【 ဆောင်းပါး 】 လွယ်ကူဖို့ လိုအပ်နေသည့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း

【 ဆောင်းပါး 】 လွယ်ကူဖို့ လိုအပ်နေသည့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း

၁၉၉၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် တရုတ်-မြန်မာ နယ်စပ်ဒေသများအတွက် အရေးပါသော ကုန်သွယ်ရေစခန်းတစ်ခုဖြစ်သည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် တရုတ်နိုင်ငံ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်၊ လိုင်ရင်းကျေးရွာနှင့် ကပ်လျက်ရှိပြီး၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့တွင် တည်ရှိသည်။

ကချင်ပြည်နယ်တွင် ကန်ပိုက်တည်နယ်စပ်ဂိတ်ပြီးလျှင် လွယ်ဂျယ်နယ်စပ်စခန်းက တရုတ်နိုင်ငံနှင့် ဒုတိယကုန်သွယ်မှုအများဆုံး ပြုလုပ်ရာဖြစ်သည်။

လွယ်ဂျယ်မြို့လေးသည် တောင်တန်းကြီးများဖြင့် ကွယ်ဝှက်ထားသော မြို့လေးတစ်မြို့ဖြစ်ပြီး မြစ်ကြီးနားမြို့နှင့် ၁၁၈ မိုင်အကွာတွင် တည်ရှိသည်။တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နိမိတ်ထိစပ်နေပြီး လွယ်ဂျယ်မြို့လေးသည် ကချင်ပြည်နယ်အတွက် အဓိကကျသည့် တရုတ်-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်သည်။

၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလက တရုတ်နိုင်ငံ၏ အကူအညီဖြင့် မိုးမောက်မြို့နှင့် ဆက်သွယ်ထားသည့် ၇၆ ကီလိုမီတာရှိ ကျောက်ခင်းလမ်းကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်လာခဲ့သည်။

မြန်မာနိုင်ငံဘက်မှ ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ တစ်ရှူးငှက်ပျော၊ ဖရဲသီး၊ ရော်ဘာတို့ကို အဓိကတင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေ၊ ချည်ထည်၊ လယ်ယာသုံးပစ္စည်း၊ မော်တော်ဆိုင်ကယ်များကို အဓိကတင်သွင်းသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က ကုန် သွယ်မှု ကန်ဒေါ်လာ ၃၂ ဒသမ ၇၇၀ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်က ကုန်သွယ်မှု ကန်ဒေါ်လာ ၇၅ ဒသမ ၈၇၀ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ကုန်သွယ်မှု ကန်ဒေါ်လာ ၇၃ ဒသမ ၁၇၅ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က ကုန်သွယ်မှု ကန်ဒေါ်လာ ၇၆ ဒသမ ၉၅၅ သန်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်က ကုန်သွယ်မှု ကန်ဒေါ်လာ ၂၀၂ ဒသမ ၁၀၆ သန်းရှိခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဒီဇင်ဘာလအထိ) ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၂၃၇ ဒသမ ၈၂၄ သန်းဖြင့် ကုန်သွယ်မှုအများဆုံးနှစ်ဖြစ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ဆက်လက်၍ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၁၈ ခုနှစ် (Mini Budget) ၏ ကုန်သွယ်မှုပမာဏ ၈၄ ဒသမ ၇၀၉ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၄၄ ဒသမ ၈၉၃ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၄၀ ဒသမ ၇၆၆ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၁၅ ဒသမ ၂၂၈ သန်းဖြင့် ကုန်သွယ်မှုပမာဏရှိခဲ့သည်။ကိုဗစ်-၁၉ ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အေးစက်ခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၂ ဒသမ ၆၆၇ သန်းရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင် ၅ ရက်က ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို တရုတ်နိုင်ငံမှ ယာယီပိတ်ခဲ့သည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေမှာ ကန်ဒေါ်လာ ၁၄၆ ဒသမ ၁၉၅ သန်းဖြင့် ကုန်သွယ်မှုပမာဏရှိခဲ့သည်။လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ကာလ ဧပြီလမှ ဇူလိုင်လအထိ လေးလတာကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၂၇ ဒသမ ၁၉၆ သန်းရှိသည်။  

