【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ သော့ချက်ဖြစ်လာတဲ့ တရုတ်စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့စီးပွားရေးတိုးတက်မှုမှာ သော့ချက်ဖြစ်လာတဲ့ တရုတ်စီးပွားရေး

နိုင်ငံတကာမီဒီယာများတွင် ယခုလပိုင်းအတွင်း အာရုံစိုက်လာသည်က တရုတ်စီးပွားရေး ကိန်းဂဏန်းအညွှန်းများ ထုတ်ပြန်မှုကိုဖြစ်သည်။

တရုတ်ဘက်မှ ထုတ်ပြန်သည့် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကိုကြည့်ကာ  တရုတ်စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းကို ထောက်ပြပြီး တရုတ်ကြောင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အန္တရာယ်ဖြစ်စေနိုင်သည်ဟူသော ဖော်ပြမှုမျိုးကို တွေ့လာရသည်။ထိုသည်က တရုတ်စီးပွားရေးကို မည်သို့အဆိုးမြင်မှုဖြင့် ကြည့်သည်ဖြစ်စေ ကမ္ဘာ့စီးပွားရေးတိုးတက်မှုတွင် တရုတ်က သော့ချက်ဖြစ်လာနေသည်ကို သွယ်ဝိုက်ကာ ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။

သြဂုတ် ၁၆ ရက်က ကျင်းပသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်စီးပွားရေးအခြေအနေနှင့်ပတ်သက်ပြီး ထိုဝေဖန်မှုများကို ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပြန်တုံ့ပြန်ခဲ့သည်။ဝမ်ဝင်ပင်က  တရုတ်စီးပွားရေးသည် ဆက်တိုက်ပြန်လည်ကောင်းမွန်လာပြီး အလုံးစုံပြန်လည်ဦးမော့လာမှုမှာ အပြုသဘောဆောင်ကာ ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အရေးကြီးသည့် အင်ဂျင်တစ်ခု ဖြစ်နေဆဲဖြစ်ကြောင်းပြောခဲ့သည်။

ယခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ GDP သည် လွန်ခဲ့သည့်နှစ် အလားတူကာလထက် ၅.၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယမန်နှစ်ထက် စီးပွားရေးတိုးတက်မှုနှုန်း ၃ ရာခိုင်နှုန်းထက် သိသိသာသာ မြန်ဆန်လာကြောင်း ဝမ်ဝင်ပင်က ပြောသည်။ထို့အပြင် တရုတ်စီးပွားရေးတိုးတက်မှုနှုန်းက အမေရိကန်၏ တိုးတက်မှုနှုန်းထက် ၃ ရာခိုင်နှုန်း ကျော်လွန်ခဲ့ကြောင်း ပြောခဲ့သည်။

တရုတ်စီးပွားရေးနှင့်ပတ်သက်ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က အကောင်းမြင်ခဲ့သည်။ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် (IMF) ၏ “ကမ္ဘာ့စီးပွားရေးအလားအလာ အစီရင်ခံစာ” တွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၅.၂ ရာခိုင်နှုန်း တိုးတက်လာမည်ဟုဆိုပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တရုတ်၏ ပံ့ပိုးကူညီမှုသည် သုံးပုံတစ်ပုံအထိရှိလာမည်ဟု ခန့်မှန်းခဲ့သည်။ထိုသည်မှာ တရုတ်စီးပွားရေးသည် ယခုနှစ် ပထမ ၆ လအတွင်း အချို့သောကဏ္ဍများတွင် ကြီးမားသော တိုးတက်ပြောင်းလဲမှုများရှိခဲ့သည်ကို သွယ်ဝိုက်လက်ခံခဲ့ခြင်းပင်ဖြစ်သည်။

ထိုသို့သော တိုးတက်မှုများသည် ၂၀၂၂ခုနှစ်တွင် ချမှတ်ခဲ့သည့် တရုတ်နိုင်ငံ၏ COVID-19 မူဝါဒများကြောင့်ဖြစ်သည်။  

ယခုနှစ် တရုတ်စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်ခြင်းသည် ပြည်တွင်းရှိ အိမ်ထောင်စုများ၏ ဝယ်လိုအားကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေးမှာ ယခုကဲ့သို့ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာခြင်းဖြစ်ကြောင်း အချို့သော ဘောဂဗေဒပညာရှင်များက မှတ်ချက်ပြုခဲ့ကြသည်။ထိုအချက် မှန်၊ မမှန်ကို  စီးပွားရေးပြန်လည်နာလန်ထူလာရန် ရုန်းကုန်နေရသည့် ကမ္ဘာ့နိုင်ငံများအခြေအနေကိုကြည့်လျှင် သိနိုင်သည်။

