【 ဆောင်းပါး 】 မြန်မာ့မီးရထား၌ အသုံးပြုနေသော တရုတ်နိုင်ငံထုတ် ရထားများ

【 ဆောင်းပါး 】 မြန်မာ့မီးရထား၌ အသုံးပြုနေသော တရုတ်နိုင်ငံထုတ် ရထားများ

မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးကဏ္ဍတွင် ပြည်ပနိုင်ငံများမှ ထုတ်လုပ်သည့် တွဲဆိုင်းများကို ပြန်လည်ပြင်ဆင်အသုံးပြုနေသလို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်ခြင်းများလည်းရှိနေပြီး ၎င်းတို့ထဲ တရုတ်နိုင်ငံထုတ် ရထားတွဲများမှာလည်း အပါအဝင်အဖြစ်ကာ လက်ရှိတွင် အသုံးပြုနေဆဲဖြစ်သည်။

လက်ရှိ အဓိကထား ပြေးဆွဲနေသည့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် ထည့်သွင်းအသုံးပြုနေသည့် ရထားများအနက် လေအိတ်ရထားတွဲများ၌လည်း တရုတ်နိုင်ငံထုတ် တွဲဆိုင်းများကို အသုံးပြုထားလျက်ရှိသည်။

တရုတ်-မြန်မာ မီးရထားကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအဖြစ် စက်ခေါင်းနှင့် လူစီး တွဲသစ်များကို ကိုယ်တိုင်တည်ဆောက်နိုင်ရေးအတွက် မြန်မာ့မီးရထားက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ချေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၅၃ သန်း ရယူပြီး စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) နှင့် လူစီးတွဲတည်ဆောက်ရေးစက်ရုံ (မြစ်ငယ်) စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

လက်ရှိအသုံးပြုနေသော စက်ခေါင်းများကလည်း ဟောင်းနွမ်းနေလျက်ရှိရာ စကခေါင်းအသစ်များဖြင့် အစားထိုး ပြေးဆွဲနိုင်ရန် ယင်းချေးငွေစီမံကိန်းအရ စက်ခေါင်းအသစ် ၂၂ ခေါင်းကို တည်ဆောက်ရန် စီစဉ်ခဲ့ပြီး တရုတ်နိုင်ငံတွင် ၁၂ ခေါင်း တည်ဆောက်၍ ကျန် စက်ခေါင်း ၁၀ ခေါင်းကို နေပြည်တော်စက်ရုံတွင် တည်ဆောက်ခဲ့ကြခြင်းလည်းဖြစ်သည်။

လူစီးတွဲများတွင်လည်း ယင်းစီမံကိန်းအရ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော လေအိတ် လူစီးတွဲများဖြစ်လာမည့် CBU စနစ်ဖြင့် ရိုးရိုးတန်းတွဲ ၃၉ တွဲ၊ CKD စနစ်ဖြင့် ရိုးရိုးတန်းတွဲ ၂၁ တွဲ စုစုပေါင်း လေအိတ်လူစီးတွဲသစ် တွဲပေါင်း ၆၀ ကို ဝယ်ယူတည်ဆောက်ခဲ့ကြသည်။

တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သော ရိုးရိုးတန်းတွဲ ၁၀ တွဲမှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ်အဖြစ် စတင်ရောက်ရှိလာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ရိုးရိုးတန်းတွဲ ၁၀ တွဲမှာလည်း ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်က ထပ်မံရောက်ရှိလာသည်။ထိုရထားတွဲများကို လေအိတ်လူစီးတွဲများအဖြစ် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှ စတင်ကာ ရန်ကုန်-မန္တလေး ပြေးဆွဲနေသည့် အမှတ် (၅) အဆန်၊ (၆) အစုန် အမြန်ရထားတွဲဆိုင်း နှစ်ဆိုင်းအတွင်း ရိုးရိုးတန်းတွဲ ကိုးတွဲ၊ အထက်တန်းတွဲ သုံးတွဲ၊ ရိုးရိုးတန်းနှင့် ရထားထိန်းတွဲ တစ်တွဲ စုစုပေါင်း ၁၃ တွဲကို ချိတ်ဆက်ထည့်သွင်းကာ ပြေးဆွဲခဲ့သည်။ထိုရောက်ရှိလာသည့် ရထားတွဲများမှာ မူလက ရိုးရိုးတန်းတွဲဖြစ်ခြင်းကြောင့် အထက်တန်းတွဲအဖြစ် BDUEZ 14110 မှ 14116 အထိ ခုနစ်တွဲကိုလည်းကောင်း၊ BBDTEZ 14117 မှ 14119 ကို ရိုးရိုးတန်းနှင့် ရထားထိန်းတွဲအဖြစ် တွဲသုံးတွဲကိုလည်းကောင်း ပြုပြင်ပြောင်းလဲခဲ့သည်။

တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သော ရိုးရိုးတန်းတွဲ ၁၁ တွဲမှာလည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တတိယအကြိမ် ထပ်မံရောက်ရှိလာခဲ့ပြီး ယင်းရောက်ရှိလာသော လေအိတ်လူစီးတွဲများကို ၂၀၁၆ ခုနှစ် မတ်လ ၁၉ ရက်မှ စတင်ကာ ရန်ကုန်-ပြည် ပြေးဆွဲနေသော အမှတ် (၇၁) အဆန်၊ (၇၂) အစုန် အမြန်ရထား တွဲဆိုင်းအတွင်း ရိုးရိုးတန်းတွဲ ကိုးတွဲ၊ ရိုးရိုးတန်းနှင့် ရထားထိန်းတွဲ တစ်တွဲ စုစုပေါင်း ၁၀ တွဲကို ချိတ်ဆက်ပြေးဆွဲခဲ့သည်။ထိုရထား စတင်ပြေးဆွဲစဉ်အခါက အထက်တန်းတွဲများ မပါဝင်ခဲ့သော်လည်း ကိုရီးယားအထက်တန်းတွဲများ ရောက်ရှိလာသောအခါတွင်မူ အဆိုပါအမြန်ရထား တွဲဆိုင်းအတွင်း အထက်တန်းတွဲ နှစ်တွဲကို ချိတ်ဆက်ထည့်သွင်း၍ ပြေးဆွဲပေးခဲ့သည်။ထိုရိုးရိုးတန်းတွဲများမှာ CRRC Qingdao Sifang Co ltd မှ CBU (Complete Built Up) စနစ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယင်းကာလက တွဲတစ်တွဲ၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ တန်ကြေးရှိကြောင်း ဆိုထားသည်။

အဆိုပါကုမ္ပဏီနှင့်ပူးပေါင်းပြီး ၂၀၁၈ ခုနှစ်၊ မေလမှ နိုဝင်ဘာလအတွင်းတွင် ရိုးရိုးတန်းတွဲ ၂၁ တွဲကို CKD စနစ်ဖြင့် မြစ်ငယ်စက်ရုံ၌ တည်ဆောက်ခဲ့ကြသည်။ထိုတည်ဆောက်ပြီးစီးသွားသော လေအိတ်လူစီးတွဲများကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ စတင်ကာ မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၌ ပြေးဆွဲနေသော အမှတ် (၃၃) အဆန်၊ (၃၄) အစုန် ရထားတွဲဆိုင်း နှစ်ဆိုင်းအတွင်းတွင် ရိုးရိုးတန်းတွဲ ရှစ်တွဲ၊ အထက်တန်းတွဲ နှစ်တွဲ၊ ရိုးရိုးတန်းနှင့် ရထားထိန်းတွဲ တစ်တွဲ  စုစုပေါင်းတွဲ ၁၁ တွဲစီကို ချိတ်ဆက်၍ ထည့်သွင်းပြေးဆွဲခဲ့သည်။

