【 ဆောင်းပါး 】 မြန်မာ့လယ်ယာထွက်ကုန်တို့၏ ပြည်ပဈေးကွက် အလားအလာ

【 ဆောင်းပါး 】 မြန်မာ့လယ်ယာထွက်ကုန်တို့၏ ပြည်ပဈေးကွက် အလားအလာ

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်ခုဖြစ်သည့်အားလျော်စွာ ပြည်ပပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုသည် အခြားသောပို့ကုန်များထက် အများဆုံးဖြစ်သည်။

ယခုနှစ်တွင် ပြည်ပတင်ပို့သည့် လယ်ယာထွက်ကုန်များ၏ ကုန်သွယ်မှုအခြေအနေသည် ယခင်နှစ်ကာလတူထက် အနည်းငယ်ကျဆင်းခဲ့သည်။  

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာ ၂၂ ရက်အထိ ပြည်ပတင်ပို့သည့် လယ်ယာထွက်ပစ္စည်း ပို့ကုန်အခြေအနေမှာ ကန်ဒေါ်လာ ၁၅၁၄ ဒသမ ၆၃၉ သန်း တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူက ကန်ဒေါ်လာ ၁၆၅၀ ဒသမ ၂၉၉ သန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ သို့ဖြစ်၍ ယခင်နှစ်ကာလတူထက် တင်ပို့သည့်အခြေအနေ ကန်ဒေါ်လာ ၁၃၅ ဒသမ ၆၆ သန်း လျော့ကျသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်တင်ပို့မှုအခြေအနေမှာ ပုံမှန်ကုန်သွယ်မှုလမ်းကြောင်းမှ ကန်ဒေါ်လာ ၂၇၁၃ ဒသမ ၄၃၅ သန်းရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ ကန်ဒေါ်လာ ၁၂၈၅ ဒသမ ၅၈၂ သန်းရှိ၍ စုစုပေါင်းတင်ပို့မှု ကန်ဒေါ်လာ ၃၉၉၉ ဒသမ ၀၁၇ သန်းရှိခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေးကဏ္ဍသည် ပြည်တွင်းအလုပ်ကိုင်ရရှိမှု၊ ပြည်ပတင်ပို့မှုနှင့် ကုန်ထုတ်လုပ်မှုတို့တွင် အဓိကအစိတ်အပိုင်းဖြစ်၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိးတိုးတက်မှုတို့အတွက်လည်း များစွာအရေးပါသည်။ပြည်ပတင်ပို့နေသည့် ပို့ကုန်အုပ်စု ခုနစ်စုထဲတွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ငါးနှစ်ကာလအတွင်း နိုင်ငံခြားဝင်ငွေ ဒုတိယအများဆုံးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လယ်ယာထွက်ကုန်များထဲတွင် ဆန်နှင့် ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ ရာဘာစိမ်း၊ ဂျုံစေ့၊ ဂျုံမှုန့်၊ နှမ်းတို့နှင့် အခြားသီးနှံများ ပါဝင်သည်။ဆန်နှင့် ဆန်ကွဲသည် ပြည်ပပို့ကုန်များထဲတွင် အဓိကပါဝင်သော လယ်ယာထွက်ကုန်များဖြစ်သည်။
၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်အထိ လယ်ယာထွက်ပစ္စည်းတင်ပို့မှု စုစုပေါင်း ကန်ဒေါ်လာ ၁၃၄၉ ဒသမ ၆၃ သန်းတွင် ဆန်နှင့် ဆန်ကွဲမှာ တန်ချိန် (၃၈၉,၀၉၅ ဒသမ ၂၉) တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇၀ ဒသမ ၄၆ သန်း ရရှိခဲ့ကြောင်း လယ်ယာစီးပွားနှင့် ကုန်သွယ်မှုဌာနခွဲ၏ ၂၀၂၃ ခုနှစ်၏ သြဂုတ်လ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ် သြဂုတ်လအတွင်းက ဆန်တန်ချိန် (၈၂၁၀) ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့သည်။တန်ချိန် ၇၂၇၄ တန်ကို ပင်လယ်ရေကြောင်းမှ မလေးရှား၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်၊ စပိန်၊ East Timor ၊ ဂျာမဏီနှင့် စင်ကာပူနိုင်ငံများသို့ တင်ပို့ခဲ့ပြီး ဆန်တန်ချိန် ၃၄၄ တန်ကို မူဆယ်နယ်စပ်စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ခဲကြောင်း သိရသည်။

