【 ဆောင်းပါး 】 BRI နှင့် မြန်မာနိုင်ငံ

【 ဆောင်းပါး 】 BRI နှင့် မြန်မာနိုင်ငံ

တရုတ်နိုင်ငံမှ အကောင်အထည်ဖော်နေသည့် BRI စီမံကိန်းမှာ လက်ရှိအချိန်တွင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ နိုင်ငံနှင့် အဖွဲ့အစည်းအများအပြားမှ ပါဝင်အကောင်အထည်ဖော်နေကြပြီဖြစ်သည်။

BRI ဆိုသည်မှာ တရုတ်နိုင်ငံ၏ မဟာစီမံကိန်းတစ်ခုဖြစ်သလို ခေတ်သစ်ပိုးလမ်းမဟူ၍ တင်စားထားကြသည်။ယခင်က ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (One Belt,One Road) ဟူ၍ခေါ်ပြီး ယခုနောက်ဆုံးတွင် ခါးပတ်နှင့် လမ်း စီမံကိန်းများ (Belt and Road Initiatives-BRI) ဟုလည်း ခေါ်ပါသည်။

ယင်းစီမံကိန်းကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ယခုအခါ ယင်းအဆိုပြုချက် ၁၀ နှစ်ပြည့်ကာလသို့ ရောက်ရှိလာပြီဖြစ်သလို တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တစ်ရပ်ကိုလည်း ယခု ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့ကြသည်။ထိုစီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်နိုင်ငံကို ဗဟိုပြုပြီး အာရှ၊ အာဖရိက၊ ဥရောပ အစရှိသည့် ကမ္ဘာတစ်ဝန်းတွင် ကုန်သွယ်မှုလုပ်ငန်းများ ဖြန့်ကြက်ရေးလည်းဖြစ်သည်ဟု ပညာရှင်များက ဆိုထားကြသည်။

နောက်ထပ် ဆယ်စုနှစ် ခရီးစဉ်သစ်အတွက် ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန်ရှိနေပြီး နိုင်ငံတကာလုပ်ငန်းများအနေဖြင့် တရုတ်ဈေးကွက်ကို ပိုမိုကျယ်ပြန့်စွာ ချဉ်းကပ်ခွင့်ရမည်ဟု သမ္မတ ရှီကျင့်ဖျင်က BRI ဖိုရမ် ၁၀ နှစ်မြောက် နှစ်ပတ်လည်တွင် ပြောကြားထားသည်။

ထို့အပြင် အခြား ဖွံ့ဖြိုးဆဲ စီးပွားရေးများအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ထည့်သွင်းမည်ဟုလည်း ပြောကြားထားခဲ့သည်။ယခု ၂၀၂၃ ခုနှစ်၊ ဇွန်လအထိတွင် တရုတ်နိုင်ငံအနေဖြင့် ခါးပတ်လမ်း ပူး ပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂၀၀ ကျော်ကို တိုက်ကြီးငါးတိုက်မှ နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်နှင့် လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော်ခဲ့ကြသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း BRI နှင့် ဆက်နွယ်နေသည့် စီမံကိန်းများအပါအဝင် စီမံကိန်း ၃၃ ခုကို ယခင်အစိုးရဟောင်းလက်ထက်ကတည်းက သဘောတူလက်မှတ်ထိုးခဲ့ကြပြီးဖြစ်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ဝန်ကြီး ဦးကိုကိုလှိုင်က ထုတ်ဖော်ပြောဆိုထားပြီးလည်းဖြစ်သည်။

ထိုစီမံကိန်းများတွင် ကျောက်ဖြူ-ကူမင်း ရထားလမ်း၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်း၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ မူဆယ်-မန္တလေး ရထားလမ်း စသည့် စီမံကိန်းများမှာ BRI နှင့် ချိတ်ဆက်နေလျက်ရှိသည်။တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်းစီမံကိန်းများ အောင်မြင်လာမှုနှင့်အတူ မြန်မာနိုင်ငံအနေဖြင့် အဆမတန်တိုးတက်မှုရလာနိုင်မည်ဟုလည်း စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်။

