【 ဆောင်းပါး 】 ဝင်ငွေတိုး အကျိုးများနိုင်သည့် နကျယ်ကောင် မွေးမြူရေး

【 ဆောင်းပါး 】 ဝင်ငွေတိုး အကျိုးများနိုင်သည့် နကျယ်ကောင် မွေးမြူရေး

လူသားတို့သည် အမျိုးမျိုးသော စိန်ခေါ်မှုများကို ယနေ့ထက်တိုင် ကဏ္ဍအလိုက် ရင်ဆိုင်နေရဆဲဖြစ်သည်။

ယင်းတို့တွင် ရာသီဥတု၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ လောင်စာ၊ ပိုးမွှားနဲ့ ကျန်းမာရေးဆိုင်ရာပြဿနာများကဲ့သို့ နယ်ပယ်အလိုက် များစွာရှိနေပါသည်။

သို့ရာတွင် ထိုစိန်ခေါ်မှုများကို အရှုံးမပေးဘဲ တီထွင်ကြံဆမှုများဖြင့် ဖြေရှင်းကြရာ ယင်းကို နည်းပညာဟုခေါ်ကြပြီး တစ်ချိန်တည်းမှာပင်လျှင် နည်းပညာသည် လူ့အသိုင်းအဝိုင်းအတွက် ဝင်ငွေနှင့် စီးပွားရေး၏အခြေခံ အုတ်မြစ်လည်း ဖြစ်လာနေပါသည်။

လွန်ခဲ့သည့် နှစ် (၃၀) ဝန်းကျင်က မြို့၊ ရွာများတွင် ရေသန့်ဘူးများကို ပြည်တွင်းတွင် တွင်ကျယ်စွာရောင်းချခြင်း မရှိခဲ့သည်ကို ပြန်တွေးတောနိုင်မည်ဖြစ်ပါသည်။ယနေ့အချိန်တွင် သာမန်အားဖြင့် ရေချိုရရှိသော ဒေသများတွင်ပင်လျှင် ရေသန့်လုပ်ငန်းမှာ အလုပ်ဖြစ်နေပြီဖြစ်ပြီး သိုလှောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ထုပ်ပိုးခြင်း၊ သန့်စင်ခြင်း စသည့် နည်းပညာများ ပေါင်းစပ်ထားကာ ယနေ့ပြည်တွင်းတွင် ကြီးမားကျယ်ပြန့်သော ရေသန့်လုပ်ငန်းများစွာကို တွေ့နေရပြီဖြစ်ပါသည်။

လူတို့၏လိုအပ်ချက်ကို တွေးတောကာ နည်းပညာများဖြင့် ဖြေရှင်းလိုက်ခြင်း၏ စီးပွားရေးဆိုင်ရာ အားသာချက်နှင့် အောင်မြင်သော လုပ်ငန်းများ ပေါ်ပေါက်လာသည်ကို ရည်ညွှန်းလိုခြင်းဖြစ်သည်။

အခုနောက်ပိုင်း ကမ္ဘာ့နိုင်ငံများ တွင်ကျယ်ပျံ့နှံ့လာသော အင်းဆက်ပိုးမွေးမြူရေးလုပ်ငန်းများအနက်မှ နကျယ်ကောင်မွေးမြူရေးလုပ်ငန်းဟာလည်း နည်းပညာ၏ ဆန်းသစ်လာမှုကို ထင်ဟပ်ပြသနေခြင်းဖြစ်သည်။

နကျယ်မွေးမြူရေးသည် စိတ်ဝင်စားစရာဖြစ်ပြီး စီးပွားရေးအပြင် လူသားတို့အတွက် အကျိုးပြုသော လုပ်ငန်းဟု ဆိုကြပါသည်။အကြောင်းမှာ နကျယ်ကောင်များကို ကမ္ဘာပေါ်တွင် ဂေဟစနစ်၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အတွက် မွေးမြူခြင်းနှင့် စားသောက်ကုန်အဖြစ် မွေးမြူထုတ်လုပ်လျက်ရှိနေခြင်းကြောင့်ဖြစ်ပါသည်။