ထိုလေအိတ်လူစီးတွဲများသည်လည်း ကနဦးတွင် ရိုးရိုးတန်းတွဲများဖြစ်ကြခြင်းကြောင့် BDUEZ 14154 မှ 14157 အထိ တွဲလေးတွဲကို အထက်တန်းတွဲအဖြစ်လည်းကောင်း၊ BBDTEZ 14158  မှ 14160 အထိ တွဲသုံးတွဲကို ရိုးရိုးတန်းနှင့် ရထားထိန်းတွဲအဖြစ်လည်းကောင်း ပြုပြင်ပြောင်းလဲခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ်လ ၂၁ ရက်တွင် ပြေးဆွဲခဲ့သော မန္တလေး-မြစ်ကြီးနား အမှတ် (၃၁) အဆန်၊ (၃၂) အစုန် ရထားတွင်လည်း တွဲဆိုင်း နှစ်ဆိုင်းအတွင်း BREZ 14152 နှင့် 14153 တို့ နှစ်တွဲကို စားသောက်တွဲအဖြစ် တစ်တွဲစီ ချိတ်ဆက်ထည့်သွင်းရန် ပြုပြင်ပြောင်းလဲကာ လုပ်ဆောင်ခဲ့ကြကြောင်း မြန်မာ့မီးရထားမှတ်တမ်းများ၌ ဖော်ပြထားသည်။

ထို့အတူ ရန်ကုန်-မော်လမြိုင်လမ်းတွင် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၂၂ ရက်က စတင်ပြေးဆွဲခဲ့သော အမှတ် (၈၃) အဆန်၊ (၈၄) အစုန် ရထားတွဲဆိုင်း နှစ်ဆိုင်းတွင် ယခင်အထက်တန်းတွဲများအဖြစ် ပြုပြင်ပြောင်းလဲခဲ့သော လေအိတ်လူစီးတွဲများ အားလုံးကို ရိုးရိုးတန်းတွဲများအဖြစ် ပြန်လည်ပြုပြင်ပြောင်းလဲခဲ့ပြီး အသစ်ထပ်မံရောက်ရှိလာသော ကိုရီးယားအထက်တန်းတွဲများနှင့်အတူ ချိတ်ဆက်၍ ထည့်သွင်းပြေးဆွဲခဲ့သည်။ထိုတွဲများမှာ CRRC Qingdao Sifang Co ltd နှင့် ပူးပေါင်း၍ CKD (Completely Knocked Down) စနစ်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တွဲတစ်တွဲ၏ ကာလတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၉၀,၃၀၀ တန်ကြေးရှိသည်။

