【 နိုင်ငံတကာဆောင်းပါး 】 တရုတ် နိုင်ငံတကာစားသုံးသူ ထုတ်ကုန်ပြပွဲ (CICPE) နှင့် အခွင့်အလမ်း

【 နိုင်ငံတကာဆောင်းပါး 】 တရုတ် နိုင်ငံတကာစားသုံးသူ ထုတ်ကုန်ပြပွဲ (CICPE) နှင့် အခွင့်အလမ်း

တရုတ်နိုင်ငံ တောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်၊ မြို့တော် ဟိုင်နန်တွင် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူ ထုတ်ကုန်ပြပွဲ (CICPE) ကို ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ကျင်းပခဲ့သည်။
 
ယခုအကြိမ် ပြပွဲသည် ယခင်ပြပွဲသုံးကြိမ်နှင့်မတူဘဲ ပြပွဲဧရိယာ ၁၂၈,၀၀၀ စတုရန်းမီတာအထိ စံချိန်သစ်တင် တိုးချဲ့ခဲ့သလို ပါဝင်ပြသသော ကုမ္ပဏီပေါင်းမှာ ယခင်ပြပွဲများထက် ပိုမိုများပြားခဲ့သည်။
 
ထုတ်ပြန်မှုများအရ အဆိုပါပြပွဲတွင် နိုင်ငံနှင့်ဒေသ ၇၁ ခုမှ အမှတ်တံဆိပ် ၄,၀၀၀ ကျော် ပါဝင်ပြသခဲ့ကြောင်း သိရသည်။ယင်းကိန်းဂဏန်းအချက်အလက်က တရုတ်စီးပွားရေး ပြန်လည်နာလန်ထူ ကောင်းမွန်လာသည့် သဘောဖြစ်ပြီး ဆက်လက်အားကောင်းနေမည်ဆိုသော လက္ခဏာဖြစ်သည်။
 
ကုန်စည်ပြပွဲသို့ လာရောက်ပြသသည့် ကုမ္ပဏီများ အထောက်အကူဖြစ်စေရန် ဟိုင်နန်ပြည်နယ်၏ ဗီဇာကင်းလွတ်ခွင့် မူဝါဒကလည်းပြပွဲစည်ကားမှုကို အထောက်အကူဖြစ်စေခဲ့သည်။
 
တရုတ်နိုင်ငံ၏ ပြည်တွင်းစားသုံးမှုပမာဏမှာ ထိုးတက်နေသည်။မတ် ၂၇ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sheng Qiuping က စားသုံးသူကုန်စည်လက်လီရောင်းချမှုများမှာ ယခု ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း ယွမ် ၈.၁၃ ထရီလီယံ (အမေရိကန်‌ဒေါ်လာ ၁.၁၅ ထရီလီယံခန့်) ရရှိခဲပြီး ယမန်နှစ် အလားတူကာလထက် ၅.၅ ရာ ခိုင်နှုန်း မြင့်တက်လာကြောင်းပြောခဲ့ကာ ထိုအချက်က တရုတ်နိုင်ငံ၏ စားသုံးသူဈေးကွက် ကြံ့ကြံ့ခံမှုနှင့် တက်ကြွနေမှုကို ပြသနေခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
 
နိုင်ငံတကာအမြင်တွင် တရုတ်စီးပွားရေးသည် ထင်ထားသည်ထက် ပို၍ကောင်းမွန်နေသည်။ဧပြီ ၁၆ ရက် တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏသည် ယခုနှစ် ပထမ ၃ လပတ်တွင် ယမန်နှစ် အလားတူအချိန်ပိုင်းကထက် ၅.၃ ရာခိုင်နှုန်း တိုးလာကြောင်း ဆိုသည်။
 