ယခုနှစ် တရုတ်စီးပွားရေးမှာ အခြားနိုင်ငံများထက် အရှိန်ရနေပြီး နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့များ၏ ခန့်မှန်းမှုကို ကျော်လွန်ကာ စွမ်းဆောင်ပြနေသည်။

ယခု ၂၀၂၃ ခုနှစ် ပထမခုနစ်လတွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၀.၄ ရာခိုင်နှုန်း တိုးလာပြီး တရုတ်ယွမ် ၂၃.၅ ထရီလီယံ (ဒေါ်လာ ၃.၃ ထရီလီယံ) ကျော်အထိ တိုးလာခဲ့သည်။ထိုသည်မှာ တရုတ်နှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ ဗဟိုအာရှ၊ လက်တင်အမေရိက၊ အာဖရိကနှင့် Belt and Road တစ်လျှောက်ရှိ နိုင်ငံများနှင့် ကုန်သွယ်မှုမှာလည်း ခိုင်မာစွာတိုးတက်လာခဲ့ခြင်းကြောင့်လည်းပါဝင်သည်။တရုတ်နိုင်ငံ၏ ခရီးသွားမှာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် ၅၆.၃ ရာခိုင်နှုန်းနှင့် ကုန်တင်ကုန်ချတန်ချိန် ၂.၅ ဘီလီယံခန့် ရှိခဲ့ရာ တစ်နှစ်ထက် တစ်နှစ် သိသိသာသာမြင့်တက်လာပြီး ၀.၆ ရာခိုင်နှုန်း တိုးလာကြောင်း ပြနေသဖြင့် ထိုသည်က  တရုတ်စားသုံးသူအသုံးစရိတ် ပြန်လည်နိုးထလာနေကြောင်း ညွှန်ပြနေသည်။

ထူးခြားသည်မှာ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းမှ စတင်၍ ပြန်လည်ရှင်သန်လာခဲ့သည့် တရုတ်နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍဖြစ်သည်။ပုဂ္ဂလိကကဏ္ဍမှ သွင်းကုန်နှင့် တင်ပို့မှုပမာဏသည် ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် ၁၀ ဒသမ ၆ ထရီလျံ (ဒေါ်လာ ၁ ဒသမ ၄၇ ထရီလီယံ) အထိ မြင့်မားလာပြီး နည်းပညာအသစ်များ တင်ပို့မှုတွင် ယွမ် ၁ ဒသမ ၂ ထရီလျံ (ဒေါ်လာ ၁၇၀ ဘီလီယံ) ကျော်အထိ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ပုဂ္ဂလိက ကဏ္ဍသည် အရေးပါသော အချက်များထဲမှတစ်ခုဖြစ်ပြီး နိုင်ငံတိုးတက်မှု၏ အဓိကအင်္ဂါရပ်များထဲမှ တစ်ခုဖြစ်သည်။နောက်ဆုံးစာရင်းဇယားများအရ  ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံရှိ ပုဂ္ဂလိကလုပ်ငန်းများသည် တရုတ်ပြည်ပကုန်သွယ်မှု၏ အဓိကမောင်းနှင်အားအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံခြားကုန်သွယ်မှု တန်ဖိုး၏ ၅၂.၇ ရာခိုင်နှုန်းအထိ ရှိနေခဲ့သည်။