ဆန်ကွဲတန်ချိန် ၈၅၂၀ တန်ကို ပင်လယ်ရေကြောင်းမှ တန်ချိန် ၈၂၆၆ တန် တင်ပို့ခဲ့ပြီး မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တန်ချိန် ၂၃၆ တန် တင်ပို့ခဲ့သည်။ပြည်ပဈေးကွက်တွင် တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ နယ်သာလန်၊ စင်ကာပူနိုင်ငံများသို့ ပိုမိုတင်ပို့နိုင်ခဲ့သည်ဟု လယ်ယာစီးပွားနှင့် ကုန်သွယ်မှုဌာနခွဲ၏ ၂၀၂၃ ခုနှစ်၏ သြဂုတ်လ အစီရင်ခံစာမှ သိရသည်။

အောက်တိုဘာလတွင် ပြည်တွင်း၌ စပါးအသစ်များ ဈေးကွက်ဝင်လာမည်ဖြစ်၍ ရောင်းလိုအားတိုးလာမည်ဖြစ်သည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။  

ဧပြီ ၁ ရက် စက်တင်ဘာ ၁ ရက်နေ့အထိ ပဲအမျိုးမျိုးတင်ပို့မှုအခြေအနေမှာ တန်ချိန် (၇၂,၀၉၁,၉၀၅) ရှိပြီး ကန်ဒေါ်လာ ၅၈၆ ဒသမ ၃၈ သန်း ရရှိခဲ့သည်။ပြည်ပပို့ ပဲအမျိုးမျိုးတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစိမ်းငုံတို့ အများဆုံးတင်ပို့ရကြောင်း လယ်ယာစီးပွားနှင့် ကုန်သွယ်မှုဌာနမှ သိရသည်။ပဲစဉ်းငုံနီကို ပြည်ပမှ အဝယ်လိုက်လာပြီး ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ယခုကာလတွင် ဝယ်လိုအားနည်းသွား၍ ဈေးကျဆင်းခဲ့ကြောင်း သိရသည်။

ဧပြီ ၁ ရက် စက်တင်ဘာ ၁ ရက်နေ့အထိ ပြောင်းတန်ချိန် (၈၁၈,၈၆၅ ဒသမ ၂၉) တင်ပို့ခဲ့ပြီး ပြောင်းတန်ဖိုး ကန်ဒေါ်လာ ၂၄၉ ဒသမ ၃၉ သန်း ရရှိခဲ့ကြောင်း သိရသည်။မြန်မာ့ပြောင်းကို ပင်လယ်ရေကြောင်းမှ ဖိလစ်ပိုင်နိုင်ငံသို့ တင်ပို့ပြီး နယ်စပ်ကုန်သွယ်လမ်းကြောင်းများဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီ၊တာချီလိတ်စခန်းတို့မှ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့သည်။ထိုင်းနိုင်ငံမှ မြန်မာ့ပြောင်းတင်ပို့မှုကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ အခွန်ကင်းလွတ်ခွင့်ပေးခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့နောက်ပိုင်း အခွန် ၄၅ ရာခိုင်နှုန်း ကောက်ခံလျက်ရှိသည်။

