【 ဆောင်းပါး 】 "အဆိပ်ကို ကြော်ငြာတဲ့အခါ''
ပြီးခဲ့တဲ့ရက်ပိုင်းက တီဗီရှေ့ထိုင်နေတုန်း ကြော်ငြာတွေ မကြာခဏပြနေတာ တွေ့ပါတယ်။လူသုံးကုန်ပစ္စည်းတွေအမျိုးမျိုးပေါ့။အဲဒီပစ္စည်းကြော်ငြာတွေထဲမှာ စိုက်ပျိုးရေး လုပ်ငန်း တွေမှာသုံးတဲ့ ပိုးသတ်ဆေးနဲ့မြေသြဇာအမျိုးမျိုးရဲ့ကြော်ငြာတွေလည်း ပါတာတွေ့ရပါတယ်။ကြော်ငြာတွေကြည့်နေရင်း ဘာ သွားသတိထားမိလည်းဆိုတော့ ပိုးသတ်ဆေးနဲ့ မြေသြဇာကြော်ငြာတချို့က များများဝယ်သုံးပါ ကောင်းတယ်ဆိုတာချည်းပဲပါပြီး သုံးတဲ့ချိန်မှာ ဘယ်လိုသတိထားသင့်တယ်ဆိုတာနဲ့ အဲလိုသုံးတဲ့အခါသတိမထားရင် ကျန်းမာရေးတွက် ဘယ်လို အန္တရာယ်ရှိတယ်ဆိုတာ တစ်ကြောင်းတလေတောင်ထည့်သွင်းဖော်ပြထားတာ မတွေ့ရပါဘူး။
တချို့ကြော်ငြာမှာဆို အဲဒါတွေကို လက်အိတ်တွေဘာတွေ အကာအကွယ်တွေ အလုံအလောက်မပါဘဲ ဖျန်းပက်နေတဲ့ပုံစံတွေတောင်ပါတာ တွေ့ရပါတယ်။ဒါနဲ့ဘာသွားသတိရလဲဆိုတော့ မိတ်ဆွေတစ်ယောက် ပြောဖူးတာကိုပါ။သူများနိုင်ငံတွေမှာက သီးပင်စားပင်တွေစိုက်တဲ့နေရာမှာ ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာကို အတတ်နိုင်ဆုံးစနစ်တကျသုံးဖို့၊ လျှော့သုံးဖို့နဲ့ ဖြစ်နိုင်ရင် သဘာဝမြေသြဇာတွေ၊ အော်ဂဲနစ် နည်းပညာတွေအတိုင်း စိုက်ပျိုးပြီး အဲဒါတွေကိုလုံးဝမသုံးဖို့ပညာပေးနေချိန် လိုက်နာကျင့်သုံးနေချိန်မှာ ငါတို့နိုင်ငံမှာက များများသုံးလေ ကောင်းလေဆိုပြီးကြော်ငြာနေတာ ဖြစ်သင့်ရဲ့လားလို့သူက ဝေဖန်ပါတယ်။
သူပြောတာစဥ်းစားရင်းနဲ့ စာရေးသူဖတ်မိတဲ့ စာလေးတစ်ခုကို မြင်ယောင်မိပါတယ်။အဲဒီစာက မီးဖိုချောင်သန့်စင်တဲ့နေရာမှာသုံးတဲ့ ယိုးဒယားကလာတဲ့ ဆေးရည်ဘူးမှာမြန်မာလိုဖော်ပြထားတဲ့ စာသားတချို့ပါ။အတော်လေးအသေးစိတ်ပါတယ်။အသုံးပြုပုံ၊အရေးကြီးသတိထားရမယ့်အချက်တွေ၊ဆေးသုံးရာက အသုံးပြုသူကို ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေရှိလာရင် ရှေးဦးသူနာပြုစုနည်းတွေ အကြံပြုချက်တွေ အသေအချာ လေးပြည့်ပြည့်စုံစုံရေးပြထားပါတယ်။ သူရေးထားတဲ့အထဲမှာ ဆေးရဲ့ကောင်းကျိုးနဲ့အသုံးပြုပုံထက် ဆေးသုံး ရာမှာ သတိထားရမယ့်အချက်တွေအကြံပြုချက်နဲ့ ရှေးဦးသူနာပြုစုနည်းတွေက ပိုများနေပါတယ်။ကိုယ်တောင် သူရေးထားတာတွေဖတ်ပြီး သုံးရမှာခပ်လန့်လန့်ရယ်ပါ။ ဘာလို့လဲဆိုတော့ နမော်နမဲ့သုံးမိရင် ကြုံရမယ့် အန္တရာယ်တွေက အတော်ကိုကြောက်စရာကောင်းလို့ဖြစ်ပါတယ်။