တရုတ်စီးပွားရေးက နိုင်ငံတော်အဆင့်က စောင့်ကြည့်ထိန်းချုပ်ကာ အခြေအနေနှင့်အညီ ထိန်းကျောင်းနေသောကြောင့်လည်း နိုင်ငံတကာက ခက်ခဲစွာဖြတ်သန်းရမည်ဟု ထင်ထားသော အချိုးအကွေ့များကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်များရှိသည်။ (ဥပမာ - အိမ်ခြံမြေနှင့် ကိုဗစ် ၁၉) ယခုလည်း တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းအေဂျင်စီဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က ပြည်တွင်းနှင့် ပြည်ပ စီးပွားရေးစိန်ခေါ်မှုများကြားတွင် ပြည်တွင်းစားသုံးမှု ပိုမိုကျယ်ပြန့်လာစေရန်နှင့် အားကောင်းလာစေရန်အတွက် စီမံအုပ်ချုပ်မှုအစီအမံ ၂၀ ကို ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုထဲတွင် ကားဝယ်ယူမှု ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်း၊ ပထမအကြိမ် အိမ်ဝယ်သူများအတွက် မက်လုံးများနှင့် အိမ်ရာအဆင့်မြှင့်တင်မှုများကို အားပေးခြင်းတို့ ပါဝင်သည်။ထို့အပြင် အားလပ်ရက်များအတွင်း ယဉ်ကျေးမှုခရီးသွားလာရေးတွင် နေအိမ်မြှင့်တင်ရေးနှင့် စားသုံးမှုကို နှိုးဆွပေးခြင်းတို့ကိုလည်း အာရုံစိုက်လုပ်ဆောင်ပေးခြင်းကိုလည်း ထည့်သွင်းထားသည်။

အဓိကအားဖြင့် တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက်မှုအရှိန်ကို ထိန်းသိမ်းရန် ရည်ရွယ်ပြီး အဓိကစားသုံးမှု နယ်ပယ်များကို နှိုးဆွခြင်းဖြင့် စီးပွားရေးဦးတည်ရာလမ်းကြောင်းကို တည့်မတ်စေရန်ဖြစ်သည်။အစီအမံအချက် ၂၀ ၏ ထူးခြားချက်မှာ  စျေးကွက်မျှော်မှန်းချက် တိုးတက်စေရန်၊ ပြည်တွင်းဝယ်လိုအားကို တိုးမြှင့်ရန်နှင့် ၂၀၂၃ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် တည်ငြိမ်သောစီးပွားရေး ပြန်လည်ဦးမော့လာစေရန်အတွက်ဖြစ်သည်။

မူဝါဒချမှတ်သူများသည် စဉ်ဆက်မပြတ် ပြန်လည်နာလန်ထူလာစေရန် စားသုံးမှုမြှင့်တင်ခြင်း၏ အရေးကြီးသော အခန်းကဏ္ဍကို ဆုပ်ကိုင်ထားပုံရသည်။ထိုသည်ကိုကြည့်လျှင် တရုတ်စီးပွားရေးသည် အလယ်အလတ်စားသုံးသူ တစ်ဘီလျံကျော်ရှိသည် ပြည်တွင်းစျေးကွက်ကို ဗဟိုပြုထားခြင်းကိုမြင်ရသည်။ထိုသည်ကပင် တရုတ်စီးပွားရေးတိုးတက်မှုနှင့်ပတ်သက်သည့် နိုင်ငံတကာဘဏ္ဍာရေးပညာရှင်အချို့၏ ခန့်မှန်းချက်အချို့ကို လွဲချော်စေခြင်းဖြစ်သည်။

တရုတ်စီးပွားရေးမှာ ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုအချို့ရှိသော်လည်း၊ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ခရီးသွားလာမှု၊ နိုင်ငံတွင်း ဇိမ်ခံပစ္စည်းများရောင်းချမှု အရှိန်အဟုန်ဖြင့် မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးကို အာရုံစိုက်ထားသည့် တရုတ်နိုင်ငံအာဏာပိုင်များက စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပြန်လည်ထူထောင်ရေးကို တွန်းအားပေးနေလျက်ရှိသည်။ထိုအခြေအနေကပင် ကိုဗစ်နှင့် ယူကရိန်းအကျပ်အတည်းကြား စီးပွားရေးထိခိုက်မှုနည်းပါးသည့် တစ်ခုတည်းသော နိုင်ငံကြီးအဖြစ် ရပ်တည်နေနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း (IMF) က တရုတ်စီးပွားရေးက ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှု၏ သုံးပုံတစ်ပုံရှိမည်ဟု ခန့်မှန်းထားခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ ယခု တရုတ်စီးပွားရေးတိုးတက်မှု ကိန်းဂဏန်းများကိုကြည့်လျှင်  ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ပံ့ပိုးမောင်းနှင်ရန် အဓိကသော့ချက်နေရာတွင် တရုတ်စီးပွားရေးကရှိနေသည်ကို ပြသနေပေသည်။

လင်းသစ်အောင်