【 နိုင်ငံတကာဆောင်းပါး 】 တရုတ်စီးပွားရေးကို ဆွဲတင်သည့် ရက်ရှည်အားလပ်ရက်များ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်စီးပွားရေးကို ဆွဲတင်သည့် ရက်ရှည်အားလပ်ရက်များ

တရုတ်စီးပွားရေးနှင့်ပတ်သက်ပြီး ထည့်သွင်းရသည့် အချက်အလက်များတွင် တရုတ်အမျိုးသားအားလပ်ရက်ရှည်များ၏ ပြည်တွင်းသုံးစွဲနိုင်မှုကိုဖြစ်သည်။ထိုအားလပ်ရက်အတွင်း ပြည်တွင်းသုံးစွဲမှုဝင်ငွေသည် တရုတ်စီးပွားရေးကို နိုးထစေသည့် အကြောင်းအရင်းထဲ တစ်ခုဖြစ်သည်။ထိုအကြောင်းရင်းအတွက် ထင်ရှားသည့်အဖြစ်မှာ ကိုဗစ် ၁၉ ကပ်ရောဂါအတွက် တားမြစ်ထားသည့် မူဝါဒများကို ပြင်ဆင်ပြီးနောက် ပထမဆုံးခွင့်ပြုခဲ့သည့် နှစ်သစ်ကူးကာလတွင် တရုတ်ပြည်တွင်းခရီးသွားများ၏ ထိုကာလအတွင်းသုံးစွဲမှုက ကိုဗစ်ကြောင့် နှေးကွေးနေသည့် တရုတ်စီးပွားရေးကို နိုးထသွက်လက်စေခဲ့သလို ပြည်ပထွက် တရုတ်ခရီးသွားများကြောင့် ကမ္ဘာ့စီးပွားရေးပါ အကောင်းဘက်က သက်ရောက်ခဲ့ခြင်းဖြစ်သည်။

တင်းကျပ်သော COVID ထိန်းချုပ်မှု သုံးနှစ်အကြာတွင် လူအများအပြားအတွက် ပထမဆုံး ပုံမှန်အားလပ်ရက် ငါးရက်တာကာလဖြစ်သည့် ဧပြီလအတွင်း ပြည်တွင်းခရီးစဉ်ပေါင်း သန်း ၂၇၀ ဝန်းကျင်ကို ကား၊ မီးရထား၊ လေယာဉ်နှင့် ရေလမ်းတို့ဖြင့် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၃ ရက်နေ့အတွင်း နေ့စဉ် ပျမ်းမျှသွားခဲ့သည်။ထိုသည်မှာ ၂၀၂၂ ခုနှစ်ကထက် ၁၆၃ ရာခိုင်နှုန်း တက်လာခြင်းဖြစ်သည်။ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ယွမ် ၁၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၁ ဘီလီယံ) ရှိပြီး တစ်နှစ်ထက် တစ်နှစ် ၁၂၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း တရုတ်အာဏာပိုင်များ ထုတ်ပြန်သည့် အချက်အလက်များက ဆိုသည်။

အားလပ်ရက်များနှင့် ၃ နှစ်ကြာ ကိုဗစ်ကန့်သတ်မှုကြောင့် အတိုးချလည်ပတ်ခြင်းကြောင့် ယခုနှစ်အတွင်း ပြည်တွင်းခရီးစဉ်ပေါင်း ၄.၅၅ ဘီလီယံနီးပါးရှိနိုင်ကြောင်း ခန့်မှန်းထားကာ ထိုအတွက် သုံးစွဲနိုင်သည့် ငွေမှာ ယွမ်ငွေ ၄ ထရီလီယံအထိရှိလာမည်ဟု China Tourism Academy က ခန့်မှန်းခဲ့သည်။ထိုထဲတွင် ထည့်သွင်းစဉ်းစားသည်မှာ နှစ်ရှည်လများကြာသည့် ကပ်ရောဂါကန့်သတ်ချက်များအပြီး လူများ၏ ခရီးသွားလိုစိတ် ပြင်းပြလာနိုင်မှုကိုဖြစ်သည်။

