【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့စီးပွားရေးအတွက် ရွေးချယ်စရာဖြစ်နေဆဲ တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာ့စီးပွားရေးအတွက် ရွေးချယ်စရာဖြစ်နေဆဲ တရုတ်နိုင်ငံ

မကြာခင်က ဆန်ဖရန်စစ္စကိုမြို့မှာ APEC အစည်းအဝေးသို့ တက်ရောက်စဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်က “လာမယ့် တရုတ်ပြည်ဟာ တရုတ်ပြည်ဖြစ်ပါသေးတယ်” ဆိုတဲ့ စကားကို ပြောခဲ့ရာ ကမ္ဘာတစ်ဝန်း စီးပွားရေးနှင့် နိုင်ငံရေးသုတေသီများအတွက် ဆွေးနွေးစရာဖြစ်ခဲ့သည်။ 
 
အထူးသဖြင့် တရုတ်ပြည်သည် ဘာကြောင့် တစ်ကမ္ဘာလုံးအတွက် စီးပွားရေးအရ မဖြစ်မနေ ရွေးချယ်ဖွယ်ရာဖြစ်နေရခြင်းဆိုသည့် အချက်ကို ဖြစ်သည်။
 
ပြီးခဲ့သည့် ဆောင်းဦးရာသီတွင် တရုတ်နိုင်ငံသည် အရေးပါသော မှတ်တိုင်တစ်ခုကို ဖြတ်ကျော်နိုင်ခဲ့သည်။ထိုသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်လေးခုကျော်က ၎င်း၏ တိုင်းပြည်ကို စီးပွားရေးတံခါး စဖွင့်ချိန်မှစ၍ ပထမဆုံးအကြိမ်အဖြစ် အမေရိကန်၊ ဥရောပနှင့် ဂျပန်တို့ ပေါင်းစပ်ထားသည်ထက် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ပိုမိုကုန်သွယ်ခဲ့ခြင်းဖြစ်သည်။
 
တရုတ်စက်ရုံများသည် အနောက်တိုင်းမှ ဓာတုပစ္စည်းများ၊ အစိတ်အပိုင်းများနှင့် စက်ကိရိယာများကို ပြည်တွင်း (သို့မဟုတ်) ဖွံ့ဖြိုးဆဲနိုင်ငံများမှ အရင်းအမြစ်များဖြင့် အစားထိုးလျက်ရှိသည်။အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်နှင့် ကုန်သွယ်မှုကို ကျော်လွန်သွားခဲ့သည်။တရုတ်သည် ယခုအခါ ဂျာမနီနှင့် ရုရှားနိုင်ငံထက် ပိုမိုကုန်သွယ်မှုများ ပြုလုပ်နေပြီး မကြာမီ ဘရာဇီးနှင့်လည်း အလားတူ ပြုလုပ်နိုင်တော့မည်ဖြစ်သည်။
 
ထိုသည်မှာ ကုန်သွယ်ရေး၊ နည်းပညာ၊ လုံခြုံရေးနှင့် အခြားသော ဆူးညှောင့်ပြဿနာများကြောင့် တင်းမာမှုများ တိုးမြင့်လာခြင်းကြောင့် တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများသည် ကွဲပြားသော ဦးတည်ရာသို့ ဦးတည်သွားနေသည့် အရှင်းလင်းဆုံးလက္ခဏာများထဲမှ တစ်ခုဖြစ်သည်။တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများကြား အကွဲကွဲအပြားပြားဖြစ်နေခြင်းသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုအပေါ် သက်ရောက်မှုရှိကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ယခုနှစ် အောက်တိုဘာလတွင် ပြောကြားခဲ့သည်။အမေရိကန်နှင့် တရုတ် ဦးဆောင်သော အစုအဖွဲ့များကြား ပိုမိုပြင်းထန်စွာ ခွဲထွက်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို ဒေါ်လာထရီလျံနှင့်ချီ၍ တန်ဖိုးရှိသော စုစုပေါင်းပြည်တွင်းထုတ်ကုန်၏ ၇ ရာခိုင်နှုန်းအထိ ဆုံးရှုံးစေသည်ဟု IMF သုတေသနက အကြံပြုထားသည်။
 