ခေတ်သစ်ပိုးလမ်းမစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (၂၀၁၉ - ၂၀၃၀) ဆိုင်ရာ နားလည်မှု စာချွန်လွှာတစ်ရပ်ကိုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ကြား၌ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေး နားလည်မှုစာချွန်လွှာတို့ကိုလည်း နှစ်နိုင်ငံတာဝန်ရှိသူများကြား၌ ပြီးခဲ့သော ၂၀၁၉ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်သည်။

အဆိုပါ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရှိ ကူမင်းနှင့် မြန်မာနိုင်ငံရှိ စီးပွားရေးအရ အချက်အခြာကျသော မူဆယ်၊ မန္တလေး၊ ရန်ကုန်၊ ကျောက်ဖြူ စသည့် မြို့တို့ကို ချိတ်ဆက်ဖြတ်သန်းသွားမည်ဖြစ်ပြီး စီးပွားရေးစင်္ကြံလမ်းမတစ်လျှောက်တွင် အထူးစီးပွားရေးဇုန်များ၊ ဆိပ်ကမ်းများ၊ အဆင့်မြင့်နယ်စပ်ဂိတ်များ၊ ကုန်လှောင်ရုံများ၊ ကုန်စည်ထုတ်လုပ်နိုင်မည့် စက်မှုဇုန်များ စသည့် ကုန်လမ်းကြောင်းရော၊ ရေလမ်းကြောင်းပါ နှစ်ခုစလုံးကို အသုံးပြုပြီး ကုန်စည်ကူးသန်းနိုင်မည့် လမ်းကြောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အကောင်အထည်ဖော်သွားမည့် စီမံကိန်းများ ပါဝင်နေခြင်းကြောင့် အလွန်အကျိုးရှိစေသည့် အခြေအနေမျိုးလည်းဖြစ်သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ လမ်းကြောင်းအရ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ မူဆယ်၊ ယင်းမှ မန္တလေး၊ မန္တလေးမှ ကျောက်ဖြူနှင့် ရန်ကုန်တို့ကို နှစ်လမ်းခွဲထွက်ကာ လုပ်ဆောင်မည်ဖြစ်ပြီး ယင်းစင်္ကြံလမ်းသည် ကျောက်ဖြူ-ကူမင်း ရေနံဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင်သွားမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းမှ တရုတ်နိုင်ငံကို ပင်လယ်ရေကြောင်းမှတစ်ဆင့်  ဆက်သွယ်သွားလာရသည့် ခရီး ကီလိုမီတာ ၅၀၀၀ လောက် သက်သာသွားမည်ဖြစ်သလို တရုတ်နိုင်ငံက ရေကြောင်းကုန်သွယ်မှုတွင် မလက္ကာရေလက်ကြားတစ်ခုတည်းကိုသာ အားကိုးနေရသော အခြေအနေကို လျှော့ချနိုင်လာကာ မဟာဗျူဟာအရ အရေးပါသည့် လမ်းကြောင်းလည်း ဖြစ်လာပေမည်။

ကုန်းတွင်းပိတ်ဖြစ်နေသော ယူနန်ပြည်နယ်အတွက် ပင်လယ်ထွက်ပေါက်ရရှိကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း လိုအပ်နေသည့် အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ကာ တရုတ်နိုင်ငံအနောက်ဘက် ကုန်းတွင်းပြည်နယ်များနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများကို တိုးတက်စေ၍ ပြည်တွင်းကုန်သည်များနှင့် စိုက်ပျိုးလုပ်ကိုင်သူများအပါအဝင် ဆက်နွယ်သော SupplyChange တစ်လျှောက်လုံး အတွက်လည်း အကျိုးရှိစေမည်ဖြစ်သည်။

ထို့ကြောင့် ယင်းစီးပွားရေးစင်္ကြံလမ်းသည် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေခြင်းလည်းဖြစ်သည်။