မကြာမီက အမျိုးသားနေ့အားလပ်ရက်အဖြစ် ၈ ရက်ကြာ ပိတ်ရက်ရှည်ကို ကြေညာခဲ့သည်။တရုတ်အမျိုးသားနေ့ဖြစ်သည့် အောက်တိုဘာ ၁ ရက်နှင့် ရိုးရာဆောင်းဦးလယ်ပွဲတော်ကိုပေါင်းကာ စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ရက်ရှည်ပိတ်ခဲ့သည်။ထိုပိတ်ရက်ရှည်ကြောင့် တရုတ်ပြည်တွင်းလေကြောင်းများက ခန့်မှန်းသည်မှာ သြစတြေးလျရှိလူတိုင်း တစ်ပတ်အတွင်း လေယာဉ်စီးသည့်အရေအတွက်နှင့် ညီမျှသော ခရီးသည်ပမာဏကို ထို ၈ ရက်အတွင်း ပြေးဆွဲရလိမ့်မည်ဟု ဆိုသည်။ထိုအရေအတွက်မှာ ခရီးသည် ၂၁ သန်းကို ကိုယ်စားပြုသည်။ထိုသည်မှာ ဆောင်းဦးရာသီနှင့် အမျိုးသားနေ့အားလပ်ရက်များပါသည့် ရှစ်ရက်ကြာကာလအတွင်း တရုတ်ခရီးသွားလာမှု သန်း ၈၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားခြင်း၏ အနားဖျားစွန်းပင်မရှိသည်က တရုတ်လေကြောင်းနှင့် နိုင်ငံတကာလေကြောင်းလိုင်းများအတွက် မက်စရာဖြစ်သည်။

စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၆ ရက်အထိ အားလပ်ရက်မှာ ပွဲတော်ရက်စွဲပါသည် လပြက္ခဒိန်ပေါ်တွင် မူတည်သောကြောင့် နှစ်စဉ်အမြဲတမ်းမရှိနိုင်ပေ။ထို့ကြောင့် အပိုရသည့် ပိတ်ရက်အတွင်း လေကြောင်းဖြင့်ခရီးသွားမှုတစ်ခုတည်းမှပင် ခရီးသည် ၂၁ သန်းရှိမည်ဟု တရုတ်နိုင်ငံ မြို့ပြလေကြောင်း စီမံခန့်ခွဲရေး (CAAC) က ခန့်မှန်းထားခြင်းဖြစ်သည်။ပြည်တွင်း၌ပင် တစ်ရက်လျှင် ပြည်တွင်းလေကြောင်း ခရီးစဉ် ၁၄,၀၀၀ ခန့် ပြေးဆွဲရနိုင်မည်ဟု ခန့်မှန်းထားသည်။

ဒေတာခွဲခြမ်းစိတ်ဖြာမှုကုမ္ပဏီ ForwardKeys မှ လေ့လာမှုတစ်ခုအရ ခရီးသွား ၃၇ ရာခိုင်နှုန်းသည် ၎င်းတို့၏ ဦးတည်ရာနေရာများတွင် ခြောက်ညမှ ရှစ်ညအထိ နေထိုင်ရန် စီစဉ်ထားသည်ဆိုရာ ထိုကာလအတွင်း သုံးစွဲမှုနှုန်းမှာ တရုတ်စီးပွားရေးအတွက် အားတက်ဖွယ်ရာ အချက်အလက်များကို ပြနေသည်။တရုတ်အာဏာပိုင်များသည် သြဂုတ်လတွင် အုပ်စုလိုက်ခရီးသွားခြင်းကို တားမြစ်ပိတ်ပင်ထားမှုကို ရုပ်သိမ်းပြီးနောက် အရှိန်အဟုန်ဖြင့် ပြည်ပခရီးသွားလာမှုမှာလည်း အရှိန်အဟုန်ဖြင့် တိုးလာနေသည်။ထိုင်းနိုင်ငံကဲ့သို့ နိုင်ငံများတွင် တရုတ်ကို ဦးတည်သော ပြည်ဝင်ခွင့်မူဝါဒများကြောင့်လည်း တရုတ်ခရီးသွားများက ပတ်ဝန်းကျင်ဒေသ တိုးတက်မှုကို အထောက်အကူပြုသည်။

၈ ရက်ကြာမည့် ယခုနှစ် ရွှေရောင်ရက်သတ္တပတ် အားလပ်ရက်များအတွင်း ခရီးသွားလာမှုနှင့် စံချိန်တင်ဝယ်လိုအား၊ အာရှအားကစားပြိုင်ပွဲ၏ ရေရှည်တည်တံ့သော စီးပွားရေးအကျိုးသက်ရောက်မှုများကြောင့် တရုတ်စီးပွားရေးကို ထူးထူးခြားခြားသက်ရောက်မည်ဟု ခန့်မှန်းထားသည်။ထို့ကြောင့်လည်း လာမည့် ရွှေရောင်ရက်သတ္တပတ် အားလပ်ရက်များသည် စီးပွားရေးတက်ကြွမှုကို စောင့်ကြည့်ရန် အရေးကြီးသော ပြတင်းပေါက်တစ်ခုဟု ကျွမ်းကျင်သူများက ဆိုခြင်းဖြစ်သည်။ထိုသို့ စားသုံးမှုပြန်လည်ကောင်းမွန်လာသည့် စတုတ္ထသုံးလပတ်ကြောင့် တစ်နှစ်ပတ်လုံး စီးပွားရေးတိုးတက်မှုကို မောင်းနှင်ရာတွင် အရေးပါသောအခန်းကဏ္ဍတွင်ရှိနေမည်ဟု ခန့်မှန်းကြခြင်းဖြစ်သည်။  

