【 ဆောင်းပါး 】 အနာဂတ်ဖွံ့ဖြိုးလာမည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

【 ဆောင်းပါး 】 အနာဂတ်ဖွံ့ဖြိုးလာမည့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

မဲခေါင်မြစ်တစ်ဖက်စီက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ရုပ်လုံးပေါ်လာမည့် ကုန်သွယ်ရေးစခန်းတစ်ခု အသက်ဝင်လာသည်။

၂၀၁၅ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းသည် တစ်ခါတရံမှသာ ကုန်သွယ်မှုများနှင့် ကာလတစ်ခုကြာသည့်အထိ တိတ်ဆိတ်နေခဲ့သည်။

သြဂုတ် ၂၆ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်ရှိ ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်ပွဲကျင်းပခဲ့သည်။၎င်းစခန်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) ဖြင့် အဆင့်မြှင့်တင်တည်ဆောက် အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ကျိုင်းလပ်ကုန်သွယ်ရေးစခန်းသည် လာအိုနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့တွင် တည်ရှိသည်။မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ (၁.၃) မိုင်ခန့်အကွာရှိ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၊ တာလေမြို့၏ အရှေ့မြောက် ၃၅ မိုင်အကွာတွင် တည်ရှိသည်။

နှစ်နိုင်ငံကုန်သွယ်ရေးစခန်းတွင် လာအိုနိုင်ငံဘက်၌ ကျိုင်းကုတ်မြို့နှင့် ကုန်သွယ်မှုဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဘက်တွင် တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ တောင်ကြီးမြို့တို့နှင့် ကုန်သွယ်မှုများ အဓိကဆောင်ရွက်သည်။

ကာလတစ်ခုအထိ ကုန်သွယ်မှုများ တိတ်ဆိတ်ခဲ့သော ကျိုင်းလပ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ပုစွန်ဖွဲ ၂၁၅၁ ဒသမ ၅၀၀ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၉၄၈ သန်း တင်ပို့ခဲ့သည်။သြဂုတ်လတွင် ဆီ၊ ဆန် ၁၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၀၁၄ ဒေါ်လာသန်းနှင့် စက်တင်ဘာလတွင် ဆေးရွက်ကြီး၂၂ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၀၃၅ သန်း ၊ စုစုပေါင်း ၀ ဒသမ ၉၉၇ ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ပြောင်းသီးနှံများအပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များကို  ထပ်မံတင်ပို့နိုင်တော့မည်ဖြစ်၍ တောင်သူများအတွက် များစွာအထောက်အကူပြုနိုင်မည်။ထို့အပြင် မူဆယ်နယ်စပ်ဂိတ်မှ အခက်အခဲတစ်စုံတရာဖြစ်လာလျှင်လည်း ယခု ကျိုင်းလပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် ပို့ဆောင်နိုင်မည်ဖြစ်၍ ရွေးချယ်စရာလမ်းကြောင်းတစ်ခုရလာသည်ဟု ကုန်သည်များကပြောသည်။

ကုန်သွယ်မှုများဆောင်ရွက်ရာတွင် တာချီလိတ်မြို့မှ ကျိုင်းလပ်မြို့သို့ ၆၅ မိုင် ကွာဝေးပြီး ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ လာအိုနိုင်ငံ၊ ကျိုင်းကုတ်မြို့သို့ ၇ မိုင် ကွာဝေးပါသည်။ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဆက်စပ်ကုန်သွယ်မှုများလည်း ဆောင်ရွက်နိုင်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၈ ခုနှစ်တို့ဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင်   ကျိုင်းလပ်ကုန်သွယ်ရေးစခန်းကတော့ ကုန်သွယ်မှုအနည်းဆုံးဖြစ်ခဲ့သည်။ယခုအခါမှာတော့ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေကြောင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား ကုန်သွယ်မှုများ တိုးတက်လာတော့မည်ဖြစ်သည်။

