【 ဆောင်းပါး 】 ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပဈေးကွက်

【 ဆောင်းပါး 】 ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်ပဈေးကွက်

ကြက်ပေါင်စေးပင် (ခေါ်) ရော်ဘာပင်သည် လူသုံးကုန်ပစ္စည်းများအတွက် အလွန်အသုံးဝင်သော စက်မှုကုန်ကြမ်းသီးနှံဖြစ်သည်။

ရော်ဘာပင်၏ မူရင်းဒေသမှာ အမေဇုန်မြစ်ဝှမ်းဖြစ်ပြီး ထိုမှတစ်ဆင့် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ပေါက်ရောက် စိုက်ပျိုးကြသည်။  

မြန်မာပြည်တွင် ရော်ဘာစေး၏ အသုံးဝင်မှုကို မင်းတုန်းမင်းလက်ထက်ကတည်းကပင် စတင်သိရှိခဲ့ပြီး နိုင်ငံခြားသို့ ကြက်ပေါင်စေး (ခေါ်) ရော်ဘာစေးများ တင်ပို့ရောင်းချခဲ့သည်။

ရော်ဘာသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၁၀၀၀၀) ကျော်အထိ စိုက်ပျိုးနိုင်ပြီး အပူအအေးပြောင်းလဲမှုနည်းသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ရော်ဘာပင်က နှစ်ရှည်ပင်ဖြစ်ပါသည်။အနည်ဆုံး ခုနစ်နှစ်၊ ရှစ်နှစ်ကာလအကြာမှ အစေးထုတ်ယူနိုင်သည်။ရော်ဘာအစေးကို မှိုင်းခံရော်ဘာအဖြစ်လည်းကောင်း၊ ရော်ဘာအစေးရည်အပစ်အဖြစ်လည်းကောင်း ထုတ်လုပ်ကြသည်။

ကုန်ချောအဖြစ် အစေးရည်စုဆောင်းခြင်း၊ အစေးရည်ခဲစုဆောင်းခြင်း၊ ရော်ဘာအပြားကြိတ်ခြင်းနှင့် မှိုင်းခံခြင်း၊ အတန်းစားခွဲခြား၍ ထုတ်ပိုးခြင်း စသည့်တို့ လုပ်ဆောင်ကြသည်။

ရော်ဘာပင်မှ ထုတ်ယူသော သဘာဝရော်ဘာစေးဖြင့် ကုန်ကြမ်းပေါင်း ၄၀၀၀၀ ကျော်ကို ထုတ်ယူလျက်ရှိသည်။တာယာ၊ ကျွတ်၊ ဘောလုံး၊  ကြမ်းခင်းရော်ဘာပြား၊ ဖိနပ်၊ အစရှိသည့် အသေးအဖွဲ လူသုံးကုန်ပစ္စည်းများမှ စက်မှုလုပ်ငန်းကြီးများအထိ လူသုံးကုန်ပစ္စည်း မြောက်များစွာရှိသည်။သို့ဖြစ်၍ စက်မှုလုပ်ငန်းများအတွက် မဖြစ်မနေ အရေးပါသော ထုတ်ကုန်ဖြစ်သည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် ရော်ဘာသည် ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာထုတ်လုပ်မှု၏ အရေးပါသော နိုင်ငံများထဲတွင် ပါဝင်သည်။ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ရော်ဘာထုတ်လုပ်မှု တန်ချိန် (၃) သိန်း (၆) သောင်းကျော် ထွက်ရှိခဲ့ပြီး ပြည်ပသို့ ရော်ဘာတန်ချိန် (၂) သိန်းကျော် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လ တတိယပတ်အတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတစ်ဆင့် ရော်ဘာ တန်ချိန် ၂၄၇၀ ကျော် တင်ပို့နိုင်ခဲ့သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၀၈ တန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တန်ချိန် ၁၀၀ ကျော် တင်ပို့ခဲ့သည်ဟု သိရသည်။

ပြည်တွင်းမှ နှစ်စဉ် ရော်ဘာတန်ချိန် နှစ်သိန်းဝန်းကျင် ထွက်ရှိပြီး ၉၀ ရာခိုင်နှုန်းကို ပြည်ပတင်ပို့နေခြင်းဖြစ်သည်။ရော်ဘာစိုက်ပျိုးမှုကို တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသော ရော်ဘာ ၇၀ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ပြီး စင်ကာပူနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။

