【 နိုင်ငံတကာဆောင်းပါး 】 တရုတ်- အာဖရိက ထိပ်သီးဆွေးနွေးပွဲနှင့် ဖွံ့ဖြိုးတိုးတက်မှု

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်- အာဖရိက ထိပ်သီးဆွေးနွေးပွဲနှင့် ဖွံ့ဖြိုးတိုးတက်မှု

တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများ၏ တိုးတက်ဖွံ့ဖြိုးမှုသမိုင်းတွင် ယခုဆယ်စုနှစ်ပိုင်း၌ အနောက်နိုင်ငံများကိုကျော်လွန်ကာ အရေးပါသောနေရာသို့ ရောက်ရှိလာသည်ကို တွေ့ရသည်။ 
 
မကြာသေးမီက ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေးနှင့် နောက်ဆက်တွဲ တရုတ်-အာဖရိက ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲတွင် အာဖရိကခေါင်းဆောင်အတော်များများနှင့် လူချင်းတွေ့ဆုံခဲ့သလို တရုတ်-အာဖရိက ထိပ်သီးအစည်းအဝေးတွင်လည်း ရှီကျင့်ဖျင်က ပူးတွဲသဘာပတိအဖြစ် ကြီးမှူးကျင်းပခဲ့သည်။
 
ထိုအစည်းအဝေးသည် COVID-19 ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နဲ့ အာဖရိကခေါင်းဆောင်တွေကြား ပထမဆုံးတွေ့ဆုံမှုဖြစ်သလို ပိုမိုနက်ရှိုင်းလာသည့် တရုတ်-အာဖရိက ဆက်ဆံရေးကိုလည်း ဖော်ကျူးနေသည်။အာဖရိကတိုက်အတွက် BRICS ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖျင် ပါဝင်တက်ရောက်လာမှုနှင့် အာဖရိ ကတိုးတက်မှုအတွက် အပြုသဘောဆောင်သောအခန်းကဏ္ဍက ပါဝင်နေခြင်းအပေါ် လှိုက်လှိုက်လှဲလှဲလက်ခံသည်ကိုကြည့်လျှင် အာဖရိကတွင်  တရုတ်ရရှိနေသည့် အခန်းကဏ္ဍကို မြင်နိုင်မည်ဖြစ်သည်။
 
တရုတ်-အာဖရိက ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲကို BRICS ထိပ်သီးအစည်းအဝေးပြီးသည့် သြဂုတ်လ ၂၄ ရက် ညပိုင်းတွင် ကျင်းပခဲ့သည်။ထိုဆွေးနွေးပွဲတွင် ရှီကျင့်ဖျင်က တရုတ်-အာဖရိက လက်တွေ့ကျကျ ပူးပေါင်းဆောင် ရွက်မှုတိုးမြှင့်ရေး၊ အာဖရိကတစ်ပြေးညီဖြစ်ရေးနှင့် ခေတ်မီရေးလုပ်ငန်းများကို အထောက်အကူ ပြုရေးနှင့်ပတ်သက်ပြီး အာဖရိကခေါင်းဆောင်များကို အချက် ၃ ချက် တင်ပြခဲ့သည်။
 
ထို အချက် ၃ ချက်မှာ အာဖရိက၏ စက်မှုလုပ်ငန်း ထွန်းကားစေရေး၊ အာဖရိက၏ လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးတွင် တရုတ်နိုင်ငံမှ အထောက်အကူပြုရန်စီမံကိန်းကို အကောင်အထည်ဖော်ရေးနှင့် တရုတ်-အာဖရိက လူချွန်လူကောင်းများ ပြုစုပျိုးထောင်မှု ပူးပေါင်းဆောင်ရွက်ရေး စသည့် အချက်တို့ဖြစ်သည်။
 
စက်မှုထွန်းကားရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် စွမ်းရည်များဖွံ့ဖြိုးတိုးတက်ရေး စသည့် အစပျိုးမှုသုံးရပ်သည် အာဖရိကသမဂ္ဂ၏ “၂၀၆၃ ခုနှစ် အစီအစဉ်” တွင် ဖွံ့ဖြိုးတိုးတက်မှု အသေးစိတ်ပုံစံဖြစ်သည်။
 
