【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-ဥရောပ ကုန်ရထားများနှင့် အီးကောမာ့စ် ကုန်သွယ်ရေး

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်-ဥရောပ ကုန်ရထားများနှင့် အီးကောမာ့စ် ကုန်သွယ်ရေး

စပိန်နိုင်ငံ၊ မာလာဂါမှ ဂျူယန်ကားလို့စ်သည် တရုတ်နိုင်ငံလုပ် မျက်နှာကျက်မီးကို နယ်စပ်ဖြတ်ကျော် အီးကောမာ့စ် ပလက်ဖောင်း AliExpress မှ မှာယူသောအခါ  နောက်တစ်နေ့တွင် ထိုပစ္စည်းရောက်လာမည်ဟု စိတ်ကူးပင်မယဉ်ခဲ့ပေ။

“ကျနော်ထင်ထားတာထက် အရမ်းမြန်နေတယ်ဆိုတာ ဝန်ခံရမှာပဲ” ဟု သူတအံ့တသြပြောသည်။

ထိုမျက်နှာကျက်မီးသည် မက်ဒရစ်မှ Qxbox Technology Warehousing Ltd ၏ ကုန်လှောင်ရုံတစ်ခုမှ ရောက်လာခြင်းဖြစ်သောကြောင့် ထိုမျှမြန်ဆန်စွာ ရောက်လာခြင်းဖြစ်သည်။သို့သော် ထိုကုန်လှောင်ရုံမှ အခြားထုတ်ကုန်တစ်သိန်းကဲ့သို့ပင် ထိုပစ္စည်းသည် တရုတ်မှ မိုင် ၅ ထောင်ကျော်ခရီးကို ဖြတ်သန်းလာခဲ့သည်။

ကားလို့စ်နှင့် သူကဲ့သို့သော အခြားဥရောပသား သန်းပေါင်းများစွာအတွက် မြန်ဆန်လှသော ဈေးဝယ်အတွေ့အကြုံသည် လွန်စွာထိရောက်သည့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုမရှိလျှင် မဖြစ်နိုင်ပေ။

တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ် စမှတ်မှ ထွက်လာပြီးနောက် ထိုပစ္စည်းများသည် ပထမဆုံး ကုန်းလမ်းခရီးဖြင့် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ ရှန်ရှီပြည်နယ်မြို့တော်၊ ရှီအန်းမှ ဖြန့်ချိရေးအချက်အခြာသို့ ရောက်လာသည်။ထို့နောက် ၎င်းတို့သည် ချန်အန်း တရုတ်-ဥရောပ ရထားများဖြင့် စပိန်သို့ ဦးတည်သွားကြသည်။

“၂၀၁၇ ခုနှစ်မတိုင်ခင်က ကုန်ပစ္စည်းတွေကို သင်္ဘောနဲ့ပို့ရတာ ရက်ပေါင်း ၄၀ ကျော် ကြာတယ်။အခုကုန်ရထားဝန်ဆောင်မှုကြောင့် အဲဒီကြာချိန်ကို ထက်ဝက်မက လျှော့ချလိုက်ပြီ။ကုန်ကျစရိတ်လည်း သက်သာတယ်” ဟု Qxbox ဥက္ကဋ္ဌ မူကျင်းဝမ် ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ ထောင်ခန့် ဟန်မင်းဆက် (၂၀၂ ဘီစီမှ ၂၅ အေဒီ) က ကျန်းရှန်အမည်ရှိ တရုတ်အထူးသံတမန်တစ်ဦးသည် အနောက်ပိုင်းဒေသများသို့ စူးစမ်းလေ့လာရေးကို စတင်ပြီး နောင်တွင် ပိုးလမ်းဟုခေါ်သည့် ကုန်သွယ်ရေးလမ်းကြောင်း ဖွင့်ပေးခဲ့သည်။

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံသည် ခါးပတ်လမ်းအစီအစဉ် (BRI) ကို အဆိုပြုခဲ့သည်။ထိုအချိန်မှစတင်ပြီး တရုတ်-ဥရောပ ကုန်ရထားဝန်ဆောင်မှုကို စတင်ခဲ့ပြီး တရုတ်နိုင်ငံမြို့ကြီး ၁၀၈ မြို့နှင့် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ဥရောပမြို့ကြီး ၂၀၈ ခုအကြား ဆက်သွယ်ပေးသည့် ခေတ်သစ် သံမဏိယာဉ်တန်းဖြစ်လာသည်။