ယင်းနှင့်ပတ်သက်၍ ၂၀၁၁ ခုနှစ်ဝန်းကျင်က မြန်မာနိုင်ငံအပါအဝင် တရုတ်၊ လာအို စသည့် မဲခေါင်နိုင်ငံများက စပါးဖျက်ပိုးများရန်က ကာကွယ်မည်ဖြစ်သော နကျယ်ကောင်မွေးမြူရေးကို ဂေဟနစ်ထိန်းညှိရေးအတွက် အစပျိုးခဲ့ကြပါသည်။ယင်းတွင် ဥကပ်ပါးနကျယ်ကောင်များကို စိုက်ခင်းထဲသို့လွှတ်ခြင်းဖြင့် စပါးဖျက်ပိုးနှိမ်နင်းမှု လုပ်ဆောင်နိုင်ရန်  EU အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးထောက်ပံမှုအပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနည်းပညာဌာနမှ နည်းပညာဖြင့် သီးနှံကာကွယ်ရေးဌာနခွဲ၊ ဘက်စုံသီးနှံကာကွယ်ရေးဌာနစုတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် ငါးနှစ်တာ အစီအစဉ်အဖြစ် ဆောင်ရွက်ချက်များရှိနေခဲ့ကြောင်း သတင်းများတွင်လည်း ဖော်ပြခြင်းများ တွေ့ရပါသည်။

သို့ရာတွင် နကျယ်ကောင်မွေးမြူရေးသည် ကျယ်ပြန့်ပြီး မျိုးစိတ်ကိုမူ နယ်မြေအလိုက် ကျရောက်တတ်သော စပါးဖျက်ပိုးများပေါ် မူတည်ကာ ရွေးချယ်မွေးမြူခြင်းများရှိနေပါသည်။စိုက်ပျိုးရေးကဏ္ဍတွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်နှင့် ရမည်းသင်းခရိုင် စသည့် ခရိုင် ၅ ခရိုင်အတွင်း စပါးဖျက်ပိုးများ နှိမ်နှင်းရန်အတွက် အကျိုးပြု ကပ်ပါးနကျယ်ကောင်များကို ၂၀၂၀ ခုနှစ်တွင် တိုင်းဒေသကြီး သီးနှံကာကွယ်ရေးဌာနခွဲမှ ပိုးသတ်ဆေးအသုံးချမှု လျှော့ချရေးအတွက် လုပ်ဆောင်ခြင်းများရှိခဲ့ကြောင်း တွေ့ရပါသည်။

ထို့ကြောင့် မြန်မာတွင် ဥကပ်ပါးနကျယ်မွေးမြူရေးအတွက် နည်းပညာသည် ၂၀၁၅ ခုနှစ်ခန့်ကပင် ရှိနှင့်နေပြီဖြစ်ပြီး စက်ရုံလေးရုံရှိကာ လိုအပ်နေသေးခြင်းကြောင့် စီးပွားဖြစ်မွေးမြူလိုသူတွေအတွက်လည်း ကုန်ကျစရိတ်အနည်းဆုံးဖြင့် မွေးမြူနိုင်ရေး ဘက်စုံသီးနှံကာကွယ်ရေးဌာနစုမှ ဖိတ်ခေါ်ခြင်းများရှိခဲ့သည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင်လျှင် ယင်းအင်းဆက်မျိုးစိတ်ကို စားသောက်ကုန်အဖြစ် ရည်ရွယ်မွေးမြူခြင်းများလည်းရှိနေသည်ကို တွေ့နိုင်ပါသည်။တရုတ်-မြန်မာ နယ်စပ် လျန်ဟယ်ခရိုင်တွင် နကျယ်ကောင်အခြေစိုက်မွေးမြူရေးစခန်းများရှိနေကြောင်း တရုတ်သတင်းများတွင်တွေ့ရပြီး ဖန်လုံအိမ် ၃ လုံး တည်ဆောက်မွေးမြူသူအတွက် အကောင်ရေ ၁၈၀၀ ဝန်းကျင် မွေးမြူနိုင်ခဲ့ကြောင်း ထုတ်လုပ်မှုတန်ဖိုးဟာ တရုတ်ယွမ် ၂၀၀,၀၀၀ ခန့် ရရှိကြောင်း နကျယ်မွေးမြူရေးအကြောင်းအရာတစ်ခုကို လျန်ဟယ်ခရိုင် မီဒီယာစင်တာမှ ဖော်ပြခဲ့သည်။

နကျယ်ကောင်များသည် ကျိုင်းကောင်းများ၊ နှံကောင်များ၊ ပျားရည်၊ ရေ စသည်တို့ကို အမဲလိုက်သောကြောင့် စီးပွားရေးနှင့် ဂေဟစနစ်ဆိုင်ရာ အကျိုးကျေးဇူးများသည်ဟု ဆိုကြသည်။ယင်းတို့သည် တောင်တန်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုပြီး ဝင်ငွေတိုးစေကာ ကြွယ်ဝစေသော အခွင့်အလမ်းများကိုလည်း ဖန်တီးပေးနိုင်ကြောင်း ညွှန်းဆိုကြသည်။

မိုးသား