【 ဆောင်းပါး 】 တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့

【 ဆောင်းပါး 】 တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှသည် စီးပွားရေးဖွံ့ဖြိုးမှုဆီသို့

ယခုနှစ်ထဲတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအခြေအနေများ အလုပ်ဖြစ်စပြုလာနေသည်။

ကိုဗစ် (၁၉) ကမ္ဘာ့ကပ်ရောဂါ ဆုတ်ခွာသွားခြင်း၏ အဓိကအားသာချက်တစ်ခုလည်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အိမ်နီးချင်း တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး (၅) ခုဖြင့် အဓိကကုန်သွယ်လျက်ရှိသည်။ရေကြောင်းလမ်းဖြင့်လည်း ကုန်သွယ်မှုများရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးသည် အဓိကအရေးပါလျက်ရှိနေပါသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှုအများဖြစ်သည့် မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်နေ့အထိ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၆၆၈ ဒသမ ၈၆ သန်းရှိပြီး ယခင်နှစ်ကာလတူက ကန်ဒေါ်လာ ၆၈၁ ဒသမ ၂၉၂ သန်း ကုန်သွယ်မှုပမာဏရှိခဲ့သည်။

ကာလတူနှိုင်းယှဉ်ချက်အရ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ယခင်နှစ်ထက် ပို့ကုန်တင်ပို့မှု အနည်းငယ်လျော့ကျသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်၏ သွင်းကုန်အခြေအနေမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၂၇၆ ဒသမ ၇၁၆ သန်း တင်သွင်းခဲ့ပြီး ယခင်နှစ်ကာလတူက ကန်ဒေါ်လာ ၈၉ ဒသမ ၄၈၆ သန်း တင်သွင်းခဲ့သည်။ကာလတူနှိုင်းယှဉ်ချက်အရ တရုတ်နိုင်ငံမှ တင်သွင်းကုန်များ ယခင်နှစ်ထက် ပိုများသည်။

လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်၏ ကာလတူကုန်သွယ်ရေးအခြေအနေမှာ ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ပို့ကုန် ကန်ဒေါ်လာ ၁၃ ဒသမ ၀၈ သန်း တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၁၆ ဒသမ ၁၃၈ သန်း တင်သွင်းခဲ့သည်။ယခင်နှစ်ကာလတူက ပို့ကုန် ကန်ဒေါ်လာ ၄၂ ဒသမ ၂၂၄ သန်း တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၂၀ ဒသမ ၀၇၈ တင်သွင်းခဲ့သည်။ကာလတူနှိုင်းယှဉ်ချက်အရ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်၏ အခြေအနေမှာ ယခင်နှစ် ကာလတူထက် ပိုကုန်၊ သွင်းကုန် ကုန်သွယ်မှုအခြေအနေများ လျော့ကျခဲ့သည်။

ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ပို့ကုန် ကန်ဒေါ်လာ ၁၁၅ ဒသမ ၀၈၇ သန်းကို တင်ပို့ခဲပြီး သွင်းကုန် ၃၂၈ ဒသမ ၉၀၉ သန်း တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ်ကာလတူက ပို့ကုန် ကန်ဒေါ်လာ ၁၄ ဒသမ ၇၈၆ သန်း တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၁၈ ဒသမ ၆၆၅ သန်း တင်သွင်းခဲ့သည်။သို့ဖြစ်၍ ကာလတူနှိုင်းယှဉ်ချက်အရ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးမှာ ယခင်နှစ်ထက် ကုန်သွယ်မှုတိုးတက်လာခဲ့သည်။

ကံပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်တွင် ယခုဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ပို့ကုန် ကန်ဒေါ်လာ ၄၇ ဒသမ ၁၃၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၈ ဒသမ ၁၅၂ သန်း တင်သွင်းခဲ့သည်။ယခင်နှစ်ကာလတူက ပို့ကုန် ကန်ဒေါ်လာ ၃၆ ဒသမ ၂၂၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ၃ ဒသမ ၅၂၁ သန်း တင်သွင်းခဲ့သည်။ကာလတူနှိုင်းယှဉ်ချက်အရ ကံပိုက်တည် နယ်စပ်ကုန်သွယ်ရေးဂိတ်မှာလည်း ယခင်နှစ်ထက် ပိုမိုကုန်သွယ်နိုင်ခဲ့သည်။

ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးဂိတ်အခြေအနေမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၁ ရက်အထိ ပို့ကုန် ကန်ဒေါ်လာ ၁ ဒသမ ၄၃၈ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၁ ဒသမ ၅၄၂ သန်း ကုန်သွယ်မှုရှိခဲ့သည်။ယခင်နှစ်ကာလတူက ကန်ဒေါ်လာ ၂ ဒသမ ၃၇၉ သန်း တင်ပို့ခဲ့ပြီး သွင်းကုန် ကန်ဒေါ်လာ ၂ ဒသမ ၀၆၅ သန်း တင်သွင်းခဲ့သည်။သို့ဖြစ်၍ ကျိုင်းတုံ နယ်စပ်ကုန်သွယ်ရေးဂိတ်အခြေအနေမှာ ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုလျော့ကျခဲ့သည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် နှစ်နိုင်ငံမှ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ စားဝတ်နေရေး၊ စီးပွားရေးတို့ ဖွံ့ဖြိုးတိုးတက်ရာ အရေးအပါဆုံး ကုန်သွယ်ရေးဖြစ်သည်။ ကုန်သွယ်ရေးတွင် မြန်မာနိုင်ငံမှ ဆန်အပါအဝင် လယ်ယာထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ လူသုံးကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်နိုင်ငံမှ စက်ယန္တရားများ၊ ကုန်ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ စသည်ဖြင့် များပြားသော ကုန်စည်များကို တင်သွင်းလျက်ရှိသည်။ထို့အပြင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဆက်ဆံရေးသည် Belt and Road Initiative (BRI) ၏ စီးပွားရေးနှင့် ဗျူဟာမြောက် အကျိုးစီးပွားများ တိုးမြှင့်ရေးအတွက်လည်း အရေးပါနေသည်။

လက်ရှိတွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ယခုလ ၁ ရက်နေ့မှ စတင်ကျင့်သုံးလျက်ရှိနေပါသည်။တရုတ်နိုင်ငံမှ သွင်းကုန်တင်သွင်းခြင်းများ ဆောင်ရွက်ရာတွင် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ဝင်ငွေ၊ အခြားဝင်ငွေများနှင့် ပြည်တွင်းဘဏ်မှ ဝယ်ယူရရှိထားသော ငွေစာရင်းလက်ကျန် (ယွမ်ငွေ) ဖြင့် အသုံးပြုတင်သွင်းခွင့်ပြုခြင်းဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် စစ်ဆေးရေးဂိတ်များရှိသည်။ မူဆယ်-ရွှေလီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းသည် နှစ်နိုင်ငံအကြား အစည်ကားဆုံး ကုန်သွယ်မှုလမ်းကြောင်းတစ်ခုဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ် (၁၉) ကပ်ရောဂါ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် သုံးနှစ်တာကာလတွင် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပိတ်ရသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုတို့ ကျဆင်းခဲ့သည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အားလုံးဖွင့်နိုင်ပြီး ကုန်သွယ်ရေးအခြေအနေများ ပုံမှန်အတိုင်း ပြန်ပြီးလည်ပတ်လျက်ရှိနေပါသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ ဘဏ္ဍာနှစ်အလိုက် ကုန်သွယ်မှုများတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပို့ကုန် ကန်ဒေါ်လာ ၇၁၈၇ ဒသမ ၉၃၉ သန်း တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၃၄၄၇ ဒသမ ၄၉၆ သန်း တင်သွင်းခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှုမှာ ကန်ဒေါ်လာ ၆၉၀၈ ဒသမ ၈၈၄ သန်း တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ ၃၂၅၈ ဒသမ ၈၀၉ သန်း တင်သွင်းခဲ့သည်။ ၂၀၂၁-၂၀၂၂ မီနီဘတ်ဂျက်တွင် ပို့ကုန်မှာ ကန်ဒေါ်လာ ၂၆၈၇ ဒသမ ၇၈၈ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်မှာ ကန်ဒေါ်လာ ၉၂၇ ဒသမ ၂၆၀ သန်း တင်သွင်းခဲ့သည်။ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပိုကုန်တင်ပို့မှု ကန်ဒေါ်လာ ၆၁၁၂ ဒသမ ၀၈၃ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အခြေအနေမှာ ကန်ဒေါ်လာ ၂၄၈၄ ဒသမ ၄၂၄ သန်း တင်သွင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ငါးနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ ကုန်သွယ်မှုအခြေအနေတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က  ကုန်သွယ်မှုအများဆုံးအခြေအနေဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများ ပြန်လည်ကောင်းမွန်လာပါသည်။

တရုတ်နိုင်ငံ၏ တစ်နေ့ထက် တစ်နေ့ ကြီးမားလာသည့် ပြည်တွင်းဈေးကွက်သည် မြန်မာ့လယ်ယာထွက်ကုန်များအတွက် များစွာသော အထောက်အပံ့တို့ကို ပေးလျက်ရှိသည်။

တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိသော တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံအဖြစ်နှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးတို့ ဆက်လက်ခိုင်မြဲနေပါသည်။  

အမွန်