အာဖရိက၏ ထုတ်လုပ်မှုစွမ်းရည်မှာ နိမ့်ကျနေခြင်းကြောင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုတွင် တရုတ်နိုင်ငံသည် ၎င်း၏ ခိုင်မာသော ထုတ်လုပ်မှုစွမ်းရည်ကို အာဖရိကသို့ လွှဲပြောင်းပေးရန် ကတိပြုထားပြီး ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်တွင် ၎င်း၏ရပ်တည်ချက်ကို မြှင့်တင်ရန် ကတိပြုထားသည်။
 
စိုက်ပျိုးရေးသည် အာဖရိကတိုက် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးကြီးသော ကဏ္ဍတစ်ခုလည်းဖြစ်သည်။၎င်း၏ ကျယ်ပြောလှသော မြေယာနှင့် များပြားသော လူဦးရေကြောင့် အာဖရိက၏ စိုက်ပျိုးရေး ခေတ်မီအောင် ပံ့ပိုးပေးခြင်းသည် အာဖရိက၏ စားနပ်ရိက္ခာဖူလုံရေးပြဿနာများကို ဖြေရှင်းရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခြင်းလည်းဖြစ်သည်။ထို့အတွက် တရုတ်က ထဲထဲဝင်ဝင်ဆောင်ရွက်နေကာ တရုတ်နိုင်ငံနှင့် အာဖရိကတို့ကြား စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုသည် ဆယ်စုနှစ်များစွာကြာနေပြီဖြစ်သည်။
 
တရုတ်နိုင်ငံမှ စိုက်ပျိုးရေး ခေတ်မီတိုးတက်ရေးတွင် နည်းပညာပံ့ပိုးမှုနှင့် ကျွမ်းကျင်မှုများ စဉ်ဆက်မပြတ် ပံ့ပိုးပေးခြင်းသည် အာဖရိကတိုက်၏ အစားအစာနှင့် အာဟာရဖူလုံရေး တော်လှန်ရေးကို ဆောင်ကြဉ်းပေးမည့် အလားအလာရှိနေသည်။စိုက်ပျိုးရေးတွင် သမ္မတ ရှီကျင့်ဖျင်၏ အဆိုအရ တရုတ်နိုင်ငံသည် အာဖရိကတွင် စပါးစိုက်ခင်းများချဲ့ထွင်ရန်၊ တရုတ်ကုမ္ပဏီများအား ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရန်နှင့် အာဖရိကနှင့် ၎င်း၏ စိုက်ပျိုးရေးကဏ္ဍ အသွင်ကူးပြောင်းရေးနှင့် အဆင့်မြှင့်တင်ရေးတွင် အာဖရိကမျိုးစေ့နှင့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ နယ်ပယ်များနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ကူညီပေးမည်ဖြစ်သည်။
 
အာဖရိကအတွက် ပင်ကိုယ်စွမ်းရည်များကို ပြုစုပျိုးထောင်ခြင်း အစပြုမှုသည် အခြားသော အစပျိုးမှုနှစ်ခုကိုလည်း ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်သည်။ပင်ကိုယ်စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုသည် မည်သည့်ဖွံ့ဖြိုးတိုးတက်မှုအစီအစဥ်အတွက်မဆို အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။
 
အာဖရိကသည် ကမ္ဘာပေါ်တွင် အသက်အငယ်ဆုံး လူဦးရေလွှမ်းခြုံထားကာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းဖြင့် အာဖရိကလူငယ်များကို အကျိုးပြုရုံသာမက အလုပ်အကိုင်အတွက် ၎င်းတို့၏ ကျွမ်းကျင်မှုများကို တိုက်ရိုက်တိုးမြင့်စေကာ အာဖရိက၏ အလုပ်အကိုင်ရရှိနှုန်းကို မြှင့်တင်ပေးပြီး လူမှုရေးကိုပါ တည်ငြိမ်မှုမြင့် တက်စေမည်ဖြစ်သည်။စွမ်းရည်မြှင့်တင်ရေး အစပျိုးမှုအရ တရုတ်နိုင်ငံသည် အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆွေးနွေးပွဲများတွင်ပါဝင်ရန် အာဖရိကနိုင်ငံများမှ အစိုးရအရာရှိများနှင့် နည်းပညာရှင် ၂၀,၀၀၀ ကို ဖိတ်ကြားမည်ဖြစ်သည်။ထို့အပြင် အာဖရိကတိုက်အတွက် နှစ်စဉ် တရုတ်ဘာသာစကားနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်း ကျင်မှုနှစ်မျိုးစလုံးဖြင့် နည်းပညာဆိုင်ရာ ဝန်ထမ်း ၁၀,၀၀၀၊ အသက်မွေးဝမ်းကျောင်း ကောလိပ်ကျောင်းအုပ်ကြီးနှင့် စွမ်းရည်မြင့် ဆရာ၊ ဆရာမ ၅၀၀ တို့ကို လေ့ကျင့်သင်ကြားပေးရန် စီစဉ်ထားသည်။
 