Qxbox သည် ပြည်တွင်းကုန်စည်ပို့သည့် ကုမ္ပဏီများနှင့် လုပ်ကိုင်ပြီး ကမ္ဘာတစ်ဝန်းတွင် ကုန်လှောင်ရုံ ၄ ခု ဆောက်ထားသည်။မက်ဒရစ်မှ ကုန်လှောင်ရုံသည် စတုရန်းမီတာ ၁၂၀၀၀ ကျယ်ပြီး တစ်နေ့လျှင် အမှာစာပေါင်း ၆၀၀၀ ကို ပျှမ်းမျှ ကိုင်တွယ်နေသည်။ဝယ်ယူသူများအနေဖြင့် ၎င်းတို့မှာသည့် ပစ္စည်းကို ၂ ရက်အတွင်း ရနိုင်သည်။

ထို့အပြင် Amazon နှင့် AliExpress ကဲ့သို့သော အီးကောမာ့စ်ပလက်ဖောင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်ပဖောက်သည်များကို ဝန်ဆောင်မှု၊ ပြည်တွင်းကုမ္ပဏီများကို ရောင်းပြီးနောက်ပိုင်း ပြုပြင်မှု၊ ပစ္စည်းပြန်လည်ရယူ လဲလှယ်ပေးမှုတို့ကို လုပ်ပေးသည်။
   
ကုန်ရထားဝန်ဆောင်မှု၏ ယှဉ်ပြိုင်နိုင်စွမ်း အားသာချက်မှာ ရေရှည်တည်တံ့ခြင်း၊ တည်ငြိမ်ခြင်းနှင့် လုံခြုံရေးဖြစ်ကြောင်း စပိန်မှ Qxbox ၏ လုပ်ငန်းခွဲမှ စီမံရေးဒါရိုက်တာ ဒိုင်ဂို စီမာဒီဗီလာ ပြောသည်။

တစ်ချိန်တည်းတွင် စပိန်ထုတ်ကုန်များသည်လည်း တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ပြီး မြန်လည်းမြန်သလို အကုန်အကျလည်း သက်သာသည်။

တရုတ်အကောက်ခွန်ဌာန (GAC) က ထုတ်ပြန်သည့် စာရင်းများအရ တရုတ်၏ နယ်စပ်ဖြတ်ကျော် အီးကောမာ့စ် ပို့ကုန်၊ သွင်းကုန်သည် ၂၀၂၂ ခုနှစ်တွင် ယွမ် ၂.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၉၅ သန်းခန့်) ရှိပြီး ၂၀၂၁ ခုနှစ်နှင့်ယှဉ်လျှင် ၇.၁ ရာခိုင်နှုန်း တိုးတက်လာသည်။

ချန်အန်း တရုတ်-ဥရောပ ကုန်ရထားများ စတင်ထွက်ခွာသည့် ရှီအန်း နိုင်ငံတကာကုန်သွယ်ရေး သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှုဇုန်သည် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများနှင့် သယ်ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအများအပြားကို ဆွဲဆောင်နေသည်။

ဂျော်ဂျီယာမှ အသက် ၂၃ နှစ်အရွယ် တိုက်ရိုက်လွှင့်ရောင်းချသူ တဂျန်နိုဗာဆယ်လီသည် ကင်မရာရှေ့တွင်ထိုင်ပြီး တောက်ပသော နားဆွဲများနှင့် လည်ဆွဲများကို ကြည့်ရှုသူများအား ပီသသော အင်္ဂလိပ်စကားဖြင့် ကြော်ငြာနေသည်။

“အကြိုက်ဆုံးဒီဇိုင်းကို ရွေးပြီးသွားရန် ငွေပေးချေဖို့ မောက်စ်ကို ကလစ်ဖို့ပဲ လိုတယ်။ပစ္စည်းကို အိမ်ကိုပို့ပေးမယ်။ ၁၄ ရက်အတွင်း ပြန်ပေးလို့ရတဲ့ မူဝါဒ အခွင့်အရေးလည်းရမယ်” ဟု သူပြောသည်။

ဆယ်လီ၏ ကုမ္ပဏီဖြစ်သော Weiju Fanxing Global Cross-border Live Broadcast Base ကို ရှီအန်း နိုင်ငံတကာကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲရေးဇုန်တွင် ယခုနှစ်အစောပိုင်းက တည်ထောင်ခဲ့သည်။ထိုလုပ်ငန်းတွင် ပြည်တွင်း၊ ပြည်ပ တိုက်ရိုက်ထုတ်လွှင့်ရောင်းချပေးသူ ၈၀ နီးပါးရှိပြီး တစ်ပတ်လျှင် တိုက်ရိုက်ထုတ်လွှင့်မှု ၅၀ ကျော်ပြုလုပ်ကာ ပြည်ပမှ ဖောက်သည်များသို့ ကုန်ပစ္စည်းများ ရောင်းချသည်။