စားသုံးကုန် လက်လီရောင်းချမှု စုစုပေါင်းပမာဏတွင်လည်း ယခုနှစ် ပထမ ၃ လပတ်တွင် ၄.၇ ရာခိုင်နှုန်း တိုးလာပြီး ဝန်ဆောင်မှုဆိုင်ရာ လက်လီရောင်းချမှုပမာဏသည်လည်း ၁၀ ရာခိုင်နှုန်း တိုးလာခဲ့ရာ စားသုံးသူများ၏ အဆင့်မြှင့်တင်စားသုံးမှုများ ဆက်တိုက်ကောင်းမွန်လာနေသည်ကို လက္ခဏာကို ပြသနေခဲ့သည်။
 
ပြီးခဲ့သည့်နှစ်က တရုတ် GDP ကို ထိုးတင်ပေးခဲ့သည့် အသစ်သုံးမျိုးဟုခေါ်သော စွမ်းအင်သစ်သုံး ကား၊ နေစွမ်းအင်သုံး ဆိုလာ၊ ဘက်ထရီတို့သည် ယခုနှစ် ပထမ ၃ လပတ်တွင် ကောင်းစွာတိုးတက်နေသည်။စီးပွားရေးစာရင်းအရ ယခုနှစ် ပထမ ၃ လပတ် စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်မှုပမာဏသည် ယမန်နှစ် အလားတူကာလထက် ၂၉.၂ ရာခိုင်နှုန်း တိုးလာခဲ့သည်။
 
နေစွမ်းအင် ဆိုလာနှင့် ဘက်ထရီ ထုတ်လုပ်မှုပမာဏသည် ယမန်နှစ် အလားတူကာလထက် ၂၀.၁ ရာခိုင်နှုန်း တိုးလာခဲ့သည်။နောက်ထပ် အသစ်တစ်မျိုးဖြစ်သော အဆင့်မြင့်နည်းပညာ အခြေပြုသည့် ဝန်ဆောင်မှုစက်ရုပ် ထုတ်လုပ်သည့် ပမာဏမှာလည်း ယမန်နှစ် အလားတူကာလထက် ၂၆.၇ ရာခိုင်နှုန်း တိုးလာနေကြောင်းဆိုရာ တရုတ်နိုင်ငံတွင် သမားရိုးကျလုပ်ငန်းများအပြင် လုပ်ငန်းပုံစံသစ်များနှင့် တခြားပုံစံသစ်များလည်း အဆက်မပြတ်ပေါ်ပေါက်လာနေသည်ကို မြင်ရသည်။
 
လူဦးရေ ၁.၄ ဘီလီယံနှင့် လူလတ်တန်းစား သန်း ၄၀၀ ရှိသည့် တရုတ်နိုင်ငံတွင် တစ်ဦးချင်း GDP သည် ဒေါ်လာ ၁၂,၀၀၀ ကျော်လွန်ကာ ကမ္ဘာပေါ်တွင် အလားအလာအရှိဆုံး စားသုံးသူဈေးကွက်ကြီးတစ်ခုဖြစ်သည်။ထို့အပြင် တရုတ်နိုင်ငံ၏ ပွင့်လင်းမြင်သာမှုနှင့် တက်ကြွသော စားသုံးသူစျေးကွက်အလားအလာကြောင့် ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံသူများကို ယုံကြည်စိတ်ဖြစ်ပေါ်စေသည်။
 
ကမ္ဘာ့စီးပွားရေး နာလန်ထူရန် ခက်ခဲနေချိန်၊ ပြည်ပရင်းနှီးမြုပ်နှံမှုကို အပြိုင်အဆိုင် မက်လုံးပေးခေါ်နေရချိန်တွင် နိုင်ငံခြားထိပ်တန်းကုမ္ပဏီများမှ CEO များသည် တရုတ်နိုင်ငံသို့ ယခုနှစ်မတ်လတွင် အပြိုင်အဆိုင်လာရောက်လည်ပတ်ခဲ့ပြီး ယခုတစ်ပတ်တွင် စတင်သည့် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူ ထုတ်ကုန်ပြပွဲ (CICPE ) အပါအဝင် တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုပြပွဲများသို့ လာရောက်ပြသမှုများ မကြုံစဖူးမြင့်တက်ကာ စိတ်ဝင်စားသူများလာခဲ့သည်။
 