ရှီကျင့်ဖျင်က အစည်းအဝေးအတွင်း အာဖရိက ခေါင်းဆောင်များကို ပြောခဲ့သည့် မိန့်ခွန်းတွင် အာဖရိက တစ်ပြေးညီတိုးတက်ဖွံ့ဖြိုးရေး “ခေတ်မီတိုးတက်ရေးလုပ်ငန်းကို အတူလက်တွဲမြှင့်တင်၍ တရုတ်-အာဖရိကရဲ့ သာယာလှပသော အနာဂတ်ကို အတူတကွဖန်တီးရေး” ခေါင်းစဉ်ဖြင့် ပြောခဲ့သည်။
 
မိန့်ခွန်းတွင် ရှီက အာဖရိကတိုက်၏ ခေတ်မီတိုးတက်ရေးက ဘယ်လိုပုံစံလဲ၊ အနာဂတ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံကိုဘယ်လိုရေးဆွဲမလဲဆိုတာနဲ့ပတ်သက်ပြီး “တွေးခေါ်မှုစဉ်းစားမှု” ကို ပြောကြားခဲ့သည်။
 
ရှီက “တရုတ်အသွင်ပုံစံခေတ်မီမှု” ဟာ အနောက်တိုင်းရဲ့ ခေတ်မီမှုနဲ့ ကွဲပြားပြီး လူဦးရေ ၁.၄ ဘီလီယံရှိတဲ့ တရုတ်လူမျိုးတို့ အတူတကွချမ်းသာကြွယ်ဝတဲ့ ပမာဏကြီးမားတဲ့ ခေတ်မီမှုဖြစ်ကြောင်း၊ လူနဲ့ သဘာဝတရား သဟဇာတရှိစွာ အတူယှဉ်တွဲနေထိုင်တဲ့ ခေတ်မီမှုဖြစ်ကြောင်း၊ ရုပ်ပိုင်းဆိုင်ရာယဉ်ကျေးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုတို့ ညှိနှိုင်းပေါင်းစပ်တဲ့ ခေတ်မီမှုဖြစ်ကြောင်း ပြောခဲ့သည်။
 
အာဖရိကသမဂ္ဂက “၂၀၆၃ ခုနှစ် အစီအစဉ်” ဖြင့် အာဖရိကတိုးတက်ဖွံ့ဖြိုးရေးအတွက် အစီအစဉ်ရေးဆွဲခဲ့သည်။ထိုအစီအစဉ်မှာ ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်မှု၊ စည်ပင်ဝပြောမှု၊ ကိုယ်တိုင်အားကောင်းမှုတို့နဲ့ ပြည့်စုံတဲ့ အာဖရိကသစ်ကို တည်ဆောက်ရန်ဖြစ်သည်။ထို့အတွက် ရှီက ခေတ်မီတိုးတက်ရေးအတွက် လျှောက်လှမ်းတဲ့ လမ်းကြောင်းမှာ များပြားစုံလင်ကြောင်း၊ ဘယ်လိုဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းက အာဖရိကတိုက်နဲ့ အသင့်တော်ဆုံးလဲဆိုတာနဲ့ပတ်သက်ပြီး အာဖရိကပြည်သူတွေမှာ ထုတ်ဖော်ပြောဆိုခွင့်အရှိဆုံးဖြစ်ကြောင်း၊ တစ်ပြေးညီဖြစ်မှုကို မြှင့်တင်ခြင်းသည် အာဖရိကနိုင်ငံများနဲ့ ပြည်သူများ ကိုယ်ပိုင်ရွေးချယ်သည့် ခေတ်မီတိုးတက်ရေးလမ်းကြောင်းဖြစ်ကြောင်း၊ ထို့အတွက် တရုတ်နိုင်ငံက အမြဲတစေအခိုင်အမာထောက်ခံအားပေးကြောင်း ပြောခဲ့သည်။
 
