【 ဆောင်းပါး 】 မြန်မာနိုင်ငံနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု

【 ဆောင်းပါး 】 မြန်မာနိုင်ငံနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု

ကမ္ဘာတစ်ဝန်းတွင် ငွေကြေးဆိုင်ရာကဏ္ဍများ၊ စီးပွားရေးဆိုင်ရာကဏ္ဍများ၊ ကုန်သွယ်ရေးကဏ္ဍများအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အဓိကမြှုပ်နှံလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသည် အိမ်နီးချင်းဖြစ်သည့် မြန်မာနိုင်ငံတွင်လည်း မြှုပ်နှံလုပ်ကိုင်ခြင်းများရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ရှေးယခင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီး ခေတ်ကာလအရ ပြောင်းလဲလာခြင်းများလည်းရှိသည်။နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ချိန်ဖြစ်သည့် ၁၉၅၀ ပြည့်လွန်နှစ်များတွင် တရုတ်နှင့် မြန်မာကြား ဆက်ဆံရေးတွင် အရေးပါသော မှတ်တိုင်တစ်ခု ပေါ်ပေါက်ခဲ့သလို ရင်းနှီးမြှုပ်နှံမှုများကလည်း များပြားလာခဲ့သည်။သို့ရာတွင် ၂၀ ရာစုနှောင်းပိုင်းတွင် အရှိန်ဟုန်ဖြင့် မြှုပ်နှံခြင်းများ ရှိလာခဲ့သည်။

၂၀၀၀ ပြည့်နှစ် အစောပိုင်းကာလများတွင် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များတွင် ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နိုင်ငံမှ ပြုလုပ်လာသလို မြန်မာ့စီးပွားရေးကဏ္ဍများအတွင်း မြှုပ်နှံပါဝင်ကာ လုပ်ကိုင်လာခြင်းများ ရှိလာခဲ့သည်။ရေအားလျှပ်စစ်ဆိုင်ရာ စီမံကိန်းများ၊ အဝေးပြေးလမ်းများနှင့် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းများ၊ စွမ်းအင်ဆိုင်ရာ စီမံကိန်းများအပြင် ယခုနောက်ပိုင်းတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၌လည်း မြှုပ်နှံကာ လုပ်ကိုင်ခြင်းများရှိသည်။

ထိုသို့မြှုပ်နှံကာ လုပ်ကိုင်သည့် စီမံကိန်းများအတွင်း အချို့သော စီမံကိန်းများမှာ ရလဒ်ကောင်းများကို ရေရှည်တည်တံ့အောင် စီမံပေးနိုင်သော အခြေအနေမျိုးဖြစ်ခဲ့သလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍများနှင့်ပတ်သက်သည့် စီမံကိန်းအချို့တွင်မူ ဝေဖန်ခံရခြင်းများလည်းရှိခဲ့သည်။ထိုရင်းနှီးမြှုပ်နှံမှုများမှာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေမှုအတွက်သာမကဘဲ နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက်ရန်အတွက်လည်း အထောက်အပံ့ကောင်းများ ဖြစ်လာစေခဲ့သည်။

ပြီးခဲ့သော ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၆၇၀ ကျော် ခွင့်ပြုထားခဲ့သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၅၀၀ ကျော်ကို ခွင့်ပြုပေးထားခဲ့သည်။ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် ကုန်ထုတ်လုပ်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၆၈၅ သန်း၊ ဆောက်လုပ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၆၅ သန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ သန်း ၃၀၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၄၅ သန်း၊ ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်၊ စွမ်းအင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၉ သန်းကျော်၊ စိုက်ပျိုးရေးကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၀၄၃ သန်း စသည်ဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အသီးသီးဝင်ရောက်ခဲ့သည်။

ထို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမလေးလအတွင်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံများအနက်တွင် စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၅ သန်းဖြင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားပြီး တရုတ်က အမေရိကန် ဒေါ်လာ ၁၀၉ သန်းဖြင့် ဒုတိယအများဆုံး မြှုပ်နှံထားသလို တရုတ် (တိုင်ပေ) က အမေရိကန်ဒေါ်လာ ၃ သန်းကျော်၊ ဟောင်ကောင်က ၅၅ သန်း၊ တောင်ကိုရီးယားက ၄၄ သန်းကျော်၊ ထိုင်းက ၇ သန်း၊ နယူးဇီလန်က ၄ သန်း၊ နီပေါက ၁ သန်းခွဲ၊ ပြင်သစ်က ၀ ဒသမ ၄၉၇ သန်း၊ အိန္ဒိယက ၀ ဒသမ ၅၅ သန်း၊ ဂျပန်က ၁ ဒသမ ၃၁ သန်း၊ မလေးရှားက ၀ ဒသမ ၃၁၂ သန်း စသည်ဖြင့် အသီးသီးမြှုပ်နှံထားကြခြင်းဖြစ်သည်။

