【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ခရီးသည်မျှော်ရတဲ့ ဆန်ဖရန်စစ္စကိုရဲ့ APEC ရက်သတ္တပတ်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ခရီးသည်မျှော်ရတဲ့ ဆန်ဖရန်စစ္စကိုရဲ့ APEC ရက်သတ္တပတ်

ဆန်ဖရန်စစ္စကို မော့စ်ကုန်းစင်တာတွင် ကျင်းပသည့် ၂၀၂၃ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စီးပွားရေးခေါင်းဆောင်များ ရက်သတ္တပတ်၏ မီဒီယာစင်တာတွင် ထိုဖိုရမ်ကို သတင်းယူရန်ရောက်နေသည့် သတင်းထောက်များကို ဆွဲဆောင်သည့် ထူးခြားသော ပြသစရာ ၂ ခုရှိသည်။

တစ်ခုမှာ ဆန်ဖရစစ္စကိုသို့ ချစ်စာလွှာများ Love Letters to SF ဟုခေါ်သည့် တောက်ပသည့် ရွှေရောင်ကဒ်များပါဝင်သည့် အနုပညာသရုပ်ဖော်ဖြစ်ပြီး ထိုကဒ်များပေါ်တွင် ‘ဆန်ဖရန်စစ္စကို’ ကို မည်သည့်အရာက တောက်ပစေသနည်းဆိုသည့် မေးခွန်းကို ဖြေဆိုစေခြင်းဖြစ်သည်။

အခြားတစ်ခုမှာ Car 62 အမည်ရှိ ရွှေမြို့တော်၏ ဂန္တဝင်သင်္ကေတ မော်တော်ယာဉ်အဖြစ် ပြောင်းလဲထားသည့် ကေဘယ်လ်ကားဖြစ်သည်။ထိုကေဘယ်ကားစနစ်သည် ကမ္ဘာ့နောက်ဆုံးလက်ကျန် လက်ဖြင့်ထိန်းချုပ်သည့် ကေဘယ်လ်ကားစနစ်ဖြစ်သည်။

ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ကုန်သွယ်ရေး၏ ၅၀ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုသည် စီးပွားရေး ၂၁ ခုမှ နိုင်ငံရေးနှင့် စီးပွားရေး ခေါင်းဆောင်များ အစည်းအဝေးဖြစ်သည့် APEC ရက်သတ္တပတ် နှစ်ပေါင်း ၈၀ အတွင်း ဆန်ဖရန်စစ္စကိုတွင် အကြီးမားဆုံး ကမ္ဘာ့ခေါင်းဆောင်များ အစည်းအဝေးဖြစ်သည်။

အိမ်ရှင်ဖြစ်သော ဆန်ဖရန်စစ္စကိုသည် ၎င်း၏ကြွယ်ဝသော ခရီးသွားလုပ်ငန်း ပိုင်ဆိုင်မှုများကို APEC အစည်းအဝေး ဧည့်သည်များကို ပြသရန် အခွင့်အလမ်းကိုယူပြီး ခရီးသွားစီးပွားရေးကို ပြန်လည်အသက်သွင်းရန် ရည်ရွယ်ချက်ကို ပြသနေသည်။

ယခုအစည်းအဝေးအတွက် ဟိုတယ်များတွင် တည်းခိုနေထိုင်သူ ၅၅,၀၀၀ ဦးရှိပြီး မြို့အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် ရှာဖွေပေးသည်။

“ကျမတို့မြို့မှာ APEC ကျင်းပဖို့ တစ်ကမ္ဘာလုံးက လူတွေကို ကြိုဆိုရတာ ဝမ်းသာတယ်။ APEC ဟာ ကမ္ဘာအတွက် ဘယ်လိုအဓိပ္ပါယ်ရှိတယ်၊ ကျမတို့ စီးပွားရေးအတွက် ဘယ်လိုအဓိပ္ပါယ်ရှိတယ်။ကျမတို့ စီးပွားရေး ဆက်ဆံရေးအတွက် ဘယ်လိုအဓိပ္ပါယ်ရှိတယ်။ခရီးသွားလုပ်ငန်းအတွက် ဘယ်လိုအဓိပ္ပါယ်ရှိတယ်ဆိုတာ ဖော်ပြနေတယ်” ဟု မြို့တော်ဝန် လန်ဒန် ဘရိက တနင်္လာနေ့က မီဒီယာစင်တာသို့ ခေတ္တလာရောက်စဉ် ပြောသည်။

