【 ဆောင်းပါး 】 သယံဇာတအရင်းအမြစ်ထဲက သဘာဝဓာတ်ငွေ့

【 ဆောင်းပါး 】 သယံဇာတအရင်းအမြစ်ထဲက သဘာဝဓာတ်ငွေ့

လူတို့သည် ၁၉ ရာစုနှစ်လောက်ကတည်းက ခေတ်မီလောင်စာအရည် ထုတ်လုပ်သည့် လုပ်ငန်းများကို စတင်အသုံးပြုလာကြသည်။

အဓိကအသုံးပြုသော လောင်စာအရည်မှာ ရေနံစိမ်းဖြစ်သည်။

ရေနံစိမ်းမှတစ်ဆင့် ဓာတ်ဆီ၊ ရေနံဆီ၊ ပါရာဖင်ဆီ (ဓာတ်သတ္တုဆီ)၊ ထင်းရှူးဆီ အစရှိသော လောင်စာအရည်များကို အဆင့်ဆင့်ပေါင်းခံခြင်းဖြင့် ခွဲထုတ်ယူကြသည်။ကမ္ဘာတစ်ဝန်း လူဦးရေများပြားလာသောအခါ စွမ်းအင်လောင်စာများ သုံးစွဲမှုလည်း မြင့်တက်လာသည်။

သဘာဝဓာတ်ငွေ့သည် ဓာတ်ငွေ့တာဘိုင်များနှင့် ရေနွေးငွေ့တာဘိုင်များကို အသုံးပြုခြင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၏ အဓိကအရင်းအမြစ်တစ်ခုဖြစ်ပါသည်။လျှပ်စစ်ဓာတ်အားပေးတချို့သည် သဘာဝဓာတ်ငွေ့ကို အသုံးပြုကြသည်။ကမ္ဘာကြီးတွင် ရေနံ၊ ကျောက်မီးသွေး အစရှိသည့် သယံဇာတအရင်းမြစ်များပင် မဟုတ်တော့ဘဲ သဘာဝဓာတ်ငွေ့အသုံးပြုမှုနှင့် လိုအပ်ချက်များလည်း ပိုမိုများပြားလာသည်။

သဘာဝဓာတ်ငွေ့ကို စက်ယန္တယားကြီးများ၊ လျှပ်စစ်ဂျင်နရေတာများ၌ အသုံးပြုသည့်အပြင် သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သည့် မီးဖိုများ၊ အပူပေးအဝတ်ခြောက်စက်များ၊ အိမ် (သို့မဟုတ်) အဆောက်အအုံများတွင် အပူပေးခြင်း ဘွိုင်လာများ၊ မီးဖိုများနှင့် ရေပူစက်များ၊ သင်္ဘော၊ CNG ယာဉ် အစရှိသည့် အသုံးပြုမှုများဖြင့် လူတို့ နေ့စဉ်ဘဝအတွင်းတွင် မဖြစ်မနေပါဝင်လာနေသည်။

သဘာဝဓာတ်ငွေ့ကို ဟိုက်ဒရိုဂျင်ထုတ်၍ ဓာတုလုပ်ငန်းများတွင် အသုံးပြုကြသည်။ဓာတုဓာတ်ပြုခြင်း၊ ရေနံချက်စက်ရုံများအတွက် အရေးပါသော ကုန်ပစ္စည်းများနှင့် ဟိုက်ဒရိုဂျင်ယာဉ်များတွင် လောင်စာအရင်းအမြစ်အဖြစ် အသုံးပြုကြသည်။ဓာတ်မြေသြဇာ ထုတ်လုပ်ရာတွင် အသုံးပြုသော အမိုးနီးယားထုတ်လုပ်ခြင်းအတွက် အဓိကကုန်ကြမ်းလည်းဖြစ်ပြီး ဖန်၊ စတီး၊ ပလတ်စတစ်၊ သုတ်ဆေးနှင့် အခြားထုတ်ကုန်များတွင်လည်း အသုံးပြုကြသည်။

လွန်ခဲ့သော ၁၅ နှစ်ကပင် တစ်ကမ္ဘာလုံး သဘာဝဓာတ်ငွေ့သုံးစွဲမှုသည် ၉ ဒသမ ၆ သန်းနီးပါးရှိခဲ့သည့်အတွက် ယခုကာလတွင် ယင်းပမာဏထက် အဆပေါင်းများစွာ ပိုလာမည်ဖြစ်ပါသည်။လူသားတို့အတွက် သဘာဝကပေးသော အရင်းအမြစ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း၌ သဘာဝဓာတ်ငွေ့သည် ပြည်တွင်းရှာဖွေမှုများသာမက ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ကုန်သွယ်မှုများတွင်လည်း အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် သဘာဝသယံဇာတပေါများသည့် နိုင်ငံဖြစ်သည့်အလျောက် ရေနံသဘာဝဓာတ်ငွေ့ လုပ်ကွက်များစွာနှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများလည်းရှိသည်။ပြည်တွင်း၌ ကိုယ်ပိုင်အရင်းအမြစ်များဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ သဘာဝဓာတ်ငွေ့ပိုင်းလိုင်းများ တည်ဆောက်၍ ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးခြင်း၊ မော်တော်ယာဉ်များအတွက် CNG ဓာတ်ငွေ့အား အစားထိုးလောင်စာအဖြစ် ဖြန့်ဖြူးခြင်း၊ နိုင်ငံခြားရေနံကုမ္ပဏီများနှင့် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေး စာချုပ်များ ချုပ်ဆို၍ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် လုပ်ကိုင်ကြသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ ဒသမ ၅ သန်း ရရှိခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်းကို ၂၀၁၀ ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၃ ဇူလိုင် ၂၈ ရက်တွင် ဓာတ်ငွေ့ပို့လွှတ်မှုများ စတင်ခဲ့သည်။ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်ထားသော ဓာတ်ငွေ့ပိုက်လိုင်းသည် ၁၀ နှစ်ပြည့်သွားခဲ့ပြီဖြစ်သည်။ ၁၀ နှစ်ကာလအတွင်း တရုတ်နိုင်ငံသို့ ဓာတ်ငွေ့ ကုဗမီတာ ၅၂ ဘီလျံနီးပါး ပို့လွှတ်ပေးနိုင်ခဲ့သည်ဟု တရုတ်အခြေစိုက် Global Times သတင်းစာ၌ ဖော်ပြခဲ့သည်။

ဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနိုင်ငံအနောက်ပိုင်း ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီမြို့အထိ ချိတ်ဆက်ထားပြီး တစ်နှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၅ ဒသမ ၂ ဘီလီယံ တရုတ်နိုင်ငံသို့ တင်ပို့ရန် လျာထားကြောင်း သိရသည်။ယင်းစီမံကိန်းမှ တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူဖြစ်စေခဲ့သည်ဟု သိရသည်။

တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွင် မြန်မာ၊ တရုတ်၊ တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ကော်ပိုရေးရှင်းခြောက်ခု ပါဝင်ရင်းနှီးမြှုပ်နှံထားသည်။ South-East Asia Crude Oil Pipeline ကုမ္ပဏီနှင့် South-East Asia Gas Pipeline ကုမ္ပဏီနှစ်ခုက စီမံကိန်းလုပ်ဆောင်နေပြီး CNPC က အစုရှယ် ၅၀ ဒသမ ၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း သိရသည်။ယင်းစီမံကိန်းသည် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ထဲတွင် ပါဝင်လာသည်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း ဆယ်နှစ်မြောက် နှစ်ပတ်လည်သည် တရုတ်-မြန်မာ နှစ်နိုင်ငံကြား ပေါက်ဖော်ချစ်ကြည်ရေး ရင်းနှီးမှုကို ပြသခြင်းဖြစ်သည်ဟု Global Times သတင်းတွင် ဖော်ပြခဲ့ပါသည်။ ပြည်တွင်းမှရရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများသည် တရုတ်နိုင်ငံကို များစွာအကျိုးပြုသကဲ့သို့ မြန်မာနိုင်ငံအတွက်လည်း နိုင်ငံခြားဝင်ငွေများရရှိကာ အကျိုးပြုမှုများရှိနေသည်။အထူးသဖြင့် ဓာတ်ငွေ့ပိုက်လိုင်းနှင့် နီးသည့် ဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှုများရရှိရန် အခြေအနေကောင်းကို ပိုင်ဆိုင်လာတော့မည့် အနေအထားမျိုးရှိလာသည်။

ကျောက်ဖြူဒေသမှာလည်း မကြာခင် ပိုမို၍ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သည်။မြန်မာနိုင်ငံ၏ ကျေးလက်ဒေသများတွင် လျှပ်စစ်မီး လိုအပ်ချက်များလည်း ရှိနေသေးသည့်အပေါ် ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ခံစားရလာသည်နှင့်အတူ ဒေသခံများ၏ လူနေမှုဘဝများလည်း တိုးတက်လာမည်ဖြစ်သည်။

သဘာဝဓာတ်ငွေ့သည် ရေနံနှင့် ကျောက်မီးသွေးကဲ့သို့သော အခြားရှေးရုပ်ကြွင်းလောင်စာများထက် ပို၍သန့်ရှင်းစွာ လောင်ကျွမ်းသည်။သို့သော် ကျောက်မီးသွေးထက် သန့်ရှင်းသည်ဟုဆိုသော်လည်း လူလုပ် ကာဗွန်ဓာတ်ငွေ့ ထုတ်လုပ်မှုများထဲတွင် ပါဝင်သော တွင်းထွက်လောင်စာတစ်မျိုးလည်းဖြစ်သည်။

အကန့်အသတ်ရှိသော သဘာဝအရင်းအမြစ်များတွင် သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မီးသွေး၊ သစ်ပင်များ၊ ရေ၊ မြေဆီလွှာများနှင့် အပင်များ ပါဝင်သည်။ကျွန်းသစ်၊ မြေဆီလွှာနှင့် သဘာဝငါးအရင်းအမြစ်များတို့က ပြန်လည်ပြည့်ဖြိုးနိုင်သော်လည်း တွင်းထွက်ဓာတ်သတ္တုများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့သည် ပြန်လည် ပြည့်ဖြိုးမြဲမဟုတ်သော အရင်းအမြစ်များဖြစ်သည်။၎င်းအရင်းအမြစ်များသည် ရာသီဥတုပြောင်းလဲခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးခြင်းကို ကာကွယ်ရာတွင် အသုံးပြုကြသည်။သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ပါးသက်သာစေရန်အတွက်ကိုလည်း မြန်မာ-တရုတ် ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွင် EIA ( Enviromental Impact Assessment) များ ဆောင်ရွက်ခြင်းဖြင့် လုပ်ဆောင်နိုင်ခဲ့ကြသည်။

သို့ဖြစ်၍ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းညှိဆောင်ရွက်နိုင်မည့် သဘာဝဓာတ်ငွေ့စီမံကိန်းများကို မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ဆောင်ရွက်ရမည်သာဖြစ်သည်။

အမွန်
Photo Credit - The Express Tribune