【 ဆောင်းပါး 】 တရုတ်-မြန်မာစီးပွားရေးစင်္ကြံခရီး

【 ဆောင်းပါး 】 တရုတ်-မြန်မာစီးပွားရေးစင်္ကြံခရီး

တရုတ်-မြန်မာ စီပွားရေးစင်္ကြံ စီမံကိန်းကြီးတစ်ခု အစပျိုးခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုကျော်လာပြီဖြစ်သည်။

မဟာဗျူဟာမြောက် အရေးပါသည့် ၎င်းစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်ကတည်းက ကြေညာခဲ့သော BRI မဟာဗျူဟာအစီအမံ၏ အစိတ်အပိုင်းဖြစ်သည်။လက်ရှိတွင် အစိတ်အပိုင်းတစ်ခုချင်းဆီ ပုံဖော်လျက်ရှိသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (China-Myanmar Economic Corridor-CMEC) သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းနှင့် မြန်မာနိုင်ငံရှိ မူဆယ်၊ မန္တလေး၊ ရန်ကုန်နှင့် ကျောက်ဖြူမြို့အထိပါဝင်ပြီး အင်္ဂလိပ်အက္ခရာ “Y” ပုံသဏ္ဍာန်ရှိ၍ စုစုပေါင်း ကီလိုမီတာ ၁၇၀၀ နီးပါး (မိုင်တစ်ထောင်ကျော်) ရှည်လျားမည်ဖြစ်သည်။

စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်တွင် အထူးစီးပွားရေးဇုန်များ၊ အဆင့်မြင့်နယ်စပ်ဂိတ်များ၊ ဆိပ်ကမ်းများ၊ ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ်လုပ်နိုင်မည့် စက်မှုဇုန်များ စသဖြင့် ကုန်လမ်းကြောင်းနှင့် ရေလမ်းကြောင်းများ အသုံးပြုနိုင်သည့် စီမံကိန်းများ ပါဝင်ပါသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတွင်ပါဝင်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်သည် တရုတ်နိုင်ငံကို အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက်ပေးမည့် ဒေသတွင်း မဟာဗျူဟာကျသည့် စီမံကိန်းတစ်ခုဖြစ်သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ၏ ကဏ္ဍအစုံ၊ နယ်ပယ်အစုံက ပူးပေါင်းဆောင်ရွက်မှုများ၏ ဆုံမှတ်သည် Belt and Road မဟာစီမံကိန်း OBOR နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) တို့သာ ဖြစ်ပါသည်။

သံတမန်ဆက်ဆံရေး နှစ် ၇၀ ကျော်လာပြီဖြစ်သည့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ကြားတွင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ကို အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ချက်ဖြင့် သဘောတူညီချက်များ၊ နားလည်မှုစာချွန်လွှာများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များကို ယခင်အစိုးရလက်ထက်နှင့် ယခုအစိုးရလက်ထက်တွင် ချုပ်ဆိုခဲ့ပြီဖြစ်သည်။

စီးပွားရေးစင်္ကြံစီမံကိန်းတွင် ကူမင်း-ကျောက်ဖြူ ရထားလမ်းသည် အလွန်အချက်အချာကျပြီး ကီလိုမီတာ ၁၄၀၀ ဝန်းကျင် ရှည်လျားမည့် မြန်နှုန်းမြင့်ရထားလမ်းကွန်ရက်ဖြစ်သည်။မူဆယ်-ကျောက်ဖြူ မီးရထားလမ်းသည် ကီလိုမီတာ ၈၁၀ ရှည်လျားမည်ဖြစ်ပြီး ယူနန်ပြည်နယ်အတွင်း ဖောက်လုပ်ထားသည့် ပေကျင်း-ကူမင်း-ရွှေလီအမြန်ရထားလမ်းပိုင်းနှင့် ချိတ်ဆက်မည်ဖြစ်သည်။