သတင်းထောက်များအနေဖြင့် ဒေသခရီးသွား အပလီကေးရှင်းကို ဒေါင်းလုဒ်လုပ်ရန် သူတိုက်တွန်းပြီး ဆန်ဖရန်စစ္စကိုမှ ရပ်ကွက်များကို လေ့လာရန် တိုက်တွန်းခဲ့သည်။

“ဧည့်သည်တွေအနေနဲ့ ပျော်ရွှင်တဲ့ ခံစားမှုတွေ၊ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ၊ ပျော်ရွှင်စရာ အချိန်တွေကို ကျမတို့ မြို့ကနေ ဆောင်ယူသွားမယ်လို့ မျှော်လင့်တယ်။ဧည့်သည်တွေအနေနဲ့ ‘ဆန်ဖရန်စစ္စကို’ ကို မိသားစုတွေ မိတ်ဆွေတွေနဲ့ ပြန်လာချင်စိတ်ပေါက်ပါစေ ဆုတောင်းပါတယ်” ဟုလည်း သူပြောသည်။

ဘရိက APEC သည် တရုတ်နိုင်ငံသားများအနေဖြင့် ဆန်ဖရန်စစ္စကိုဟာ တရုတ်နိုင်ငံအတွက် တံခါးပေါက်ဖြစ်ကြောင်း သတိရစေမည့်အရာဖြစ်စေရန် မျှော်လင့်ကြောင်း သူပြောသည်။

အွန်လိုင်းသတင်းဌာန ဆန်ဖရန်စစ္စကို စတင်းဒတ်၏ ၂၀၂၁ ခုနှစ် စာရင်းအရ ဆန်ဖရန်စစ္စကို၏ လူဦးရေ ၅ ပုံ ၁ ပုံ (သို့မဟုတ်) လူ ၁၈၀,၀၀၀ သည် တရုတ်ရင်းမြစ်များဖြစ်ကြောင်း သိရပြီး မြို့တော်မှ တရုတ်သမိုင်းနှင့် ကိုက်ညီနေသည်။

“တရုတ်နွယ်ဖွားအများအပြား ဒီမြို့မှာ နေထိုင်ကြတယ်။တရုတ်ပြည်ကနေ ရွှေ့ပြောင်းလာသူတွေလည်းရှိတယ်။ကျမတို့မှာ မိသားစုဆက်ဆံရေးတွေ၊ သမိုင်းတွေနဲ့ တရုတ်နဲ့ပတ်သက်တဲ့ လူမှုအသိုက်အဝန်းတွေလည်းရှိတယ်” ဟု သူဆက်လက်ပြောကြားသည်။

မြို့တော်၏ စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ဆန်ဖရန်စစ္စကိုသို့ လာရောက်လည်ပတ်သည့် နိုင်ငံတကာဧည့်သည် ၄.၃ သန်းအနက် ၅၁၈,၀၀၀ ဦးသည် တရုတ်နိုင်ငံမှလာရောက်သည့် ဧည့်သည်များဖြစ်ပြီး ဒေသခရီးသွားလုပ်ငန်းကို အကျိုးပြုခဲ့ကြောင်း သိရသည်။

ယခုနှစ်ကုန်တွင် တရုတ်နှင့် ဆန်ဖရန်စစ္စကို နိုင်ငံတကာလေဆိပ်အကြား ပုံမှန်လေကြောင်းလိုင်း ပြန်လည်ထိန်းသိမ်းပြီး မြို့တော်သို့ တရုတ်ဧည့်သည်များ ပိုမိုဆွဲဆောင်နိုင်မည်ဟု ဘရိ ယုံကြည်သည်။

ရှင်သန်သော တရုတ်လူမှုအသိုက်အဝန်းများနှင့် ကြွယ်ဝသော တရုတ်ယဉ်ကျေးမှု အမွေအနှစ်များဖြင့် ဆန်ဖရန်စစ္စကို တရုတ်ဧည့်သည်များ၏ အသည်းနှလုံးကို ပြန်လည်ဖမ်းစားနိုင်မည်ဟု မျှော်လင့်ကြောင်း သူပြောသည်။

စိုးနိုင်ထွန်း
Ref - Xinhua | Feature: San Francisco expects APEC week to woo back int'l visitors, particularly Chinese