【 နိုင်ငံတကာဆောင်းပါး 】 စီးပွားရေးရည်မှန်းချက်များ ပြည့်မီရေး လမ်းမှန်ပေါ်ရောက်နေသော တရုတ်နိုင်ငံ

【 နိုင်ငံတကာဆောင်းပါး 】 စီးပွားရေးရည်မှန်းချက်များ ပြည့်မီရေး လမ်းမှန်ပေါ်ရောက်နေသော တရုတ်နိုင်ငံ

၂၀၂၂ ခုနှစ်ရဲ့ ပထမ ၇ လအတွင်းမှာ တရုတ်ရဲ့ နိုင်ငံခြားကုန်သွယ်မှုဟာ ၂၃.၅ ထရီလီယံယွမ်အထိ ၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။အာဆီယံ၊ အာရှအလယ်ပိုင်း၊ လက်တင်အမေရိက၊ အာဖရိကနဲ့ ခါးပတ်နှင့်လမ်းအစီအစဉ်တစ်လျှောက်ရှိ နိုင်ငံများနဲ့ ကုန်သွယ်မှုဟာ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။

ကုန်သွယ်မှုပမာဏဟာ တရုတ်အစိုးရနဲ့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အသီးသီးက ခန့်မှန်းထားချက်နဲ့အညီ ဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ တံခါးဖွင့်မူဝါဒတွေကနေ တွန်းအားအသစ်တွေရရှိပြီး ၂၀၂၃ ခုနှစ်မှာ စီးပွားရေးချဲ့ထွင်မှုဟာ ၅.၂ ရာခိုင်နှုန်းဖြစ်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က မေလက ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံများမှ ဝယ်လိုအားများ နည်းနေသည့်တိုင် တရုတ်နိုင်ငံအတွင်း ဝယ်ယူသုံးစွဲမှု များပြားလာခြင်းက အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးတိုးတက်မှုအတွက် အလားအလာဖြစ်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။  

ကမ္ဘာ့ဘဏ်ရဲ့ ဇွန်လထုတ်ပြန်ချက်မှာလည်း ကမ္ဘာလုံးဆိုင်ရာ ကြီးထွားမှု အားနည်းနေတာကြောင့် ပို့ကုန်ကို ထိခိုက်မှုရှိနိုင်သော်လည်း တရုတ်ရဲ့ ၂၀၂၃ ခုနှစ် ဂျီဒီပီဟာ ၅.၆ ရာခိုင်နှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ထိုကိန်းကဏန်းအားလုံးကိုကြည့်လျှင် တရုတ်ရဲ့ စီးပွားရေးဟာ တည်ငြိမ်မှုကို ထိန်းထားနိုင်ပြီး ပန်းတိုင်ကိုရောက်နိုင်ဖို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာ ရောက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။  

ဇူလိုင်လမှာ ပို့ကုန်နဲ့ သွင်းကုန် ခြားနားချက်ဟာ ၈.၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယွမ် ၃.၅ ထရီလီယံဖြစ်ပါတယ်။ဖွံ့ဖြိုးပြီးနိုင်ငံများမှာ စားသုံးသူ သုံးစွဲမှု ကျဆင်းခြင်း၊ စီးပွားရေးကျဆင်းမှုများရှိခြင်း၊ ငွေကြေးဖောင်းပွခြင်းနဲ့ ကုန်ဈေးနှုန်းများ ကျဆင်းခြင်းကြောင့် ကွာဟချက်ကြီးမားတာဖြစ်သော်လည်း တရုတ်ရဲ့ စက်ပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းကဲ့သို့ ပို့ကုန်တွေ အထူးသဖြင့် စွမ်းအင်အသစ်သုံး ယာဉ်ပို့ကုန်တွေကတော့ အခြေအနေကောင်းခဲ့ပါတယ်။  

ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေအကြပ်အတည်းပြီးတဲ့နောက် ပြန်လည်ဦးမော့လာတဲ့ တရုတ်ရဲ့ ပုဂ္ဂလိက ကဏ္ဍဟာလည်း တရုတ်စီးပွားရေးတိုးတက်မှုအတွက် အရေးပါတဲ့ အချက်တွေထဲက တစ်ခုဖြစ်လာပါတယ်။နောက်ဆုံးရ ကိန်းဂဏန်းတွေအရ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်းမှာ တရုတ်နိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေဟာ နိုင်ငံခြားကုန်သွယ်မှုရဲ့ ၅၂.၇ ရာခိုင်နှုန်းအထိ လွှမ်းမိုးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ထိုလုပ်ငန်းများရဲ့ သွင်းကုန်နဲ့ ပို့ကုန် ပမာဏများ မြင့်တက်လာခဲ့ပြီး အဆင့်မြင့်နည်းပညာနဲ့ နည်းပညာသစ် ထုတ်ကုန်များ တင်ပို့မှုဟာ ၅.၄ ရာခိုင်နှုန်း မြင့်တက်ကာ ၁.၂ ထရီလီယံ ယွမ်အထိ ရှိခဲ့ပါတယ်။ပုဂ္ဂလိကလုပ်ငန်းတွေဟာ စီးပွားရေးအတွက် အထောက်အကူပြုတဲ့အပြင် နည်းပညာတိုးတက်မှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း ပေးနိုင်ပါတယ်။

လုပ်ငန်းအားလုံးရဲ့ ၉၀ ရာခိုင်နှုန်းဟာ ပုဂ္ဂလိကလုပ်ငန်းတွေဖြစ်ြီး အခွန်ရငွေရဲ့ ၅၀ ရာခိုင်နှုန်း၊ ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်း၊ နည်းပညာတီထွင်ဆန်းသစ်မှုရဲ့ ၇၀ ရာခိုင်နှုန်း၊ မြို့ပြအလုပ်အကိုင်ရရှိနှုန်းရဲ့ ၈၀ ရာခိုင်နှုန်းနဲ့ အလုပ်သစ်များရဲ့ ၉၀ ရာခိုင်နှုန်းအထိ သက်ရောက်မှုရှိပါတယ်။  

ခြုံပြောရလျှင် ပုဂ္ဂလိက ကဏ္ဍဟာ တည်ငြိမ်လျက်ရှိပြီး ၂၀၂၂ ခုနှစ်အတွင်းမှာ ပထမဆုံးအနေနဲ့ ပေကျင်းရဲ့ စုစုပေါင်းကုန်သွယ်မှုရဲ့ ၅၀ ရာခိုင်နှုန်းကျော်အထိ ရှိခဲ့တာဖြစ်ပါတယ်။ပုဂ္ဂလိကလုပ်ငန်းတွေဟာ နိုင်ငံစီးပွားရေးမှာ ၅၀ ရာခိုင်နှုန်းနှင့်အထက် လွှမ်းမိုးမှုများရှိပြီး တရုတ်ရဲ့ တီထွင်ဆန်းသစ်မှုမှ တွန်းအားပေးသော အရည်အသွေးမြင့် တိုးတက်မှုရဲ့ အဓိကထောက်တိုင်လည်းဖြစ်ပါတယ်။

ပုဂ္ဂလိကလုပ်ငန်းများရဲ့ ကိန်းသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံခြင်းဟာ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ ၀.၂ ရာခိုင်နှုန်း လျော့ကျခဲ့ပြီး စီးပွားရေးယုံကြည်မှု လျော့လာခြင်းကို ဆိုလိုနိုင်တာဖြစ်ပါတယ်။ပထမလေးလအတွင်းမှာတော့ ၀.၄ ရာခိုင်နှုန်း တိုးတက်ခဲ့တာကို တွေ့ရပါတယ်။တရုတ်ရဲ့ ပုဂ္ဂလိကစီးပွားရေးကို ပိုမိုကြီးထွားခိုင်မာစေရေးအတွက် ပိုင်ဆိုင်မှုအခွင့်အရေးများ ကာကွယ်ခြင်း၊ မျှတသော ယှဉ်ပြိုင်မှုကို အားပေးခြင်း၊ ဈေးကွက်ဝင်ရောက်ရာတွင် အခက်အခဲများကို ချိုးဖျက်ပေးခြင်းနဲ့ ရန်ပုံငွေရရှိနိုင်အောင် ကူညီခြင်းတို့ကို ဆောင်ရွက်နေတာကြောင့် ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ပြန်လည်ရှင်သန်လာပြီး ရင်းနှီးမြှုပ်နှံသူများတိုးလာကာ စီးပွားရေးတိုးတက်မှု တည်ငြိမ်စေရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မှာဖြစ်ပါတယ်။  