ထိုစီမံကိန်းများ၏ အကျိုးရှိပုံကို ပွင့်လင်းမြင်သာမှုရှိစေရန် အောက်ခြေလူထုထံကို အသေးစိတ်ချပြနိုင်ရေးက အရေးပါလျက်ရှိပြီး အောက်ခြေပြည်သူများမှ သိမြင်မှုများလာကာ ပူးပေါင်းဆောင်ရွက်ကြခြင်းဖြင့်လည်း စီမံကိန်းလုပ်ငန်းများအတွက် ပိုမိုမြန်ဆန် သွက်လက်လာစေနိုင်မည်ဟုလည်း ပြည်တွင်းစီးပွားရေးဆိုင်ရာ ပညာရှင်အချို့က ထောက်ပြကြသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးနှေးကွေးနေမှုအပေါ် လက်ရှိတွင် အရှိန်အဟုန်ဖြင့် ပြန်လည်ကာ မောင်းနှင်လုပ်ဆောင်ကြသည့်အခါ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများကလည်း အပါအဝင်ဖြစ်သည်။အဆိုပါ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဖြစ်မြောက်အောင်မြင်မှုအပေါ် မူတည်၍ အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ ကံကြမ္မာသည် အရှေ့တောင်အာရှဒေသတစ်ခုလုံး၌ လူမှုစီးပွားရေးဖွံ့ဖြိုးမှုကို အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ဖွယ်ရှိနေကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ဝန်ကြီးဖြစ်သူ ဦးကိုကိုလှိုင်က တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု စာတမ်းဖတ်ပွဲ၌ ထုတ်ဖော်ပြောဆိုထားသည်။

“ရပ်ဝန်းနဲ့ ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် နှစ်နိုင်ငံအတွက်သာမက ဒေသတွင်း၊ ကျန်တဲ့ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုပါ ဒီစီမံကိန်းက အားပေးမြှင့်တင်ပြီးတော့မှ အားလုံးတန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်တဲ့၊ မျှဝေထားတဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်သွားကြဖို့လည်းပဲ မျှော်လင့်ထားပါတယ်” ဟုလည်း ၎င်းက ပြောကြားထားသည်။

တရုတ်နှင့် မြန်မာတို့၏ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှာ နှစ်နိုင်ငံလုံးတွင် ပြုပြင်ပြောင်းလဲမှုများ စတင်ခဲ့ကြသည့် ၁၉၈၀ ပြည့်လွန်ကာလများမှ စတင်လာခဲ့ပြီး လက်ရှိတွင် တိုးတက်လာသော အခြေအနေမျိုးကို ကြုံလာခြင်းလည်းဖြစ်သည်။နှစ်နိုင်ငံ အတူဆက်လက်ဆောင်ရွက်သွားကြရန် စီစဉ်ထားသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းများမှာ ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ဆထက်ထမ်းပိုး အရှိန်မြှင့်တင်ပေးနိုင်မည့် အခြေအနေမျိုးလည်းဖြစ်ပြီး စီးပွားရေးတိုးတက်မှုရှိစေရန် အားကောင်းမောင်းသန်ဖြင့် အားမြှင့်ပေးနိုင်မည့် ကိရိယာတစ်ခုအဖြစ်ရှိနေကြောင်းကို ပြည်တွင်းစီးပွားရေးကဏ္ဍမှ ပညာရှင်များက ယူဆထားကြသည်။

ထို့ကြောင့် ကပ်ရောဂါဘေးကြောင့် ကျဆင်းခဲ့သည့် ကုန်သွယ်မှုလုပ်ငန်းများနှင့် အခြေအနေများကို ပြန်လည်ဖော်ဆောင်ကာ အရှိန်အဟုန်မြှင့်တင်ခဲ့ကြရာတွင် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သည့် ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံ၏ အနာဂတ်စီးပွားရေးမှာ ကျွဲကူးရေပါ ခေါ်ရလောက်အောင် တိုးတက်လာစေမည့် အခြေအနေတစ်ခုရှိနေသည်ဟု ထင်ရပေသည်။

ဧပရယ်လ်