“ဒီကုမ္ပဏီရဲ့ မိခင်လုပ်ငန်းက ရှန်ဟိုင်း၊ လန်ဒန်နဲ့ လော့စ်အိန်ဂျလိစ်မှာ ဌာနခွဲတွေ ဖွင့်ထားတယ်။ကျနော်တို့က ပြည်ပဈေးကွက်တွေကို ပိုမိုအာရုံစိုက်လာတာနဲ့ ချန်အန်း တရုတ်-ဥရောပ ကုန်ရထားဝန်ဆောင်မှုနဲ့အတူ ပြည့်စုံတဲ့ ကုန်စည်ဖြန့်ချိရေးဈေးကွက်နဲ့ တန်းဖိုနည်းတဲ့ နိုင်ငံတကာပို့ဆောင်ရေး ဝန်ဆောင်ရစေတဲ့အတွက် ကျနော်တို့က ရှီအန်းမှာ နယ်စပ်ဖြတ်ကျော် တိုက်ရိုက်လွှင့်ရောင်းဌာနကို တည်ထောင်လိုက်တာ” ဟု ကုမ္ပဏီတာဝန်ခံ ဝမ်ဖန်း ပြောသည်။

၂၀၂၂ ခုနှစ်တွင် ချန်အန်း တရုတ်-ဥရောပ ကုန်းရထားလမ်းတွင် ရထားခရီးစဉ်ပေါင်း ၄၆၃၉ ခု သွားလာခဲ့ပြီး ၎င်းတို့အနက် ၁၉၈ ခုမှာ နယ်စပ်ဖြတ်ကျော် အီးကောမာ့စ်လုပ်ငန်းများအတွက်ဖြစ်ပြီး နှစ်စဉ်တိုးတက်နှုန်း ၆၀ ရာခိုင်နှုန်းကျော်ရှိသည်။ထိုရထားလမ်းသည် မန်းဟိမ်း၊ ပရာ့ဂ်နှင့် မီလန်ကဲ့သို့ ဥရောပနှင့် အာရှမှ ကုန်ထုတ်လုပ်ရာ ဒေသများကို ဆက်သွယ်ထားပြီး နိုင်ငံတကာလမ်းကြောင်း ၁၇ ခုရှိသည်။

ဆယ်နှစ်ကျော်ကြာလာသောအခါ BRI သည် အပြန်အလှန်အကျိုးရှိသော အစီအစဉ်ဖြစ်လာပြီး နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု တိုးတက်စေသည်။ကာဇက်စတန်လုပ်ငန်းရှင် ဂျူမီကန်နိုဗာ အနီတာနှင့် သူ၏ခင်ပွန်း တရုတ်မှ ယွမ်ကောင်ဟွေးတို့သည် ထိုအချက်ကို အလေးအနက်ခံစားရသည်။

ကာဇက်စတန်နိုင်ငံ၊ ကာရာဂန်ဒါတွင် စတိုးဆိုင်ဖြင့် စတင်ခဲ့သော ၎င်းတို့ဇနီးမောင်နှံသည် Silkroad City Shop အမည်ရှိ နယ်စပ်ဖြတ်ကျော် အီးကောမာ့စ် ပလက်ဖောင်းကိုတွေ့ပြီးနောက် ကာဇက်စတန်၊ ဘီလာရုစ်နှင့် ရုရှားတွင် ကုန်လှောင်ရုံ ၆ ခု တည်ထောင်ပြီး တရုတ်မှ ကုန်စည်ပေးသွင်းသူ ၃၀၀ ကျော်နှင့် ကာဇက်ကုန်စည်အရောက်ပို့စခန်း ၂၀၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်နေသည်။

၎င်းတို့သည် ကုန်စည်များကို ကြော်ငြာရန် ကာဇက်စတန်မှ အွန်လိုင်းလွှမ်းမိုးနိုင်သူ ၂၀၀၀ နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

“မိုဘိုင်းဖုန်းကောက်ကိုင် ရိုက်ကူးပြီး ထုတ်ကုန်တွေအကြောင်း ဗီဒီယိုတွေကို မျှဝေလိုက်ရုံနဲ့ ကော်မရှင်ရမယ်။ဒေသခံလူငယ်တွေနဲ့ စီးပွားရေးလုပ်ငန်းသစ်တွေအတွက် အခွင့်အလမ်းရစေတယ်” လို့ အနီတာ ပြောသည်။

“BRI နဲ့ ချန်အန်း တရုတ်-ဥရောပ ကုန်ရထားဝန်ဆောင်မှုကနေ အကျိုးခံစားရလို့ ကျမတို့ ကံကောင်းတယ်။ လမ်းကြောင်းတစ်လျှောက်က ပိုမိုများပြားတဲ့ အကျိုးကျေးဇူးရစေမယ်လို့ မျှော်လင့်တယ်” ဟု အနီတာ ပြောသည်။

Linko
Ref - China Focus: 10 years on, China-Europe freight trains deliver booming e-commerce trade | Xinhua