【 ဆောင်းပါး 】 တောင်သူအတွက် အကျိုးပြုစေသည့် ဘိန်းအစားထိုး ကြံစိုက်ပျိုးမှု

【 ဆောင်းပါး 】 တောင်သူအတွက် အကျိုးပြုစေသည့် ဘိန်းအစားထိုး ကြံစိုက်ပျိုးမှု

ရေမြေပေါကြွယ်၀သည့် မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားကာ လုပ်ကိုင်လာခဲ့ကြသည်။
 
စိုက်ပျိုးသည့် သီးနှံများ၏ စျေးကွက်အခြေအနေအလားအလာပေါ် မူတည်၍ နှစ်စဉ်တိုးကာ စိုက်ပျိုးခြင်း များရှိသလို လျှော့၍ စျေးကွက်ကောင်းသော အခြားသီးနှံများကို စိုက်ပျိုးခြင်းများလည်းရှိသည်။
 
ထို့ကြောင့်ပင် ဝေးလံခေါင်သီသည့် ကျေးရွာအချို့တွင် စျေးကွက်အခြေအနေများအရ ယခင်က ဘိန်းစိုက်ပျိုးခဲ့ကြဖူးသလို ယခုနောက်ပိုင်း ဒေသ၏ ရေမြေအခြေအနေနှင့် ကိုက်ညီကာ စျေးကွက်အလားလာကောင်းများရလာသည့် ကြံကို စိုက်ပျိုးလာလျက်ရှိကြသည်။
 
“ကျွန်မတို့ ဒီဒေသဘက်က ထွက်တဲ့ ကြံတွေကို တရုတ်ဘက်ကို အဓိကတင်ပို့နေပါတယ်၊ ထွက် သလောက် ဝယ်တော့ မဆိုးဘူးပေါ့” ဟူ၍လည်း လားရှိုးမြို့နယ်အတွင်း နေထိုင်သည့် တောင်သူတစ်ဦးက ရှင်းပြသည်။
 
ထိုဒေသထွက် သီးနှံများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းသို့ ရောင်းချလျက်ရှိပြီး ဘိန်းအစားထိုး စိုက်ပျိုးသည့် ကြံများကိုမူ ယူနန်ပြည်နယ်၊ ကိန်းမခရိုင်၊ မိန်းတိန်မြို့၊ နမ့်ဟွာသကြားစက်ရုံသို့ တင်ပို့ရောင်းချခြင်းများလည်းရှိသည်။
 
ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးထားသည့် ကြံများမှာ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်ရိတ်သိမ်းကြပြီး ပြည်ပစျေးကွက်သို့ ဒီဇင်ဘာလဆန်းမှပင် စတင် တင်ပို့၍ မတ်လ ပထမပတ်လောက်အထိ တင်ပို့ခြင်းလည်းဖြစ်သည်။ထိုသို့တင်ပို့ကြရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးမှုမှာ ၁၁,၄၃၃ ဧက၊ ရိတ်သိမ်းမှု ၁၁,၄၃၃ ဧကရှိခဲ့ပြီး တန်ချိန်ပေါင်း ၃၂၅,၁၁၈ တန် ထွက်ရှိကာ တစ်ဧကအထွက်နှုန်းမှာ ၂၈ ဒသမ ၄၄ တန်ဖြစ်ကြောင်း လားရှိုးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများ၌ ဖော်ပြထားသည်။
 
ထိုသို့ ဘိန်းအစားထိုး ထွက်ရှိလာသော ကြံများကို ချင်းရွှေဟော်နယ်စပ်မှ တရုတ်ဘက်ရှိ သကြားစက်များသို့ တင်ပို့ခြင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်က အများဆုံးတင်ပို့နိုင်ခဲ့သလို တန်ချိန် ၂၉၀,၅၇၆ ဒသမ ၀၀ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်း ၁၄ ဒသမ ၅၂၈ ဒေါ်လာ ရရှိလာခဲ့သည်။ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် တန်ချိန်ပေါင်း ၈၇,၈၈၂ ဒသမ ၀၀ တန် တင်ပို့ရာမှ တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်း ၄ ဒသမ ၄၅၄ ဒေါ်လာ ရရှိခဲ့သည်ဟု နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ စာရင်းများ၌ ဖော်ပြထားသည်။
 
ထိုကဲ့သို့ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံဘက်သို့ ကြံတင်ပို့ရာတွင် Shwe Aung YadanaCo., ltd. နှင့် Evershine Lashio Co.,ltd. စသည့် ကုမ္ပဏီနှစ်ခုမှ တင်ပို့ခြင်းဖြစ်ပြီး ယခုနှစ်ကြံရာသီတွင် ယင်းကုမ္ပဏီနှစ်ခုမှ ခန့်မှန်း ကြံတန်ချိန် ၁၆၀,၀၀၀ တန်ခန့် တင်ပို့နိုင်မည်ဟုလည်း မျှော်မှန်းထားကြသည်။
 