ဒီနေရာမှာဘာကိုသွားတွေ့လည်းဆိုတော့ ကုန်ပစ္စည်းထုတ်လုပ်သူတွေရဲ့စေတနာပါ။ သုံးစွဲသူတွေ ဘက် က စဥ်းစားစိတ်ပူပေးထားတာ မြင်သာပါတယ်။မြန်မာနိုင်ငံမှာထုတ် တဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာ အပါအဝင် တခြားကုန်ပစ္စည်းတွေမှာလည်း သုံးစွဲသူတွက် စဥ်းစားစိတ်ပူပေးတဲ့ အချက်တွေထည့်သွင်း ဖော်ပြ ထားတာတွေလည်းအများကြီးရှိနိုင်ပါတယ်။ဒါကလည်း ကိုယ့်ကုန်ပစ္စည်းရောင်းရရုံသက်သက်မဟုတ်ဘဲ စေ တနာထားကြတာဖြစ်ပါတယ်။အဲဒီစေတနာမျိုးမထားဘဲ ကိုယ့်ကုန်ပစ္စည်းရောင်းရရင်ပြီးရော ကောင်းကျိုးကို ကြီးကြီးဖော်ပြပြီး ဆိုးကျိုးကို သေးသေးနဲ့ မသိမသာဖော်ပြတဲ့ ကုန်ပစ္စည်းတွေလည်းရှိနိုင်ပါတယ်။
တကယ်တော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးက သုံးတာနဲ့ မသုံးတာမှာ မသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးဖြစ်ထွန်းတဲ့ သီးနှံကတော့ လူ့အသက်နဲ့ကျန်းမာရေးအတွက်ပိုလုံခြုံမှုရှိတယ်ဆိုတာ ငြင်းလို့မရတဲ့ အချက်ပါ။ဒီလိုပြောလို့ ဒါတွေကို လုံးဝမသုံးရဘူး။လုံးဝမရောင်းရဘူး။လုံးဝ မကြော်ငြာရဘူး လို့ဆိုလိုတာ မဟုတ်ပါဘူး။သုံးလို့ ရောင်းလို့ ကြော်ငြာလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပိုးသတ်ဆေးနဲ့ဓာတ် မြေသြ ဇာတွေကို စနစ်တကျထုတ်လုပ်ရောင်းချဖြန့်ဖြူးကြော်ငြာနိုင်ဖို့ ဥပဒေတွေနဲ့ကို တရားဝင်ပြဌာန်း အသိ အမှတ်ပြုထားလို့ဖြစ်ပါတယ်။ဥပဒေစည်းမျဥ်းစည်းကမ်းနဲ့အညီ လုပ်ဆောင်ဖို့ပဲလိုတာဖြစ်ပါတယ်။
တကယ်တော့ ပိုးသတ်ဆေးဆိုတာ အဆိပ်ပဲဖြစ်ပါတယ်။အဲဒါကိုကြော်ငြာတာဟာ အဆိပ်ကို ဝယ် သုံးဖို့ကြော်ငြာတာပါပဲ။ကြော်ငြာခွင့်လည်းရှိပါတယ်။ဘာလို့လည်းဆိုတော့ ပိုးသတ်ဆေးဥပဒေမှာ အဆိပ် ရှိပစ္စည်း ဆိုတာက ပိုးသတ်ဆေးမှာ ပါဝင်တဲ့၊ ပိုးသတ်ဆေးဖော်စပ်ရာမှာ သုံးနိုင်တဲ့ အန္တရာယ်ဖြစ်စေတဲ့၊ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတစ်မျိုးမျိုးကို ဆိုလိုတယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုထားတာမို့ ပိုးသတ်ဆေး ဖော်စပ်ရာမှာ အဆိပ်ကို အနည်းနဲ့အများတော့ သူ့အချိုးအစား ဥပဒေစည်းမျဥ်း သတ်မှတ်ချက်တွေအတိုင်း သုံးရလို့ဖြစ်ပါတယ်။
အဲဒီလိုပဲ မြေသြဇာဆိုတာက သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနဲ့ အပင်တွေ ရှင်သန်ကြီးထွားရေး အတွက် မြေဆီလွှာမှာ ဓာတုဆိုင်ရာပြောင်းလဲမှုဖြစ်စေဖို့၊ အခြားနည်းလမ်း တစ်ခုခုနဲ့ အာဟာရဓါတ်ရရှိစေဖို့ ထောက် ပံ့ပေးနိုင်တဲ့ ပစ္စည်းပါဝင်တဲ့ဓာတ်မြေ သြဇာ၊ ဇီဝမြေသြဇာနဲ့သဘာဝမြေသြဇာတို့ကို ဆိုတယ်လို့ မြေသြဇာ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ဒီအချက်ကိုကြည့်ရင် သဘာဝမြေသြဇာကလွဲလို့ ကျန်တဲ့မြေသြဇာ အမျိုး အစားတွေက ဓာတုဗေဒပစ္စည်းတွေအနည်းနဲ့အများသုံးရတာမို့ စနစ်တကျမသုံးရင် သုံးစွဲသူတွေ အတွက် အန္တရာယ်ရှိတဲ့ အဆိပ်တွေပါပဲ။ဒါကြောင့်မို့ စနစ်တကျမသုံးရင် အဆိပ်ဖြစ်စေနိုင်တဲ့ ဒီလိုပစ္စည်းတွေကို ကြော်ငြာမယ်ဆိုရင် ဆောင်ရန်အပြင် ရှောင်ရန်အချက်လေးတွေပါထည့်သွင်းကြော်ငြာပေးသင့်တယ်လို့ ယူဆပါတယ်။ဘာလို့လဲဆိုတော့ ဝယ်သုံးမယ့်တောင်သူတွေထဲမှာ အသိပညာဗဟုသုတအားနည်းမယ့် တောင်သူတွေအများအပြားပါနိုင်လို့ဖြစ်ပါတယ်။
ဝယ်သုံးဖို့လည်းကြော်ငြာပါ။စနစ်တကျသုံးဖို့လည်း ပညာပေးပါ။ဒါမှသာ ဆိုးကျိုးရော ကောင်းကျိုး ရောသိမှ ချင့်ချင့်ချိန်ချိန်သုံးဖို့ စဥ်းစားလာမှာဖြစ်ပါတယ်။အဲဒီလိုမှမဟုတ်ဘဲ များများသုံးလေကောင်းလေပဲ သုံးသာသုံးဆိုလို့ကတော့ အသိပညာအတတ်ပညာအားနည်းတဲ့ တောင်သူတွေက သုံးချင်သလိုသုံးရင် တောင် သူရော စားသုံးသူရော ဒုက္ခရောက်နိုင်ပါတယ်။
အခုနောက်ပိုင်း သွေးအဆိပ်ဖြစ်တဲ့ရောဂါကြောင့် ဆေးရုံဆေးခန်းရောက်ရတဲ့လူနာတွေကို ဆရာဝန်အများစု မေးနေကျမေးခွန်းရှိပါတယ်။လူနာက ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေ ကိုင်တာများလား ဆိုတဲ့မေးခွန်းပါ။ဘာလို့လဲဆိုတော့ အဲဒီလို သွေးအဆိပ်ဖြစ်တဲ့ရောဂါက အဲဒါတွေကို စနစ်တကျကိုင်တွယ် မသုံးတဲ့ သူတွေမှာအဖြစ်များလို့လို့ သူတို့ကပြောပါတယ်။ အဲဒီလိုပြောပုံထောက်ရင် ကိုင်တိုင်းဖြစ်တာမဟုတ်ပါဘူး။အကာအကွယ်နဲ့ စနစ်တကျ ကိုင်တွယ်အသုံးပြုရင်တော့ ကျန်းမာရေးတွက်အထိုက်အလျောက် လုံခြုံ မှုရနိုင်တယ်ဆိုတာ သေချာပါတယ်။ စားသုံးသူကလည်း ပိုးသတ်ဆေးနဲ့ဓာတ်မြေသြဇာ သုံးထားတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေဆို ရေနဲ့ အထပ်ထပ်ဆေးပြီးမှ ချက်ပြုတ်စားသောက်ဖို့ ဆရာဝန်တွေ၊ ကျန်းမာရေး ဆိုင်ရာ အာဟာရပညာရှင်တွေက မကြာခဏမှာလေ့ရှိပါတယ်။
ပိုးသတ်ဆေးဖော်စပ်ရောင်းချခွင့်နဲ့ ပြန်လည်ထုပ်ပိုးရောင်းချခွင့် လိုင်စင်ရရှိသူကလည်း လိုင်စင် လျှောက်ထားစဉ်က တင်ပြခဲ့တဲ့ အဆိပ်ရှိပစ္စည်း ပါဝင်မှုရာခိုင်နှုန်းအတိုင်း ပြည့်မီအောင် ဖော်စပ်ရမယ်လို့ ပိုးသတ်ဆေးဥပဒေပုဒ်မ ၂၄မှာဆိုပါတယ်။ဒါ့ပြင်ဖော်စပ်တဲ့ ပိုးသတ်ဆေးအတွက် သုံးစွဲရန်အညွှန်းစာမှာ ပိုးသတ်ဆေးအမျိုးအမည်၊ ကာကွယ်နှိမ်နင်း နိုင်တဲ့ပိုးတွေ၊ အဆိပ်သင့်နိုင်မှု အဆင့်အတန်း၊ အသုံးပြုရမယ့် ဆေးနှုန်းထားတို့အပြင် အဆိပ်သင့်နိုင်မှု အန္တရာယ်ကနေကင်းရှင်းဖို့ နည်းလမ်းတွေကို မြန်မာဘာသာနဲ့ ဖော်ပြရမယ်လို့ ဆိုပါတယ်။
အဲဒါတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တဲ့ လိုင်စင်ရရှိသူကို စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ် ကိုဖြစ်ဖြစ်၊ တစ်ရပ်ထက်ပိုပြီးဖြစ်ဖြစ်ချမှတ်နိုင်ပါတယ်။ လိုင်စင်ကို ရုပ်သိမ်းတာ၊ ကာလအကန့် အသတ်နဲ့ ဆိုင်းငံ့တာ၊ဒဏ်ကြေးငွေပေးဆောင်စေပြီး လိုအပ်ချက်တွေကို ပြုပြင်စေပြီး ဆက်လက်လုပ်ကိုင်ခွင့်ပြုတာ၊ လိုင်စင်ရရှိသူ လက်ဝယ်ရှိ ပိုးသတ်ဆေးလက်ကျန်ကို သိမ်းယူတာ ဖျက်ဆီးတာတွေလုပ်ပြီး အရေးယူနိုင်တာ ဖြစ်ပါတယ်။
ပိုးသတ်ဆေးသုံးစွဲသူလိုက်နာရမယ့်စည်းကမ်းတွေထဲမှာ-
(က) ပိုးသတ်ဆေးအညွှန်းစာပါအတိုင်း လိုက်နာ သုံးစွဲရမည်။
(ခ) ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပိုးသတ်ဆေး အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ်ခြင်း နည်းလမ်းများအတိုင်း လိုက်နာသုံးစွဲရမည်။
(ဂ) ပိုးသတ်ဆေးများကို အစားအသောက်များနှင့် နီးကပ်စွာထားရှိခြင်း၊ ကလေးသူငယ်များ အလွယ်တကူ လက်လှမ်းမီသော နေရာတွင် ထားရှိခြင်းမပြုလုပ်ရ။
(ဃ) သုံးစွဲပြီးသော ပိုးသတ်ဆေးဘူးအခွံနှင့် ထုပ်ပိုးပစ္စည်းများကို ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ စွန့်ပစ်ဖျက်ဆီးခြင်း နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်ရမည်။
(င) စိုက်ခင်းများတွင်လည်းကောင်း၊ ရိတ်သိမ်းပြီးသီးနှံများကို သိုလှောင်ရာတွင်လည်းကောင်း ပိုးသတ်ဆေး သုံးစွဲခြင်းနှင့် စပ်လျဉ်း၍ ဦးစီးဌာနက အခါအားလျော်စွာ ထုတ်ပြန်သော ပညာပေးလမ်းညွှန်မှုများကို လိုက်နာရမည်။
စသဖြင့် ပြဌာန်းသတ်မှတ်ထားပါတယ်။
ပိုးသတ်ဆေးသုံးစွဲသူကအထက်မှာ ပြောထားတဲ့စည်းကမ်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လို့ တစ်စုံ တစ်ယောက်အသက်ဆုံးရှုံးမှုကို ဖြစ်ပေါ်စေရင်တော့ ရာဇသတ်ကြီးအရ ပြစ်ဒဏ်ထိုက်သင့်စေ ရမယ်လို့ ဆိုပါ တယ်။တစ်နည်းအားဖြင့် ရာဇဝတ်မှုမြောက်နေတာဖြစ်ပါတယ်။
ဒါကြောင့် စနစ်တကျမသုံးစွဲတတ်ရင် အဆိပ်ဖြစ်နိုင်တဲ့ ပိုးသတ်ဆေးနဲ့ ဓာတ်မြေသြဇာတွေကို ကြော် ငြာမယ်ဆိုရင်တော့ ကောင်းကျိုးအပြင် ဆိုးကျိုးတွေရော၊ဆောင်ရန်အပြင် ရှောင်ရန်တွေရောကိုပါ ဥပဒေပါ သတ်မှတ်ပြဌာန်းချက်တွေနဲ့အညီ ထည့်သွင်းကြော်ငြာမှသာ သုံးစွဲသူနဲ့ စားသုံးသူတွေရဲ့ ကျန်းမာရေး လုံခြုံ မှုကို အထောက်အကူပြုစေမှာပါလို့ အပြုသဘောဆောင် တိုက်တွန်းလိုက်ပါရစေ။
စာရေးသူ - သာဓက
( Zawgyi )