အချမ်းသာဆုံးနိုင်ငံတွေ ဦးဆောင်တဲ့ ကမ္ဘာ့စီးပွားရေးတစ်ခုတည်းတွင် တရုတ်ကို မိတ်ဖက်နဲ့ ဖောက်သည်ဖြစ်စေဖို့ ဆယ်စုနှစ်များစွာကြာအောင် အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ကြိုးပမ်းခဲ့ကြသည်။သို့သော် ယခုအခါ အနောက်နိုင်ငံများက တရုတ်နိုင်ငံသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စီးဆင်းမှုများကို ပြိုင်ဆိုင်သော ပုံစံသစ်များဆီသို့ အခြေချဖို့ ကြိုးစားခဲ့သည်။ပိုမိုကွဲပြားနေသော ကမ္ဘာ့စီးပွားရေးတွင် ဝါရှင်တန်သည် တရုတ် နိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံမှုကန့်သတ်မှုများနှင့် ပို့ကုန်ပိတ်ပင်မှုများဖြင့် တရုတ်နိုင်ငံအပေါ် အရှိန်မြှင့်လုပ်ဆောင်ခဲ့ရာ တရုတ်နိုင်ငံသည် ထိုကန့်သတ်ပိတ်ဆို့မှုများကို ကျော်လွှားရန် ၎င်းစီးပွားရေးအစိတ်အပိုင်းအများအပြားကို အနောက်နိုင်ငံများနှင့် ဝေးကွာသော ဖွံ့ဖြိုးဆဲကမ္ဘာဆီသို့ ပြန်လည်ဦးတည်စေခဲ့သည်။ထိုသည်မှာ အမေရိကန်နှင့် ဥရောပအတွက် တရုတ်ထောက်ပံ့ရေးကွင်းဆက်များအပေါ် မှီခိုမှုနည်းပါးစေရန်နှင့် တရုတ်နိုင်ငံသို့သွားမည့် အမေရိကန်နှင့် ဥရောပသားများအတွက် အလုပ်အကိုင်များ မများစေရန် ရည် ရွယ်ခြင်းဖြစ်သည်။
 
ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုနှေးကွေးခြင်းကဲ့သို့သော အဓိကအန္တရာယ်များရှိနေချိန်တွင် ထိုသို့ ကုန်ကျစရိတ်သက်သာမှုနှင့် ကျွမ်းကျင်လုပ်သားရရှိမှု စသည့် အားသာချက်များရှိသည် တရုတ်ကို ဖယ်ထုတ်ရန် ကြိုးစားမှုက အန္တရာယ်များကြောင်း စီးပွားရေးပညာရှင်အများအပြားက သတိပေးထားကြသည်။
 
ထိုအခြေအနေတွင် ရှီကျင့်ဖျင်က APEC အစည်းအဝေးတွင် “လာမယ့် တရုတ်ပြည်ဟာ တရုတ်ပြည်ဖြစ်ပါသေးတယ်” ဟု ပြောခဲ့ခြင်းကြောင့် အတော်ကို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။ 
 
ရှီကျင့်ဖျင်က အကြောင်းမဲ့သက်သက်ပြောခြင်းမဟုတ်ဘဲ ထိုသို့ပြောခြင်းတွင် “ပြောင်းလဲမှာ မဟုတ်” သည့် အချက်သုံးခုကို ပြောခြင်းဖြင့် ပြောခဲ့ခြင်းဖြစ်သည်။
 
ထိုသည်မှာ တရုတ်ပြည် စီးပွားရေးသည် ခိုင်ခံ့ပြီး အလားအလာကောင်းမွန်ကာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် အခြေခံပြောင်းလဲခြင်းမရှိသလို ပြောင်းလဲမှာလည်း မဟုတ်ကြောင်း ပြောခဲ့သည်။ထို့အပြင် “ဈေးကွက်ဥပဒေသနဲ့ တစ်ပြေးညီဖြစ်ရေး၊ ဥပဒေနဲ့အညီဖြစ်ရေးနဲ့ စီးပွားကုန်သွယ်ရေး ပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာနဲ့ တစ်ပြေးညီဖြစ်ရေးဆောင်ရွက်ရန် သန္နိဋ္ဌာန်က ပြောင်းလဲမှာ မဟုတ်ကြောင်း၊ နိုင်ငံခြားလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုအတွက် ခွဲခြားမှုမရှိတဲ့ အရည်အသွေး ကောင်းမွန်တဲ့ ဝန်ဆောင်မှုပေးရေးဆိုင်ရာ မူဝါဒများ ပြောင်းလဲမှာမဟုတ်ကြောင်း” ရှီကျင့်ဖျင်က APEC အစည်းအဝေးတွင် ပြောကြားခဲ့သည်။
 
အဲဒီ “ပြောင်းလဲမှာ မဟုတ်” နှစ်ခုဟာ တရုတ် နိုင်ငံက အရည်အချင်းမြင့်မားစွာ တံခါးဖွင့်ရေးကို တိုးချဲ့ဆောင်ရွက်မယ့် အချက်ဖြစ်သည်။
 
တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်ရေးဆိုင်ရာ အကြီးဆုံးအင်ဂျင်တစ်ခုဖြစ်ပြီး ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက် အကျိုးပြုစွမ်းဆောင်မှုနှုန်းဟာ သုံးပုံတစ်ပုံရှိခဲ့သည်။ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ၂၀၂၃ ခုနှစ် တရုတ်ပြည် GDP တိုးတက်မှု ခန့်မှန်းချက်ကို ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့် မကြာခင်က သတ်မှတ်ပေးခဲ့သည်။
 