ယခု ၂၀၂၃-၂၄ ဘဏ္ဍာနှစ်အတွင်း လေးလတာစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၄၆၇ သန်းကျော် ဝင်ရောက်ခဲ့ပြီး လျှပ်စစ်ကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသလို သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် တခြားသော ကဏ္ဍတွေများတွင်လည်း ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ထားလျက်ရှိသည်။ထိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် နိုင်ငံများတွင် စင်ကာပူနှင့် တရုတ်နိုင်ငံတို့က အများဆုံးသော အခြေအနေမျိုးတွင်ရှိနေကြပြီး အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့ကလည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် အခြေအနေသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော်ရှိခဲ့ကြောင်းလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ၏ စာရင်းများတွင် ဖော်ပြထားလျက်ရှိသည်။

ယခုဘဏ္ဍာနှစ်၏ စက်တင်ဘာလအတွင်းတွင်လည်း လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ် (၆) ခုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုပေးခဲ့သည်။ထိုလုပ်ငန်းသစ်ခြောက်ခုကို ခွင့်ပြုပေးသည့်အပြင် ဆောင်ရွက်နေဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၈) ခုမှ မတည်ငွေရင်း တိုးမြှင့်ကြသလို ယင်းလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းများ ပါဝင်နေလျက်ရှိသည်။ထိုလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၇၂ သန်းကျော်ဖြစ်ခဲ့သလို ပြည်တွင်းတွင်လည်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၆၀၀ ကျော်ကို အလုပ်အကိုင်များ ဖန်တီးပေးလာနိုင်ခဲ့သည်။

ထို ၂၀၂၃ ခုနှစ် သြဂုတ်လကုန်အထိကာလတွင် နိုင်ငံနှင့် ဒေသပေါင်း ၅၂ ခုတို့က မြန်မာနိုင်ငံတွင် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ထားကြပြီး မြန်မာ့စီးပွားရေးကဏ္ဍ ၁၂ ခုအနက် လျှပ်စစ်ကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားကြသလို မြှုပ်နှံလုပ်ကိုင်နေသည့် နိုင်ငံများတွင် စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့က အများဆုံးမြှုပ်နှံ လုပ်ကိုင်လာကြခြင်းဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၃၀ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁) ခုတို့အပါအဝင် စုစုပေါင်း (၁၂) ခုကို အတည်ပြုကာ ခွင့်ပြုပေးခဲ့သည်။

အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၂၀၅၄ ဒသမ ၃၂၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇၇၅ သန်းဖြစ်ပြီး မြှုပ်နှံကြသည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်း၊ CMP စနစ်ဖြင့် wearing apparel အမျိုးမျိုး ချုပ်လုပ်သည့်လုပ်ငန်း၊ CMP စနစ်ဖြင့် down and feather အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်း၊ CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်း စသည်ဖြင့် လုပ်ငန်းများ ပါဝင်နေပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်း (၉၂၀၀) ကျော်ကို ဖန်တီးပေးနိုင်လာခဲ့သည်။