မြန်မာ့မီးရထားက ယင်းကဲ့သို့သော ပြည်ပချေးငွေများဖြင့် လူစီးတွဲသစ်များ ဝယ်ယူသည့် အစီအစဉ်တွင် ကိုရီးယားချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ နှင့် တရုတ်အတိုးမဲ့ချေးငွေဖြင့် တွဲသစ် ၂၈ တွဲ ဝယ်ယူထားပြီး ယင်းတွဲများမှာ အသုတ်လိုက် ရောက်ရှိလာခဲ့သည်။ကိုရီးယားနိုင်ငံချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် ဝယ်ယူသည့် ရထားတွဲ ၁၀၀ အနက်တွင်လည်း အထက်တန်းတွဲ ၄ဝ မှာ ကိုရီးယားနိုင်ငံမှ မှာယူပြီး ရိုးရိုးတန်းတွဲ ၆၀ မှာ မြစ်ငယ်ရှိ တွဲတည်ဆောက်ရေး စက်ရုံတွင် တည်ဆောက်လျက်ရှိသည်။ကိုရီးယားမှ အထက်တန်းတွဲသစ် ၄၀ အနက် တွဲသစ် ၂၀ တို့မှာ ပြီးခဲ့သော ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ အတိုးမဲ့ချေးငွေ ယွမ် ၈၀ မီလီယံဖြင့် ဆောင်ရွက်ခဲ့သော စီမံကိန်းအရ တရုတ်နိုင်ငံတွင် တည်ဆောက်ခဲ့သော ရိုးရိုးတန်းတွဲ ၁၄ တွဲနှင့် အထက်တန်းတွဲ ၁၄ တွဲ စုစုပေါင်း လေအိတ်လူစီးတွဲသစ် ၂၈ တွဲမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ထိုတွဲများမှာ ရန်ကုန်-မော်လမြိုင် လမ်းတွင် အမှတ် (၈၉) အဆန်၊ (၉၀) အစုန် အမြန်ရထားတွဲဆိုင်း နှစ်ဆိုင်း၌ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးခဲ့ပြီး CBU စနစ်ဖြင့် တည်ဆောက်ထားသည့် ယင်းတွဲတစ်တွဲ၏ ကာလတန်ဖိုးမှာ ရိုးရိုးတန်းတွဲ တစ်တွဲတွင် ၂,၇၀၁,၆၀၀ ယွမ်၊ အထက်တန်းတွဲမှာ ၂,၇၉၉,၃၀၀ ယွမ် စသည်ဖြင့် တန်ကြေး အသီးသီးရှိကြသည်။ ထိုတွဲများမှာ Air Cushion Bogie အမျိုးအစား အသုံးပြုထားခြင်းဖြစ်ပြီး အလျားမှာ ၁၈၂၈၈ မီလီမီတာ၊ အကျယ် ၂၈၁၉ မီလီမီတာ၊ အမြင့် ၃၄၀၃ မီလီမီတာရှိသလို AAR-H Coupler အမျိုးအစား တပ်ဆင်ထား၍ တွဲလွတ်အလေးချိန်မှာ ၃၀ ဒသမ ၅ တန်ရှိသည်ဟု ယင်းမှတ်တမ်းများ၌ ဖော်ပြထားသည်။ထိုတွဲများမှ စားသောက်တွဲ တစ်တွဲစီကို အမှတ် (၅) အဆန်၊ (၆) အစုန် ရန်ကုန်-မန္တလေး အမြန်ရထားတွဲဆိုင်း နှစ်ဆိုင်းအတွင်း ပြီးခဲ့သော ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ချိတ်ဆက်ပြေးဆွဲကာ အသုံးပြုခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာအပါအဝင် စီးပွားရေးစင်္ကြံလမ်းကို အကောင်အထည်ဖော်နေလျက်ရှိပြီး တရုတ်-မြန်မာ ရထားလမ်း စီမံကိန်းကိုလည်း အကောင်အထည်ဖော်နေလျက်ရှိသည်။လက်ရှိတွင်လည်း လူစီးလေအိတ်တွဲ ၂၅ တွဲကို မြစ်ငယ်စက်ရုံ၌ တည်ဆောက် လုပ်ဆောင်ထားပြီး အသုံးပြုခြင်းမျိုးမရှိသေးဘဲ လိုအပ်သည့် အပြင်အဆင်များဖြင့် စီစဉ်ထားလျက်ရှိသည်။

မီးရထားဖြင့် ဆက်သွယ်သွားလာခြင်းအပါအဝင် ကုန်စည်များသယ်ယူပို့ဆောင်မှုများသည် ကုန်ကျစရိတ် သက်သာစေသည့်အပြင် ကုန်စည်များကို လွယ်ကူလျင်မြန်စွာ သယ်ယူလုပ်ဆောင်နိုင်သော အားသာချက်များစွာလည်းရှိနေသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံဘက်မှ ကူညီပေးသည့် စက်ခေါင်းနှင့် ရထားတွဲဆိုင်းများ စီမံကိန်းမှာ မြန်မာနိုင်ငံရှိ မီးရထားကဏ္ဍအတွက် အရေးပါသော အထောက်အကူမျိုး ဖြစ်လာစေသလို ပြည်တွင်းဆက်သွယ် သွားလာမှုများ ဖွံ့ဖြိုးစေရေးသာမကဘဲ ကုန်စည်စီးဆင်းမှုများအတွက်လည်း များစွာအကျိုးဖြစ်ထွန်းလာစေမည်ဖြစ်ပေသည်။

ဧပရယ်လ်