ရှီက တရုတ်သည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးတစ်ခုဖြစ်ပြီး တရုတ်နှင့် အာဖရိကတို့သည် ခေတ်မီရေး ဖော်ဆောင်မှုလမ်းကြောင်းပေါ်တွင် အတူလျှောက်လှမ်းနေကြသည့် အပေါင်းအဖော်များဖြစ်လိုကြောင်း ပြောခဲ့သည်။
 
တရုတ်နှင့် အာဖရိကတိုက်နိုင်ငံများကြား ဆက်နွယ်ပါဝင်မှုသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း အတော်လေးများခဲ့သည်။တရုတ်သည် အာဖရိကတွင် ရထားလမ်း ကီလိုမီတာ ၆၀၀၀ ကျော်နှင့် ကားလမ်း ကီလိုမီတာ ၆၀၀၀ ကျော် ဖောက် လုပ်ရေးနှင့် အကြီးစား လျှပ်စစ်ဓာတ်အားပေး အဆောက်အအုံ ၈၀ ကျော် တည်ဆောက်ရေးတွင် ပါဝင်ခဲ့သည်။ထိုသည်က အာဖရိကတိုးတက်ဖွံ့ဖြိုးရေးတွင် တရုတ်၏အခန်းကဏ္ဍ မည်မျှကြီးမားနေသည်ကို ပြသနေပေသည်။
 
အာဖရိကနိုင်ငံများ၊ အခြားသော ထွန်းသစ်စဈေးကွက်နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ထိပ်သီးခေါင်းဆောင်များနှင့် BRICS နိုင်ငံများ တွေ့ဆုံရာတွင် တရုတ်သမ္မတက တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးဖွံ့ဖြိုးရေးနှင့် တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ထားရှိပြီးဖြစ်ကြောင်း၊ တရုတ်ငွေကြေးဌာနများသည် ဒေါ်လာ ၁၀ ဘီလီယံရှိသည့် သီးသန့်ရန်ပုံငွေကို ထုတ်ပေးတော့မည်ဖြစ်ပြီး တစ်ကမ္ဘာလုံးဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက် ဖော်ဆောင်ရေးအတွက် သီးသန့် အသုံးပြုမည်ဖြစ်ကြောင်း ပြောခဲ့သည်။
 
ရှီကျင့်ဖျင်က အာဖရိကခေါင်းဆောင်များအား အာဖရိက၏ စက်မှုထွန်းကားရေးနှင့် စိုက်ပျိုးရေးခေတ်မီအောင် ပံ့ပိုးကူညီရန် အစပျိုးမှုများကို စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း အာဖရိကခေါင်းဆောင်များအား အာမခံခဲ့သည်။
 
အစည်းအဝေးတွင် အိမ်ရှင် တောင်အာဖရိကသမ္မတ ရမ်ဖိုဆာက တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အာဖရိကတွင် ရင်းနှီးမြှုပ်နှံရန် ၎င်း၏ဆုံးဖြတ်ချက်ကိုလည်း ချီးကျူးခဲ့သည်။
 
ရှီက တရုတ်နှင့် အာဖရိကတို့သည် ၎င်းတို့၏ရိုးရာ ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ကာ စည်းလုံးညီညွတ်မှုနှင့် ပေါင်းစပ်ညှိနှိုင်းမှုကို တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်အားကောင်းစေမည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
 
တရုတ်နှင့် အာဖရိကတို့ကြား ပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကနိုင်ငံများအတွက် မြင်သာထင်သာရှိသော ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးခဲ့သည်။ဗြိတိန်အခြေစိုက် YouGov-Cambridge Globalism ပရောဂျက်၏ စစ်တမ်းတစ်ခုအရ တရုတ်နိုင်ငံသည် အနောက်တိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ကမ္ဘာပေါ်တွင် အပြုသ ဘောဆောင်သော သြဇာလွှမ်းမိုးမှုရှိကြောင်း အာဖရိကရှိလူများက ယုံကြည်ကြလေသည်။
 
လင်းသစ်အောင်