ပထမပိုင်းဖြစ်သည့် မူဆယ်မှ မန္တလေးအထိ ရထားလမ်း (၄၃၁) ကီလိုမီတာအတွက် အမေရိကန်ဒေါ် လာ ၈ ဒသမ ၉ ဘီလီယံ အသုံးပြုရန် ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် နယ်စပ်ဒေသ၏ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များလည်း ပါဝင်သည်။အထူးသဖြင့် မူဆယ်-မန္တလေး မီးရထားလမ်းစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကတည်းက နှစ်နိုင်ငံသဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်ရေးစီးပွားရေးဇုန်များတွင် ရှမ်းပြည်နယ် မူဆယ်၊ ချင်းရွှေဟော်နှင့် ကချင်ပြည်နယ် ကံပိုင်တည်မြို့များတွင် စက်မှုကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ရန် စီစဉ်ထားပြီး ကုန်သွယ်ရေးဇုန်များတွင် SME စင်တာများ၊ ကုန်သွယ်ရေးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများနှင့် အရည်အသွေးမြင့်ထုတ်ပိုးရေးဌာနများ ပါဝင်မည်ဖြစ်သည်။

မြန်မာအစိုးရနှင့် တရုတ်အစိုးရပိုင်လုပ်ငန်း (CITIC) တို့သည် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး သဘောတူညီချက် နောက်ဆက်တွဲစာချုပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ကျောက်ဖြူဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်များသည် ယူနန်ပြည်နယ်၊ ကူမင်းနှင့် အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်ရေးကီလိုမီတာ ၁၇၀၀ ရှည်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ အဓိကအစိတ်အပိုင်းဖြစ်သည်။အထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းသည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မဒေးကျွန်းတွင် မြေ ၁၅၀ ဟက်တာနှင့် ရမ်းဗြဲကျွန်းတွင် မြေ ၉၆ ဟက်တာ အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းက မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးစင်္ကြံနှင့် BRI ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး ကိစ္စရပ်များကို နေပြည်တော်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရန် ကြိုးစားနေသည်ဟု မြန်မာအထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ပြုလုပ်သည့် ၎င်းစီမံကိန်းများ နောက်ဆက်တွဲ စာချုပ်လက်မှတ်ရေးထိုးသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီမံကိန်း စတင်တည်ဆောက်နိုင်ရန်အတွက် ပထဝီမြေမျက်နှာသွင်ပြင် တိုင်းတာရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုစီးပွားရေးအပေါ် အကျိုးသက်ရောက်မှု၊ နစ်နာမှုဆိုင်ရာ ဆန်းစစ်ချက်များဖြစ်သည့် EIA , SIA စစ်တမ်းများ ဆောင်ရွက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ BRI စီမံကိန်းတွင် မဟာဗျူဟာကျသည့်နေရာတွင် တည်ရှိပြီး တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားစင်္ကြံနှင့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ အစိတ်အပိုင်းများတွင် ပါဝင်လျက်ရှိသည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းတွင် ထပ်မံ၍ သီရိလင်္ကာနိုင်ငံသို့ တိုးချဲ့ဆောင်ရွက်ရန် တရုတ်-သီရိလင်္ကာနိုင်ငံတို့ ဆောင်ရွက်နေပြီဖြစ်သည်။ BRI စီမံကိန်းတွင် ပါဝင်သည့် သီရိလင်္ကာနိုင်ငံအနေဖြင့် စီမံကိန်း၏ ဒုတိယအဆင့်ကိုသွားရန် ပြင်ဆင်နေကြောင်း ၎င်းနိုင်ငံ၏သမ္မတ ကြေငြာခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တည်ဆောက်ထားသည့်အလျောက် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများစွာရှိနေသည်။

ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI)၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများဖြင့် နှစ်နိုင်ငံ ရေတို၊ ရေရှည် သွားရမည့် လုပ်ငန်းစဉ်များကို ခရီးဆက်လျက်ရှိသည်။

အမွန်