မကြာသေးမီက တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီသည် တရုတ်လုပ်ငန်းရှင်များ ကိုယ်စားလှယ်အဖွဲ့ကို စည်းရုံးပြီး ၂၀၂၃ ခုနှစ် APEC စီးပွားရေးခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးတွင် ပါဝင်ခဲ့သည်။ခရီးစဉ်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူက “အာရှ-ပစိဖိတ် ထောက်ပံ့ရေးကွင်းဆက် ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေး” အဆိုပြုချက်စာတမ်းကို တင်သွင်းခဲ့ပြီး ထောက်ပံ့ရေးကွင်းဆက်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးကို တွန်းအားပေးကာ အာရှ-ပစိဖိတ် စီးပွားရေးလုပ်ငန်းအသိုင်းအဝိုင်းမှ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်လာခဲ့သည်။
 
အကြိမ် ၃၀ မြောက် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင်က အာရှ-ပစိဖိတ်ဒေသ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွဲတွန်းအားပေးရန် ပန်ကြားပြီး တရုတ်နိုင်ငံသည် တရုတ်အသွင်ပုံစံ ခေတ်မီရေးဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးတို့ ခေတ်မီရေး အကောင် အထည်ဖော်ဆောင်ရေးအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် တွန်းအားပေးမည်ဟု ကတိပြုခဲ့သည်။
 
တရုတ်နှင့် အမေရိကန်ရှိရာ အာရှ ပစိဖိတ် ဒေသသည် ကမ္ဘာ့စီးပွားရေး၏ ရှင်သန်မှုအရှိဆုံးသော ဒေသတစ်ခုဖြစ်သည်။တစ်ချိန်တည်းတွင် ထိုဒေသကို ဗဟိုပြုကာ နိုင်ငံအချို့က ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ကို ဆန့်ကျင်ခြင်း၊ ကမ္ဘာတစ် ဝန်း ဖွံ့ဖြိုးမှုမညီမျှခြင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ  အားပြိုင်ခြင်း၊ ရာသီဥတုပြောင်းလဲခြင်း စသည့် စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ထိုအခြေအနေတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဘိုင်ဒန်တို့ ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံမှုဖြစ်လာခြင်းဖြစ်သည်။
 
နိုဝင်ဘာ ၁၅ ရက်က လေးနာရီကြာ တွေ့ဆုံမှုတွင် နိုင်ငံရေးနှင့် သံတမန်ရေး၊ လူမှုရေး ကူးလူးဖလှယ်ခြင်း၊ နိုင်ငံတကာစီမံခန့်ခွဲရေး၊ စစ်ရေးလုံခြုံမှု စသည့် ကဏ္ဍများကို ဆွေးနွေးပြီး စစ်ရေး၊ စီးပွားရေး အင်အားကြီးနှစ်နိုင်ငံအကြား သဘောတူညီချက် ၂၀ ကျော် ရယူနိုင်ခဲ့သည်။ယင်းက ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် အမေရိကန်ကြား ဆက်ဆံမှု ပြန်လည်ကောင်းမွန်တိုးတက်ရေးအတွက် ဦးတည်နေခြင်းဖြစ်ပြီး ကမ္ဘာ့စီးပွားရေး အကောင်းဘက်သို့ အလားအလာပေါ်ထွန်းလာနေခြင်းကို ပြနေသည်။
 
ဆန်ဖရန်စစ္စကိုတွင် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသည့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင်  တရုတ်ဘဏ္ဍာရေးဝန်ကြီး လန်ဖိုအန်းက လက်ရှိ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးအရှိန် မတည်မငြိမ်ဖြစ်ကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွား၍ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ကြီးမားခက်ခဲနေကြောင်းပြောခဲ့ကာ တရုတ်စီးပွားရေး ကောင်းမွန်လာသည့် အခြေအနေကို စတုတ္ထ ၃ဘလပတ်တွင် ဆက်ထိန်းထားမည်ဟု ပြောခဲ့သည်။
 
ထိုသည်မှာ ကမ္ဘာ့စီးပွားရေးတွင် မျှော်လင့်စရာအဖြစ် တရုတ်ပြည်တစ်ခုပဲရှိနေသည်ကို ပြနေခြင်းဖြစ်ပြီး ရှီပြောသလို “လာမယ့် တရုတ်ပြည်ဟာ တရုတ်ပြည် ဖြစ်ပါသေးတယ်”ဆိုသည့် စကားကို သက်သေပြနေခြင်းပင်ဖြစ်သည်။
 
လင်းသစ်အောင်