးလာတာ တွေ့ရပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိသည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းနေခြင်းဖြစ်ပါတယ်။ဒါ့အပြင် အခု ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်မှ စတင်ပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို စတင်ခွင့်ပြုခဲ့ပါတယ်။အလားတူ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး တိုးတက်လာစေဖို့အတွက် နှစ်နိုင်ငံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။

လက်ရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုပမာဏဟာ ကိုဗစ်မတိုင်ခင်ကာလတုန်းကလို ပြန်လည်ရောက်ရှိလာခြင်း မရှိသေးပေမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အထိ နယ်စပ်ကုန်သွယ်မှုအနေထားက တရိပ်ရိပ် ပြန်တိုးလာတာဖြစ်ခဲ့ပါတယ်။သို့သော်လည်း တရုတ်-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်းရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေနေတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေဟာလည်း ရပ်တန့်လုနီးပါး ဖြစ်ခဲ့ရပါတယ်။

နယ်မြေ မတည်ငြိမ်မှုတွေကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကအထိနာခဲ့ရတာကတော့ မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။

နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ခန့် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့တဲ့ ကိုဗစ်မတိုင်ခင်ကာလတုန်းကလိုမျိုး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအခြေအနေ ပြန်ဖြစ်လာဖို့အတွက် တခြားသောလိုအပ်ချက်တွေရှိနေသလို လက်ရှိအခြေနေတွေကြောင့်လည်း အဟန့်အတားတွေဖြစ်ခဲ့ရတယ်လို့ နယ်စပ်ကုန်သည်တွေက ဆိုပါတယ်။

ခန့်မောင်