လာအို-မြန်မာ ချစ်ကြည်ရေးတံတားကြောင့် ကျိုင်းလပ်ကုန်သွယ်ရေးစခန်းက ပိုမိုထင်ပေါ်လာသည်။၎င်းတံတားသည် တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့နှင့် လာအိုနိုင်ငံ၊ လွန်းနံ့သာပြည်နယ်၊ လောင်းပြည်နယ်၊ ကျိုင်းကော့ရွာကို ချိတ်ဆက်ရန် မဲခေါင်မြစ်ကို ဆက်သွယ်ထားသော တံတားဖြစ်သည်။ ချစ်ကြည်ရေးတံတားကြောင့် မဲခေါင်မြစ်နှင့် ဆက်စပ်နိုင်ငံများမှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ မဲခေါင်မြစ်နှင့်ဆက်စပ်သော အရှေ့မြောက်၊ အနောက်မြောက်ဒေသများနှင့် ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်မည်ဟု သိရသည်။

ဒေသတွင်းနိုင်ငံများဖြစ်သည့် လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ တရုတ်နိုင်ငံများသို့ ဆက်သွယ်သွားလာနိုင်ပြီး နောင်တွင် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ပါ ချစ်ကြည်ရေးတံတားဖြင့် ဆက်သွယ်သွားလာနိုင်မည်ဟု သိရသည်။

မဲခေါင်မြစ်သည် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံကြားက နယ်နိမိတ်ဖြစ်သည်။နှစ်နိုင်ငံနိမိတ်သဘောတူစာချုပ်ကို ၁၉၉၄ ခုနှစ်က ဗီယန်ကျင်းမြို့တွင် ချုပ်ဆိုခဲ့သည်။သဘောတူစာချုပ်ထဲတွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများလည်း ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် ကိုးကွယ်သည့်ဘာသာ၊ ရိုးရာဓလေ့၊ယဉ်ကျေးမှုတို့ တူညီမှုရှိကြသည်။လာအိုနိုင်ငံသည် အင်ဒိုချိုင်းနားကျွန်းဆယ်မြောက်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီး မြောက်ဘက်တွင် တရုတ်နိုင်ငံ၊ တောင်ဘက်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့ဘက်တွင် ဗီယက်နမ်နိုင်ငံ၊ အနောက်မြောက်ဘက်တွင် မြန်မာနိုင်ငံ၊ အနောက်တောင်ဘက်တွင် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသည်။

မြန်မာနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့အပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သိပ္ပံနှင့် နည်းပညာ၊ ယဉ်ကျေးမှု၊ ရေအရင်းအမြစ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ခရီးသွားလာရေး အစရှိသည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

လန်ချန်း-မဲခေါင်း မြစ်ဝှမ်းဒေသသည် အာရှတွင်သာမက တစ်ကမ္ဘာလုံးတွင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာအရှိဆုံး ဒေသများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။လန်ချန်းနှင့် မဲခေါင်သည် မြစ်တစ်သွယ်တည်းကို အမည်နှစ်မျိုး ခေါ်ဝေါ်ခြင်းဖြစ်၍ တရုတ်နိုင်ငံနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ်၏ အရေးကြီးသည့် နိုင်ငံဖြတ်ကျော်မြစ်ကြောင်းတစ်သွယ်ဖြစ်သည်။

လန်ချန်း-မဲခေါင် မြစ်ဝှမ်းနိုင်ငံ ၆ နိုင်ငံသည် တောတောင်ရေမြေ ဆက်စပ်နေပြီး  ယဉ်ကျေးမှုများ ဆက်နွယ်လျက်ရှိရာ အိမ်နီးချင်းအစဉ်အလာတို့နှင့် လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်သည့် အကျိုးစီးပွားချင်း နီးကပ်ယှက်နွယ်လျက်ရှိပေသည်။

မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့ဖြစ်သည့် တာချီလိတ်မြို့သည် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့အပြင် လာအိုနိုင်ငံနှင့်ပါ ကုန်သွယ်မှုများ တိုးမြှင့်နိုင်မည်ဖြစ်၍ ရွှေတြိဂံဒေသများ၏ အနာဂတ်စီးပွားရေးကို ပိုမိုပွင့်လင်းလာမည် ဖြစ်ပေတော့သည်။

အမွန်