ဧပြီ ၁၃ ရက်မှ ၁၈ ရက်အထိ ခြောက်ရက်ကြာ ကျင်းပခဲ့သည့် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာစားသုံးသူ ထုတ်ကုန်ပြပွဲ (CICPE) တွင် အမှတ်တံဆိပ် ၃၀၀ ကျော်က ကုန်ပစ္စည်းအသစ် ၁,၀၀၀ ခန့်ကို ပြသခဲ့သည်။ထိုပြပွဲသို့ နိုင်ငံတကာနှင့် ပြည်တွင်းဝယ်ယူသူ ၅၅,၀၀၀ ကျော်နှင့် နိုင်ငံများမှ အဝယ်တော်များ တက်ရောက်ခဲ့သည်။
 
ယခုပြပွဲအပြီးတွင် တရုတ်နိုင်ငံ၏ သွင်းကုန်၊ ထုတ်ကုန် ကုန်စည်ပြပွဲ (သို့မဟုတ်) Canton Fair ၏ နွေဦးပြပွဲကိုလည်း ဆက်ကျင်းပနေသည်။ထိုပြပွဲကို ဧပြီ ၁၅ မှ မေလ ၅ ရက်နေ့အထိ တရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့တွင် ကျင်းပနေခြင်းဖြစ်သည်။ထိုကြီးမားသော ကုန်စည်ပြပွဲတွင်လည်း နိုင်ငံနှင့် ဒေသပေါင်း ၂၁၅ ခုမှ ဝယ်ယူသူ စုစုပေါင်း ၁၃၇,၀၀၀ က ပါဝင်ပြသရန် ကြိုတင်စာရင်းပေးသွင်းခဲ့သည်။
 
ယခုကျင်းပပြီးနှင့် ကျင်းပနေဆဲ တရုတ်ရှိ နိုင်ငံတကာကုန်သွယ်မှုပြပွဲများကိုကြည့်လျှင် တရုတ် ဈေးကွက်နှင့် ၎င်း၏ စီးပွားရေးသာယာဝပြောမှုကို ကမ္ဘာက ပိုမိုသိရှိကာ ယုံကြည်နိုင်စေသည့်အပြင် ရှုပ်ထွေးသော ကမ္ဘာ့နိုင်ငံရေးဝန်းကျင်ကြား ကမ္ဘာ့စီးပွားရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ သရုပ်မှန်ကိုလည်း မြင်နိုင်မည်ဖြစ်သည်။
 
ကုန်စည်ပြပွဲနှစ်ခုတွင်ပါဝင်သည့် ရင်းနှီးမြှုပ်နှံ သူများ၏ လေ့လာတွေ့ရှိချက်များနှင့် အထင်အမြင်များသည် သတင်းစကားများမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်ကို ရိုက်ခတ်ကာ တရုတ်အပေါ် ယုံကြည်မှုလည်း ဒီထက်တိုးလာမည်ဖြစ်သည်။
 
တရုတ်နိုင်ငံတွင် ကြီးမားသောစျေးကွက် ရှာဖွေလိုသည့် ကမ္ဘာ့ကုမ္ပဏီများအတွက် တရုတ်နိုင်ငံတွင် ယခုနှစ်အတွက် ပထမဆုံးကျင်းပသော နိုင်ငံတကာပြပွဲကြီးဖြစ်သော CICPE က အခွင့်အလမ်းများစွာကို ပေးခဲ့သည်။ဥပမာအားဖြင့် CICPE ၏ ဂုဏ်ထူးဆောင်နိုင်ငံဖြစ်သည့် အိုင်ယာလန်ဆိုလျှင် ၎င်း၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ ပညာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုစသည် အခန်းကဏ္ဍများပြသကာ စီးပွားရေးအရ အောင်မြင်စွာဆွဲဆောင် စျေးကွက်တင်နိုင်ခဲ့သည်။
 