ပြီးခဲ့သော ကြံရာသီချိန်ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်အထိကာလအတွင်းတွင် ကြံတန်ချိန် ၆၃,၇၀၆ ဒသမ ၂၀ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာသန်း ၃ ဒသမ ၁၈၅ ဒေါ်လာရရှိခဲ့သလို ယင်းကုမ္ပဏီများဘက်မှ တစ်ရက် ပျမ်းမျှ ကြံတင်သည့် ကားအစီးရေ ၃၀၀ ဝန်းကျင်ဖြင့် တင်ပို့နေကြခြင်းလည်းဖြစ်သည်။
 
ကြံသည် ရာသီဥတုအခြေအနေပေးပါက နိုဝင်ဘာလတွင်စိုက်ကြသလို ရာသီသီးနှံများတွင် တစ်နှစ်နီးပါးကြာသော သီးနှံလည်းဖြစ်သည်။အပင်ခြေမှ အပင်ထိပ်ဖျားအထိ အမြင့်ပေ ၂၀ နီးပါးမြင့်မားသော အပင်မျိုးဖြစ်ပြီး လေဝင်လေထွက်နှင့် နေရောင်ခြည်ရရှိစေရန် ဘိန်းအစားထိုးစိုက်ပျိုးကြသည့် တောင်သူများက စနစ်တကျစီမံကာ စိုက်ပျိုးလုပ်ဆောင်ကြရသည်။မိုးများစွာရွာသွန်းခြင်းများကြောင့်လည်း စိုက်ခင်းအတွင်းရေမဝပ်အောင် ပြင်ဆင်ရင်း ရောဂါပိုးမွှားအန္တရာယ် မကျရောက်စေရန်အတွက်လည်း သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင်များ၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ကြသည်။
 
မြန်မာနိုင်ငံတွင် ကြံကို စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် အများဆုံးတွေ့ရှိရပြီး ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းနှင့် အရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း တွေ့ရှိရသည်။
 
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြံဧကမှာ ပျမ်းမျှ ၄၅၀,၀၀၀ ဧကခန့်ရှိပြီး နှစ်စဉ် သကြားတန်ချိန် ၄၅၀,၀၀၀ တန် ထွက်ရှိလာခဲ့သည်။ 
 
သကြားကို လွန်ခဲ့သည့်နှစ်များက တရုတ်နှင့် ဗီယက်နမ်တို့ထံ ပို့ဆောင်ခဲ့ပြီး ယခုနောက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသို့သာ တင်ပို့ရောင်းချလျက်ရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံ ဆက်စပ် ထုတ်ကုန်အသင်းမှ ဆိုထားသည်။
 
မူးယစ်ဆေးဝါးကြောင့် ဆိုးကျိုးများအန္တရာယ်အတွက် မူးယစ်ဆေးဝါးနှိမ်နင်းမှုများအပါအဝင် ဘိန်းစိုက်ပျိုးမှုကိုပါ တိုက်ဖျက်လုပ်ဆောင်ခဲ့ပြီး ဘိန်းအစားထိုး သီးနှံများအဖြစ် စိုက်ပျိုးရန် ပံ့ပိုးကူညီမှုများဖြင့် လုပ်ဆောင်လာခဲ့ကြသည်။ထိုသို့ စိုက်ပျိုးသော သီးနှံများတွင် ကော်ဖီ၊ လက်ဖက်၊ ထောပတ်သီး စသည်ဖြင့်လည်းရှိကြပြီး နောက်ပိုင်းတွင် စျေးကွက်အလားအလာကောင်းသည့် ကြံများကို တိုးကာ စိုက်ပျိုးလာခြင်းဖြစ်သည်။
 
ထို့အပြင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့အတွင်းရှိ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရာ ဒေသများတွင် ချောက်ကောများလည်း စိုက်ပျိုးခြင်းများရှိခဲ့သည်။ချောက်ကောထုတ်လုပ်မှုအတွက်လည်း ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံ အပူပိုင်းစိုက်ပျိုးရေး သိပ္ပံအကယ်ဒမီ အမွှေးနံ့သာ၊ အဖျော်ယမကာလေ့လာရေးဌာနက လုပ်ငန်း ရှင်များနှင့် ပူးပေါင်း၍ နည်းပညာသရုပ်ပြသ ခြင်းများရှိခဲ့သည်။
 