တရုတ်နိုင်ငံတွင် ကုန်ချောထုတ်လုပ်မှု အလွန်မြင့်တက်လာသည့်အတွက် ရော်ဘာကုန်ကြမ်းကို မြန်မာနိုင်ငံမှ အသုံးပြုမှုများသကဲ့သို့ အခြားသော ရော်ဘာစိုက်ပျိုးသည့် နိုင်ငံများမှလည်း တင်သွင်းကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရော်ဘာကို တရုတ်တင်ပို့ရာတွင် အရည်အသွေးကောင်းလျှင်ကောင်းသလို ဈေးကောင်းရရှိသည်။

မေလမှ စက်တင်ဘာလအထိ ရော်ဘာစိုက်ပျိုးရာသီချိန်ကာလအဖြစ် သတ်မှတ်ထားပြီး ၎င်းအချိန်အတွင်း ရော်ဘာအစေးခြစ်ထုတ်လုပ်မှု ရပ်ဆိုင်းရမည့်ကာလအဖြစ် သတ်မှတ်ထားသည်။မြန်မာနိုင်ငံမှ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ဦးစားပေးကဏ္ဍတွင် ထည့်သွင်းရေးဆွဲထားပြီး ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်တင်ပို့ရန် တရုတ်နိုင်ငံ လန်ချန်း-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တွင်လည်း ထည့်သွင်းထားသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပဈေးကွက်သို့ ရော်ဘာတန်ချိန် သုံးသိန်းခန့် တင်ပို့နိုင်ရန် ရည်မှန်းထားသည်ဟု မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

ရော်ဘာသည် နိုင်ငံခြားဝင်ငွေကိုရရှိနိုင်သော စိုက်ပျိုးရေးအခြေခံ ကုန်ထုတ်လုပ်ငန်းအမျိုးအစားဖြစ်သည်။ရော်ဘာကို အဓိကဝင်ငွေရလမ်းအဖြစ် ကျေးလက်ဒေသများတွင် စိုက်ပျိုးထုတ်လုပ်နေကြသော်လည်း ရော်ဘာထုတ်လုပ်သူအများစုမှာ ကိုယ်ပိုင်မြေယာမပိုင်ဆိုင်ဘဲ စိုက်ပျိုးရေးချေးငွေအပေါ် အထူးတလည် မှီခိုနေကြသော တောင်သူအများစုဖြစ်သည်။

တစ်ဖက်မှာလည်း ရာဘာခြံတို့ တိုးချဲ့စိုက်ပျိုးခြင်းက မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုကို ပိုမိုဆိုးရွားစေသည့် အခြေအနေများလည်းရှိသည်ဟု သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးပညာရှင်တို့က သုံးသပ်သည်။

ပြည်တွင်းရော်ဘာဈေးကွက်သည် ကမ္ဘာ့ရော်ဘာဈေးကွက်နှင့် ချိတ်ဆက်နေသည်။ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော စီးပွားရေးနှင့် နိုင်ငံရေး အခင်းအကျင်းများကလည်း ရော်ဘာဈေးကွက်ကို ရိုက်ခတ်မှုများရှိသည်။ယခုနှစ်ထဲတွင် ကမ္ဘာ့ရော်ဘာဈေးကွက် အမြင့်ပိုင်းတွင်ရှိနေပြီး ဝယ်လိုအားထက် ရောင်းလိုအားများနေသည့် အခြေအနေရှိကြောင်း ရော်ဘာလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြည်တွင်းရှိ ရော်ဘာစိုက်ပျိုးရာဒေသများတွင် ယခင်နှစ်ထက် ရော်ဘာတိုးချဲ့စိုက်ပျိုးနေသည့် အခြေအနေများရှိပါသည်။မြန်မာနိုင်ငံတွင် ရော်ဘာကုန်ကြမ်းကို အသုံးပြုပြီး ရော်ဘာ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်သော စက်ရုံနှင့် လုပ်ငန်းများမှာ ပြည်ပမှ သွင်းကုန်အဖြစ် ဝင်ရောက်လာသော ရော်ဘာကုန်ချောဈေးကွက်ကို ယှဉ်နိုင်စွမ်းအခြေအနေ မရှိသေးပေ။နည်းပညာလိုအပ်ချက်၊ ဈေးကွက်မတည်ငြိမ်ခြင်းများကြောင့်  ပြည်ပမှရောက်လာသည့် ရော်ဘာကုန်ချောဈေးကွက်ကို မယှဉ်နိုင်သည့် စိန်ခေါ်မှုတစ်ရပ်ရှိနေဆဲဖြစ်သည်။  

ထို့ကြောင့် ပြည်တွင်း၌ နည်းပညာမြင့် ရော်ဘာ တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်သည့် ရော်ဘာအခြေပြုစက်ရုံများ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများကို တိုးတက်ထွန်းကားလာပါက တောင်သူများအတွက် လူမှုစီးပွားဘဝ မြင့်တက်လာမည်ဖြစ်ပေသည်။

အမွန်