တရုတ်စီးပွားရေးမှာ အနောက်အုပ်စုနှင့် နိုင်ငံရေးအရ ထိပ်တိုက်တွေ့နေသည့်အတွက် အကြောင်းရင်းများစွာကြောင့် အနုတ်လက္ခဏာဖော်ဆောင်ခံနေရသော်လည်း တကယ်တမ်းတွင် ပြည်တွင်း၌ တရုတ်၏ စားသုံးသူဈေးကွက်သည် ပြန်လည်ဦးမော့လာမှုနှင့် ကြီးထွားမှုလက္ခဏာများကို လက်ရှိတွင် ပြသနေသည်။စားသုံးမှု၏ ခံနိုင်ရည်ရှိမှု၊ အလားအလာနှင့် တက်ကြွမှုတို့သည် အားကောင်းပြီး မပြောင်းလဲဘဲ ဆက်လက်တည်ရှိနေသည်ကို ယခု ၈ ရက်တာအတွက် ခရီးသွားလာရန် စီစဉ်ပေးနေရမှုတွင် မြင်သာနေရသည်။ထို့ကြောင့် ကျွမ်းကျင်သူများက အနောက်တိုင်းမီဒီယာများနှင့် တရုတ်စီးပွားရေးအပေါ် နိုင်ငံရေးသမားများ၏ ကျဆင်းနေသော ရှုမြင်ပုံကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

အားလပ်ရက်ခရီးသွားခြင်း၊ တည်းခိုနေထိုင်ခြင်းနှင့် ခရီးသွားထုတ်ကုန်ဆိုင်ရာ နောက်ဆုံးဒေတာအားလုံးသည် ၂၀၁၉ ခုနှစ်တွင် မြင်တွေ့ရသည့် အဆင့်များမှ သိသိသာသာပြန်တက်လာခြင်းကို ညွှန်ပြခဲ့ပြီး စားသုံးမှုတွင် ထူးထူးခြားခြား ပြန်လည်တက်လာနေသည်ကို ညွှန်ပြနေသည်။

China Tourism Academy ၏ အဆိုအရ ရွှေရောင်ရက်သတ္တပတ် အားလပ်ရက်များအတွင်း တစ်ရက်လျှင် ခရီးသွား သန်း ၁၀၀ ကျော် ခရီးသွားလာမည်ဖြစ်ပြီး ယခင်နှစ်နှင့် ၂၀၁၉ ခုနှစ်များ၏ သွားလာသည့်အရေအတွက် အဆင့်များကို ကျော်လွန်သွားမည်ဖြစ်သည်။စီးပွားရေးအရ လေကြောင်းအရဆိုလျှင် ခရီးသွား ၂၁ သန်းကျော်သည် ထို ၈ ရက်ကာလအတွင်း ပျံသန်းမှုများ ပြုလုပ်မည်ဖြစ်သည်။ရှစ်ရက်ကြာ ပျမ်းမျှ ပြည်တွင်းလေကြောင်းခရီးစဉ် ၁၄၀၀၀ ကို လည်ပတ်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်း တိုးလာမည်ဖြစ်သည်။အားလပ်ရက်များတွင် မီးရထားခရီးစဉ်ပေါင်း သန်း ၁၉၀ ရှိလာမည်ဟု တရုတ်မီးရထားအဖွဲ့မှ ခန့်မှန်းထားရာ ကိုဗစ်မတိုင်မီ၂၀၁၉ ခုနှစ်က သွားလာခဲ့သည့် ခရီးစဉ်ပေါင်း ၁၃၈ သန်းထက် ပိုများနေသည်။

အမျိုးသားလူဝင်မှုကြီးကြပ်ရေး စီမံကွပ်ကဲမှုအဖွဲ့၏ အဆိုအရ အားလပ်ရက်များအတွင်း ပျမ်းမျှ နေ့စဉ် အဝင်/အထွက် ခရီးစဉ်အရေအတွက်သည် ၁.၅၈ သန်းရှိလာရန် မျှော်မှန်းထားရာ ယခင်နှစ် ကာလတူထက် သုံးဆပိုများသည်။

ထိုသည်က တရုတ်စီးပွားရေးတွင် ထည့်သွင်းအင်အားဖြစ်သော အားလပ်ရက်များ၏ မောင်းတင်မှုနှင့် တရုတ်စီးပွားရေး၏ အပြုသဘောဆောင်သောလမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်မည်ဖြစ်လေသည်။

လင်းသစ်အောင်