အိုင်ယာလန်ကုမ္ပဏီများက “CICPE ကဲ့သို့သော Expos များသည် အိုင်ယာလန်ပုံရိပ်ကို မြှင့်တင်ရန် အံ့ဩစရာအခွင့်အလမ်းများဖြစ်ပြီး ၎င်းတို့သည် အိုင်ယာလန်ကုမ္ပဏီများအတွက် ၎င်းတို့ကိုယ်တိုင် တရုတ်စားသုံးသူများနှင့် မိတ်ဆက်ပေးရန် အကောင်းဆုံးပလက်ဖောင်းများဖြစ်သည်ဟု ဆိုခဲ့သည်။
 
ထို့ကြောင့်လည်း အမျိုးသားပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီ၊ ဒုတိယဥက္ကဋ္ဌ Peng Qinghua က CICPE အတွက် ကြိုဆိုဂုဏ်ပြုသည့် မိန့်ခွန်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အမြဲတမ်းအရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပွင့်လင်းမြင်သာမှုတံခါးဟာ ပိုကျယ်လာမှာပါ” ဟု ပြောခဲ့သည်။
 
ပြပွဲအောင်မြင်မှု အကျိုးဆက်သည် တရုတ်စီးပွားရေးအပေါ်များစွာ အကောင်းမြင်စေသလို နှေးကွေးစေသည့် ကမ္ဘာ့စီးပွားရေးအပေါ်လည်း ကြီးမားစွာ သက်ရောက်စေခဲ့သည်။ Goldman Sachs နှင့် Citi တို့က  ထုတ်ပြန်သည့် မကြာသေးမီက သီးခြားအစီရင်ခံစာများတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ်တွင် ကောင်းမွန်စွာအစပြုနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
 
တရုတ်အစိုးရမှ ချမှတ်ထားသော GDP တိုးတက်မှု ရည်မှန်းချက်ကို “၅ ရာခိုင်နှုန်းဝန်းကျင်”အထိ အောင်မြင်နိုင်မည်ဟု မျှော်လင့်ကြောင်းဆိုပြီး တရုတ်နိုင်ငံ၏ တစ်နှစ်တာလုံးအတွက် ဂျီဒီပီတိုးနှုန်းအတွက် ခန့်မှန်းချက်ကို မြှင့်တင်ခဲ့သည်။
 
တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် အစပိုင်းမှစပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စေရန် အချက် ၂၄ ချက်နှင့် စီးပွားရေးခရီးသွားလာမှုကို လွယ်ကူချောမွေ့စေရန် ဗီဇာကင်းလွတ်ခွင့်မူဝါဒများကို ထုတ်ပြန်ကြေညာခဲ့သည်။ထို့ပြင် ပြပွဲများသည် နိုင်ငံခြားကုမ္ပဏီများအတွက် အခွင့်အလမ်းသစ်များကို ပေါ်ထွက်စေပြီး စက်ပစ္စည်း အဆင့်မြှင့်တင်မှုများနှင့် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှုမြှင့်တင်ခြင်းဖြင့် စားသုံးမှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများကိုလည်း အားကောင်းလာစေသည်။
 
အမျိုးသားစာရင်းအင်းဗျူရို၏ အဆိုအရ ၂၀၂၄ ခုနှစ် ပထမနှစ်လတွင် လက်လီရောင်းချမှုသည် ယွမ် ၈.၁၃ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၄ ထရီလီယံ) ရှိခဲ့ရာ တစ်နှစ်ထက် တစ်နှစ် ၅.၅ ရာခိုင်နှုန်း တိုးလာသည့် သဘောဖြစ်နေသည်။
 
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော အင်ဂျင်ဖြစ်နေရာ တရုတ်၏ စီးပွားရေးလုပ်ငန်းအမျိုးမျိုး တိုးတက် တည်ငြိမ်မှုသည် ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန်အတွက် ကောင်းမွန်သော လက္ခဏာအဖြစ် ပညာရှင်များက အကောင်းဘက်မှ ရှုမြင်ကြလေသည်။
 
စိုးငြိမ်း