【 ဆောင်းပါး 】 အလားအလာကောင်းများနှင့် ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေး

【 ဆောင်းပါး 】 အလားအလာကောင်းများနှင့် ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေး

ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ ကံပိုက်တည်မြို့တွင် တည်ရှိသည်။

တရုတ်နိုင်ငံဘက်မှ နယ်စပ်မြို့ဖြစ်သော ထိန်ချုံမြို့နယ်နှင့် ၇၁ မိုင်အကွာတွင်ရှိသည်။ထိန်ချုံမြို့နယ်သည် ယူနန်ပြည်နယ်၊ ပေါက်ရှန်းခရိုင်ထဲတွင်ရှိသော မြို့တစ်မြို့ဖြစ်သည်။

ကံပိုက်တည်မြို့က တစ်ချိန်က ဝိုင်းမော်မြို့နယ်ထဲ ကျေးရွာအုပ်စုတစ်ခုမျှသာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးစခန်းကြောင့် နယ်စပ်မြို့တစ်မြို့အဖြစ် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလထဲမှာ မြို့နယ်ခွဲတစ်ခုဖြစ်လာခဲ့သည်။ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကို ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲပြီး ၂၀၀၆ ခုနှစ် ဇွန်လတွင် ပိတ်သိမ်းခဲ့သည်။ထို့နောက် ၂၀၀၉ ခုနှစ်တွင် နိုင်ငံတော်အဆင့်စခန်းအဖြစ် တရားဝင်ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော၊ ပြောင်း၊ ဖရဲသီး၊ ရာဘာတို့ကို အဓိကတင်ပို့ပြီး တရုတ်နိုင်ငံဘက်မှ ဘိလပ်မြေ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးစ္စည်း၊ လျှပ်စစ်ပစ္စည်းနှင့် လူသုံးအိမ်သုံးပစ္စည်းများကို ပြန်လည်တင်သွင်းကြသည်။

ယခင်က ကံပိုက်တည်မြို့၊ ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးလို့ အမည်တွင်ခဲ့ရာမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ကံပိုက်တည်မြို့ဟု ပြည်ထဲရေးဝန်ကြီးဌာနက အမည်ပြောင်းလဲခဲ့သည်။ယခင်က ကံပိုက်တည်မြို့သည် ဝိုင်းမော်မြို့နယ်၊ ဝေါ့ချုံးကျေးရွာအုပ်စုအတွင်းပါဝင်သော ကျေးရွာငယ်တစ်ခုဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင် အထက် ၆၅၃၄ ပေတွင် တည်ရှိသည်။မြို့ဧရိယာမှာ ၂၀၈ ဒသမ ၅၉ စတုရန်းမိုင် ကျယ်ဝန်းသည်။

ဆယ်စုနှစ်ကျော်တစ်ခုအတွင်း ကံပိုက်တည်ကုန်သွယ်ရေးစခန်း၌ နှစ်နိုင်ငံကုန်သွယ်ရေးတို့ တိုးတက်ခဲ့သည်။ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ဆယ်စုနှစ်အလိုက် ကုန်သွယ်မှုအခြေအနေများတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၃၆ ဒသမ ၂၆၀ သန်း၊  ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၁၁ ဒသမ ၁၁၅ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၉ ဒသမ ၅၅၀ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၉ ဒသမ ၀၁၈ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၉၆ ဒသမ ၂၂၄ သန်းရှိခဲ့သည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၀၆ ဒသမ ၅၇၁ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၁၆ ဒသမ ၆၄၅ သန်း၊ ၂၀၁၈ ခုနှစ် (Mini budget) တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၈၄ ဒသမ ၂၃၆ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၉၆ ဒသမ ၄၄၈ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၂၈၀ ဒသမ ၈၈၆ သန်းရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကိုဗစ် (၁၉) ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးများ ခေတ္တရပ်နားထားရသည့် အခြေအနေများရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၂၇၀ ဒသမ ၄၉၉ သန်းရှိခဲ့သည်။ ၂၀၂၁-၂၀၂၂ (Mini budget) (မတ်လ) အထိ ကုန်သွယ်မှုပမာဏ ၄၅ ဒသမ ၅၀၆ သန်း၊  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်မှုပမာဏ ၁၂၄ ဒသမ ၉၄၁ သန်းနှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၅၄ ဒသမ ၂၀၃ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှ သိရသည်။

ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေး လုပ်ဆောင်နေသည့် လမ်းပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ရန်အတွက် ၂၀၂၃ ခုနှစ်၊ ဧပြီလက  တရုတ်နိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲမှ ကိုယ်စားလှယ်များနှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့သည်။ကံပိုက်တည်မြို့တွင် စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်နှင့် စီးပွားရေးဇုန်များပါဝင်သည့် ကုန်သွယ်ရေးဇုန်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ထို့အပြင် ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးတွင် ကွန်တိန်နာဖြင့် ကုန်သွယ်ရေးဆောင်ရွက်ရန် စီစဉ်နေသည်ဟု ကချင်ပြည်နယ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုများတွင် ပြည်ပသွင်းကုန်ထက် ပြည်တွင်းမှ ပို့ကုန်တင်ပို့မှုက ပိုများသည်။အထူးသဖြင့် ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောများကို တရုတ်နိုင်ငံမှ အဓိကဝယ်ယူကြသည်။ကံပိုက်တည်နယ်စပ်မှ တစ်သျှူးငှက်ပျောတင်ပို့သည့် ယာဉ်အစီးရေ နေ့စဉ် အစီးရေ ၁၀၀ ကျော်ရှိကြောင်း ကုန်သည်များထံမှ သိရသည်။တစ်သျှူးငှက်ပျောကို ယူနန်ပြည်နယ်၊ ထိန်ချုံမြို့နယ်မှ ကံပိုင်တည်နယ်စပ်ကုန်သွယ်ရေးစခန်းကိုဖြတ်၍ ကချင်ပြည်နယ်အထိ လာ‌ရောက်သယ်ယူသည့် ကုန်ကားများလည်းရှိသည်။ကချင်ပြည်နယ်တွင် တစ်ရှူးငှက်ပျောကို ဝိုင်းမော်၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်တို့တွင် ၂၀၀၆ ခုနှစ်ကတည်းက စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်က ပြည်နယ်တစ်ခုလုံးတွင် တစ်သျှူးငှက်ပျောစိုက်ဧက ၆၀၀၀၀ ကျော်အထိရှိခဲ့သည်။

ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်း၏ ယခင်နှစ်နှင့် ကာလတူနှိုင်းယှဉ်ချက်စာရင်းအရ ၂၀၂၃ ခုနှစ် ဧပြီလမှ သြဂုတ် ၁၈ ရက်အထိ ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၄၇ ဒသမ ၃၂၇ သန်း တင်ပို့ခဲ့ပြီး၊ သွင်းကုန် ကန်ဒေါ်လာ ၈ ဒသမ ၄၀၆ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုတန်ဖိုးမှာ ၅၅ ဒသမ ၇၃၃ သန်းရှိသည်။

၂၀၂၂ ခုနှစ် ဧပြီလမှ သြဂုတ် ၁၈ ရက်အထိ ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် ကန်ဒေါ်လာ ၃၆ ဒသမ ၃၇၁ သန်း တင်ပို့ခဲ့ပြီး၊ သွင်းကုန် ကန်ဒေါ်လာ ၃ ဒသမ ၃၅၀ သန်း တင်သွင်းခဲ့သည်။ကုန်သွယ်မှုပမာဏအားဖြင့် ကန်ဒေါ်လာ ၄၀ ဒသမ ၃၂၁ သန်းရှိခဲ့သည်။သို့ဖြစ်၍ ယခင်နှစ်ကာလတူထက် ပို့ကုန် ကန်ဒေါ်လာ ၁၀ ဒသမ ၉၅၆ သန်း၊ သွင်းကုန် ကန်ဒေါ်လာ ၄ ဒသမ ၄၅၆ သန်း တိုးတက်လာ၍ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၅ ဒသမ ၄၁၂ တိုးပြီး ပိုမိုကုန်သွယ်လာနိုင်သည်။

သြဂုတ်လအတွင်း ပို့ကုန်အမယ်အများဆုံးအဖြစ် တစ်သျှူးငှက်ပျော တင်ပို့ခဲ့ပြီး သွင်းကုန်များတွင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းခဲ့သည်။ကုန်သွယ်မှုများတိုးလာခြင်းသည် ကုန်ထုတ်လုပ်မှု၊ ထောက်ပံ့ပို့ဆောင်ရေး စသည့် ကဏ္ဍအသီးသီးအတွက် အလုပ်အကိုင်များ ပိုမိုဖန်တီးပေးနိုင်ခြင်းဖြစ်သည်။နှစ်နိုင်ငံ နယ်စပ်ဒေသတွင်း စီးပွားရေးကို မြှင့်တင်ပေးနိုင်သည့် အခြေအနေကောင်းများကိုရရှိနိုင်သည်။

နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် အပြုသဘောဆောင်သော စီးပွားရေးအပြန်အလှန် ဆက်ဆံမှုများသည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို အထောက်အကူများစွာပေးသည်။

ကံပိုက်တည်နယ်စပ်ကုန်သွယ်ရေး၏ တိုးတက်လာသော နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးမှတစ်ဆင့် နယ်စပ်ဒေသ စီးပွားရေးတိုးတက်မှုများကို ရရှိစေမည်ဖြစ်သည်။

အမွန်