အောက်တိုဘာ ၂၅ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးတွင်လည်း စက်မှုကဏ္ဍတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂) ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၆) ခုကို အတည်ပြုပေးခဲ့ပြန်သည်။ထိုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ကျပ် ၄,၅၅၂ ဒသမ ၃၂၅ သန်းနှင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၂၃၆ သန်း ဖြစ်ကြသလို ၁၀၀ ရာခိုင်နှုန်း ပြည်တွင်းရောင်းချမည့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်သည့် လုပ်ငန်း၊ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုး ချုပ်လုပ်သည့် လုပ်ငန်းများ ပါဝင်သည်။ထို့အပြင် ဟင်းသီးဟင်းရွက်များနှင့် သစ်သီးဝလံများကို အေးခဲ၍ ထုပ်ပိုးတင်ပို့ရောင်းချသည့် လုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့် လုပ်ငန်း၊ စက္ကူကို အခြေခံ၍ ပါကင်ဗူးနှင့် တံဆိပ်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်းစျေးကွက်အတွင်းသို့ ရာနှုန်းပြည့် ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြှင့် Poly Resin များကို အခြေခံ၍ အရည်အသွေးမြှင့် Poly Resin, Cold Cast Bronze, Pewter ကြွေထည်ရုပ်ထုများနှင့် ပန်းပုရုပ်ထုများ ထုတ်လုပ်သည့် လုပ်ငန်းများလည်း ပါဝင်လျက်ရှိသည်။ထိုလုပ်ငန်းများကြောင့်လည်း ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၅,၅၄၁ အတွက် အလုပ်အကိုင်နေရာများကို ဖန်တီးပေးနိုင်မည့် အခြေအနေမျိုး ဖြစ်လာခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်းတွင်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လာပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လအထိကာလအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၇၉ သန်းကျော် ရှိခဲ့သည်။နိုင်ငံခြားသားလုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်များက စက်မှုလုပ်ငန်းကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံထားကြပြီး လုပ်ငန်းပေါင်း ၃၀ ကို မြှုပ်နှံကာ လုပ်ကိုင်ခြင်းများ ရှိနေကြသည်။ယင်းလုပ်ငန်းများမှလည်း အလုပ်အကိုင်အခွင့်အလမ်း ၈၅၆၉ ခု ဖန်တီးပေးနိုင်ခဲ့သည်ဟု ယင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ဆိုထားသည်။

တရုတ်နိုင်ငံက စတင်ခဲ့သည့် ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်းဟုခေါ်သည့် Belt and Road Initiatives-BRI မှာလည်း ပြီးခဲ့သော အောက်တိုဘာအတွင်းက ၁၀ နှစ်ပြည့် ကျင်းပခဲ့သလို လက်ရှိတွင် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွက် အစီအမံများဖြင့် လုပ်ဆောင်နေပြီဖြစ်သည်။တရုတ်နိုင်ငံကို ဗဟိုပြုပြီး အာရှ၊ အာဖရိက၊ ဥရောပ စသည့် ကမ္ဘာတစ်ဝှမ်းတွင် ကုန်သွယ်မှုများကို ဖြန့်ကြက်လုပ်ဆောင်ကြမည့် ယင်းအစီအစဉ်တွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ခဲ့သည်။မကြာသေးမီကလည်း မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာ-တရုတ် စီးပွားရေးစင်္ကြံနှင့် မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အဆင့်မြင့်ကော်မတီတစ်ခုကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

တရုတ်နိုင်ငံတွင် BRI ပွဲကို ကျင်းပနေချိန်ကာလအတွင်း မြန်မာကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) ကလည်း ယူနန်ပြည်နယ် ကုန်သည်ကြီးများအသင်း (YPGCC) တို့ ရန်ကုန်တွင် တွေ့ဆုံပြီး နှစ်နိုင်ငံကုန်သွယ်ရေးကို အရှိန်မြှင့်ရန် ဆွေးနွေးခဲ့ကြသည်။ထိုဆွေးနွေးချက်များတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က မြန်မာနှင့် တရုတ်တို့ကြား လက်မှတ်ရေးထိုးခဲ့သော မြန်မာပြည်တွင်းက စီးပွားရေးစင်္ကြံ CMEC စီမံကိန်းများ၊ စွမ်းအင်နှင့် သတ္ထုတူးဖော်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် CMEC ကဏ္ဍများကို အဆင့်မြှင့်တင်ရန် ဆွေးနွေးခဲ့ကြသည်။ထိုဆွေးနွေးမှုများအရ ရင်းနှီးမြှုပ်နှံကာ လုပ်ကိုင်မည့်လုပ်ငန်းများလည်း ရှိလာမည်ဖြစ်သလို လက်ရှိတွင်လည်း မြှုပ်နှံကာ လုပ်ကိုင်နေသည့် လုပ်ငန်းများအတွင်း တရုတ်မှ မြှုပ်နှံလုပ်ကိုင်သည့် လုပ်ငန်းများကလည်း များပြားသောနေရာတွင် ရှိနေပေသည်။

ထို့ကြောင့် BRI စီမံကိန်းများအရ ဆက်လက်ဆောင်ရွက်မည့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများအတွင်း ရင်းနှီးမြှုပ်နှံမှုများလည်း တိုးလာမှာဖြစ်သလို စီးပွားရေးသဘောတူစာချုပ်များနှင့်အတူ ဆက်လက်တိုးလာတော့မည့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုများရှိနေဆဲဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။

ဧပရယ်လ်