ကာလတူနှိုင်းယှဉ်ချက်များအရ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ယခုဘဏ္ဍာနှစ် ဧပြီလမှ သြဂုတ်လအထိ ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၁၃ ဒသမ ၅၁၁ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၁၇ ဒသမ ၀၀၅ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃၀ ဒသမ ၅၁၆ သန်းရှိခဲ့သည်။ယခင်နှစ် ကာလတူက ပို့ကုန်အားဖြင့် ကန်ဒေါ်လာ ၄၂ ဒသမ ၅၁၂ သန်း တင်ပို့ခဲ့ပြီး သွင်းကုန်အားဖြင့် ကန်ဒေါ်လာ ၂၀ ဒသမ ၂၈၀ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏ ၆၂ ဒသမ ၇၉၂ သန်းရှိခဲ့သည်။ကာလတူနှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ကုန်သွယ်မှုများ လျော့ကျခဲ့သည်။

သြဂုတ်လထဲတွင် ပြည်တွင်းမှ ဆန်၊ မြေထောက်ပဲ၊ ရာဘာ၊ ပဲတီစိမ်း၊ ပြောင်းတို့ အများဆုံးတင်ပို့နေပြီး ဆေးဝါးပစ္စည်း၊ စက္ကူလိပ်၊ ဓာတ်မြေသြဇာ၊ ပလတ်စတစ်၊ သံချောင်း၊ ပိတ်လိပ် စသည့် လူသုံးကုန်ပစ္စည်းတို့ တရုတ်နယ်စပ်မှ တင်သွင်းလျက်ရှိသည်။

ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများအား မန္တလေး-လက်ပံလှ-ဗန်းမော်-မိုးမောက် (ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော်-မိုးမောက် (ကျောက်စခန်း) စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိကြောင်း သိရသည်။

သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော် လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိသည်။

တရုတ်နိုင်ငံမှ ကုန်စည်များကို ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကုန်လမ်းမှ သယ်ယူခြင်းထက် ကုန်ကျစရိတ် သက်သာသည့် လွယ်ဂျယ်-မိုးမောက်၊ ဗန်းမော်လမ်းကို ပိုမိုအသုံးပြုကြသည့် ကုန်သည်များရှိသည်။ထို့ကြောင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ပို့ကုန်တင်ပို့မှုထက် တရုတ်ဘက်မှ ကုန်စည်များ တင်သွင်းရာတွင် ပိုမိုအဆင်ပြေသည်ဟု သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်နှင့် ယူနန်ပြည်နယ်တို့ကြား ပိုမိုတိုးတက်လာနိုင်သည့် အခွင့်အလမ်းများစွာရှိနေသည်။သို့သော် သြဂုတ်လအတွင်း၌ နယ်မြေအေးချမ်းမှုမရှိသည့် အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်ရေးသို့သွားရာ လမ်းကြောင်းအခက်အခဲများ ဖြစ်ပေါ်နေလျက်ရှိသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးအတွက် များစွာအထောက်အကူပြုမည့် အဓိကလမ်းမကြီးဖြစ်သည့် မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်း (၃၇) မိုင် (၄) ဖာလုံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် သုံးနှစ်စီမံကိန်းကာလ ဆောင်ရွက်နေကြောင်း ကချင်ပြည်နယ်လမ်းဦးစီးဌာနမှ သိရသည်။

မိုးမောက်-ကျောက်စခန်း-စိန်လုံ-လွယ်ဂျယ်လမ်းသည် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်း လွယ်ဂျယ်မြို့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တယ်ဟုန်ခရိုင်၊ လုံချွမ်ခရိုင်ခွဲ၊ ကျန်းဖုန်းမြို့အထိ ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုဖြစ်ပြီး ဗန်မော်ခရိုင်အတွင်းရှိ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ရာတွင် အဓိကကျသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် နှစ်နိုင်ငံမှ ကုန်စည်စီးဆင်းမှုများ လွယ်ကူချောမွေ့လာပါက အနာဂတ် နှစ်နိုင်ငံနယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးများ မျှော်မှန်းနိုင်မည့် အခွင့်အလမ်းများရှိနေပါသည်။

အမွန်