ဘိန်းအစားထိုး စိုက်ပျိုးခြင်းများဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများအတွင်း တောင်သူများ၏ စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရန်နှင့် လူနေမှုဘ၀မြင့်မားစေရန်အတွက်လည်း စီမံချက်များဖြင့် ဖော်ဆောင်ပေးသလို စိုက်ပျိုးသည့် သီးနှံများအတွက် စျေးကွက်အလားအလာကောင်းများဖြစ်စေရန် လုပ်ဆောင်ခြင်းသာမကဘဲ ရောဂါပိုးမွှားများကြောင့် အထွက်နှုန်းထိခိုက်မှုမရှိစေဘဲ အထွက်တိုးစေရန်လည်း လုပ်ဆောင်ပေးခြင်းများရှိခဲ့ကြသည်။
 
“ကြံက ဒီလိုရှိတယ်၊ အချိန်မီ မပို့နိုင်ရင် တစ်ပတ်မှ နှစ်ပတ်လောက်ကြာတဲ့အခါ ကြံအထွက် လျော့တတ်တယ်၊ ဆိုလိုတာက သကြားဖြစ်မှုနည်းတာပေါ့၊ အဲဒီလို စနစ်မကျရင် ကြံတစ်ဧကကို ပျမ်းမျှ ငါးတန်ဝန်းကျင်ခန့် ဆုံးရှုံးနိုင်တယ်”ဟုလည်း စိုက်ပျိုးရေးအကြံပေးတစ်ဦးက ရှင်းပြသည်။ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည့် ဒေသများတွင် ကြံမှာ စပါးနှင့် ပဲသီးနှံပြီးလျှင် ကြံစိုက်ပျိုးမှုများသော အခြေအနေမျိုးဖြစ်လာခဲ့သည်။စျေးကွက်၏ ဝယ်လိုအားကောင်းသလောက် ထုတ်ကုန်များကို ပေးနိုင်ခြင်းမျိုးမရှိသေးသည့် အခြေအနေမျိုးကြုံခြင်းများလည်းရှိကြသည်။
 
“စျေးကွက်လေး ခိုင်မာနေရင်တော့ အဲဒီသီးနှံကိုစိုက်ဖို့ တောင်သူက စိတ်ဝင်စားပါတယ်၊ တဖြေးဖြေးနဲ့ မျိုးကောင်းမျိုးသန့်တွေ ရွေးစိုက်ရမှာပေါ့” ဟုလည်း ကြံစိုက်ပျိုးနေသူတစ်ဦးက ပြောပြသည်။
 
ထို့ကြောင့် စိုက်ပျိုးသောအဆင့်မှ ရိတ်သိမ်းသော အဆင့်အထိ ကြားအခြေအနေတွင် ဆုံးရှုံးမှုမရှိစေရန် စီစဉ်ကြရသလို စျေးကွက်အရောက် သယ်ယူပို့ဆောင်ရေး၊ စျေးကွက်ချိတ်ဆက်ရေး စသည်ဖြင့်လည်း အရေးကြီးသည်။အထွက်များ သော်လည်း ဝယ်လက်ပျောက်သော အခြေအနေမျိုးမဖြစ်စေရန်နှင့် အထွက်နှုန်းရော စျေးကွက်ပါ ဟန်ချက်ညီစေရန် လုပ်ဆောင်လျက်ရှိသည်။ယခုနှစ်တွင် သကြားစက်များက ကြံအဝယ်စျေးနှုန်းကို တစ်တန်လျှင် ကျပ်တစ်သိန်းခွဲ အထိ‌ စျေးပေးကာ ဝယ်ယူမှုများရှိနေလျက်ရှိရာ ဘိန်းအစားထိုး ကြံစိုက်ပျိုးသည့် တောင်သူများအတွက် အခြေအနေကောင်းတစ်ခုကို ကြုံလာမည်ဖြစ်သည်။
 
စျေးကွက်၏ အလားအလာ အခြေအနေပေါ်မူတည်၍ ဘိန်းအစားထိုး ကြံစိုက်ပျိုးမှုများကို ပိုမိုလုပ်ဆောင်လာကြမည်ဖြစ်သလို ယခင်လို ဘိန်းစိုက်ပျိုးမှုများ မရှိနိုင်တော့သည့်အတွက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ အန္တရာယ်မှ ကင်းဝေးစေရေး အထောက်အကူကောင်းများလည်းဖြစ်စေကာ စိုက်ပျိုးသူတောင်သူများအတွက် အကျိုးရှိစေမည်ဖြစ်ကြောင်းကို ရေးသားလိုက်ရပေသည်။
 
ဧပရယ်လ်