ရာဘာစိမ်းတင်ပို့မှုအခြေအနေမှာ ဧပြီ ၁ ရက်မှ စက်တင်ဘာ ၁ ရက်နေ့အထိ တန်ချိန် (၇၆,၅၉၄ ဒသမ ၈၆) တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၉၄ ဒသမ ၄၈ သန်း တင်ပို့ခဲ့ကြောင်း သိရသည်။ရာဘာစိမ်းကို ပင်လယ်ရေကြောင်းမှ ကိုရီးယား၊ အိန္ဒိယနိုင်ငံများသို့ တင်ပို့ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ်၊ ချင်းရွှေဟော်၊ လွယ်ဂျယ် နယ်စပ်ဂိတ်တို့မှ တရုတ်နိုင်ငံသို့ တင်ပို့သည်။

ဧပြီ ၁ ရက် စက်တင်ဘာ ၁ ရက်နေ့အထိ နှမ်းတင်ပို့မှုအခြေအနေမှာ တန်ချိန် (၁၉,၆၀၃ ဒသမ ၉၂) သန်း တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၃၀ ဒသမ ၆၃ သန်း ရရှိခဲ့ကြောင်း သိရသည်။နှမ်းကို သြဂုတ်လအတွင်း ပင်လယ်ရေကြောင်းမှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံသို့ ပိုမိုတင်ပို့ခဲ့ပြီး နယ်စပ်ဂိတ် မြဝတီ၊ ချင်းရွှေဟော် နယ်စပ်ဂိတ်များမှလည်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့သည်။

ယခုနှစ်ထဲတွင် လယ်ယာထွက်ပို့ကုန် တင်ပို့မှုများ၌ ပို့ကုန်၊ သွင်းကုန် မူဝါဒအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ပို့ကုန်လုပ်ငန်းရှင်တို့ အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။တောင်သူများတွင်လည်း သွင်းအားစုစရိတ်ကြီးမြင့်လာမှု၊ ရာသီဥတုအပြောင်းအလဲ၊ စိုက်ပျိုးစရိတ်ချေးငွေတို့နှင့် မလောက်ငသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်ဟု တောင်သူများထံမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရေးတို့နှင့်ပတ်သက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) အကောင်အထည်ဖော်လျက်ရှိသည်။၎င်းဗျူဟာ၏ ဦးစားပေးကဏ္ဍထဲတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍက အဓိကပါဝင်သည်။ပြည်တွင်းမှ လယ်ယာထွက်ကုန်များကို အများဆုံးတင်ပို့နေရသည့် အိမ်နီးချင်းနိုင်ငံများထဲတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုက ပို၍သာလွန်နေသည်။သို့ဖြစ်၍ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုများ အဆင်ပြေချောမွေ့ရန် ညှိနှိုင်းအစည်းအဝေးများ မကြာခဏပြုလုပ်လျက်ရှိသည်။

စက်တင်ဘာလအတွင်း ကျင်းပခဲ့သော တရုတ်-အာဆီယံ ကုန်စည်ပြပွဲတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ လယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကော်မတီ အစည်းအဝေး၌ အလားအလာကောင်းများရရှိခဲ့သည်ဟု သိရသည်။ ၎င်းအစည်းအဝေး၌ မျိုးရိုးဗီဇအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသန စီမံကိန်းများ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အပူပိုင်းဒေသ သီးနှံဆိုင်ရာ စံပြစိုက်ခင်းများ ထူထောင်ရေးတို့ကို အသေးစိတ်ဆွေးနွေးခဲ့သည်ဟု သိရသည်။

စားနပ်ရိက္ခာ လိုအပ်ချက် ကြီးမားလာသော ကမ္ဘာတစ်ဝန်းတွင် လယ်ယာထွက်ကုန်ပစ္စည်းများစွာ တင်ပို့နိုင်သည့် နိုင်ငံသည် စီးပွားရေးတိုးတက်မှုများကို ရရှိနိုင်မည်ဖြစ်သည်။

သို့ဖြစ်၍ မြန်မာ့လယ်ယာထွက်ကုန်တို့၏ ပြည်ပပို့ကုန်အလားအလာများ ပိုကောင်းလာစေရန် မျှော်လင့်မိပါသည်။

အမွန်