ပုဂ္ဂလိကစွန့်ဦးတီထွင်သူတွေဟာ အရှိန်အဟုန်ရလာဖို့ ယုံကြည်ချက်ရှိနေကြသော်လည်း တစ်ခါတရံမှာတော့ ကိုဗစ်-၁၉ ရဲ့ နောက်ဆက်တွဲ စီးပွားရေးပြန်လည်နာလန်ထူမှု လုပ်ငန်းစဉ်ကြောင့် စီးပွားရေးနှောင့်နှေးမှုတွေဖြစ်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားနဲ့ တိုးတက်မှုကဲ့သို့သော ပြင်ပက ရိုက်ခတ်မှုတွေကိုလည်း ကြုံတွေ့ရနိုင်ပါတယ်။

ပေကျင်းရဲ့ လမ်းညွှန်မှုအသစ်မှာတော့ ထိုလုပ်ငန်းများကို ယုံကြည်မှုအပြည့်ရှိစေပြီး နည်းပညာတီထွင်ဆန်းသစ်မှု စွမ်းရည်များကို မြှင့်တင်နိုင်ရေး လမ်းကြောင်းများဆီ ဦးတည်ပေးထားတာကိုလည်း တွေ့ရပါတယ်။

သယ်ယူပို့ဆောင်ရေး၊ ရေကြောင်း၊ စွမ်းအင်သစ်၊ အခြေခံအဆောက်အအုံသစ်များ၊ ထုတ်လုပ်ရေးနှင့် ခေတ်မီစိုက်ပျိုးရေးကဲ့သို့သော နယ်ပယ်အသစ်များ ရှာဖွေခြင်းနှင့် တရုတ်အစိုးရထံမှ ဘဏ္ဍာငွေအထောက်အပံ့များရရှိခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများအားလုံးမှာ ပုဂ္ဂလိကကဏ္ဍရဲ့ ကိန်းသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံခြင်းအချိုးဟာ တိုးလာမှာဖြစ်ပါတယ်။ထို့အပြင် ၂၀၂၃ ခုနှစ် ပထမခြောက်လကာလအတွင်းမှာ ခရီးသွားများရဲ့ ခရီးစဉ် ၅၆.၃ ရာခိုင်နှုန်း တိုးလာခြင်းနဲ့ ကုန်တင်ပို့မှုပေါင်း ၂.၅ ဘီလီယံတန်ရှိခြင်းဟာ စားသုံးသူသုံးစွဲမှု မြင့်တက်လာခြင်းကို ဖော်ပြပြီး ပြန်လည်ဦးမော့လာစေမဲ့ အကြောင်းအရင်းများဖြစ်ပါတယ်။

ပြည်တွင်းနဲ့ ပြည်ပမှာ စိန်ခေါ်မှုတွေရှိနေတယ်ဆိုသော်လည်း တရုတ်မှာ စားသောက်မှု၊ ဟိုတယ်နဲ့ ခရီးသွားကဏ္ဍတွေမှာ သုံးစွဲမှု လျင်လျင်မြန်မြန် မြင့်တက်လာပြီး စီးပွားရေးကို အံ့အားသင့်ဖွယ် စီမံခန့်ခွဲနိုင်တာကို တွေ့ရပါတယ်။နိုင်ငံတွင်း ဇိမ်ခံပစ္စည်းတွေ ရောင်းရနှုန်းကြောင့်လည်း ရေရှည်တည်တံ့တဲ့ စီးပွားရေးနာလန်ထူမှုအတွက် အပြုသဘောဆောင်နေတာဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေ တရုတ်ဟာ စီးပွားရေးတိုးတက်မှုပန်းတိုင်ဆီ ကောင်းမွန်စွာလျှောက်လှမ်းလျက်ရှိပြီး ယခုနှစ် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးမှုရဲ့ သုံးပုံတစ်ပုံအထိ လွှမ်းမိုးမှုရှိနေတာပဲဖြစ်ပါတယ်။  

စိုးနိုင်ထွန်း
Ref - CMG | China is well on the way to achieving its economic target