【 နိုင်ငံတကာဆောင်းပါး 】 ဖွံ့ဖြိုးတိုးတက်ရေး အကျိုးအမြတ်များကို APEC နိုင်ငံများနှင့် တရုတ်မျှဝေ

【 နိုင်ငံတကာဆောင်းပါး 】 ဖွံ့ဖြိုးတိုးတက်ရေး အကျိုးအမြတ်များကို APEC နိုင်ငံများနှင့် တရုတ်မျှဝေ

ကျန်းစုပြည်နယ်၊ ကျင်ကျန်းဆိပ်ကမ်း၌ ဆောက်လုပ်နေသော ကုန်သွယ်သင်္ဘောများသည် တရုတ်နိုင်ငံ ပြည်တွင်းမှ ဝယ်ယူသူများအတွက်မဟုတ်ဘဲ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် အမေရိကန်အပါအဝင် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများထံသို့ တင်ပို့မည့် သင်္ဘောများဖြစ်သည်။

ထိုသင်္ဘောများကို ပို့ဆောင်ပေးရခြင်းက သင်္ဘောဖြင့် ကုန်ပို့သော ဝန်ဆောင်မှုအတွက် လိုအပ်ချက် မြင့်မားလာခြင်းကိုလည်း ပြသနေသည်။  

အာရှ-ပစိဖိတ်ဒေသအတွင်း၌ အပြန်အလှန်အကျိုးရရေးနှင့် စီးပွားရေးနှင့် နည်းပညာ ဖလှယ်ရေးတို့အတွက် တရုတ်၏ အခန်းကဏ္ဍက အရေးပါသည်ဟု အစိုးရတာဝန်ရှိသူများနှင့် ပညာရှင်များက သုံးသပ်ကြသည်။တရုတ်သည် အခြား အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများသို့ ထုတ်ကုန်များစွာ ထောက်ပံ့ပေးနေရုံသာမက ကုန်သွယ်မှုလွတ်လပ်ရေးအတွက်လည်း မမှိတ်မသုန် ကြိုးစားနေသော နိုင်ငံဖြစ်သည်။

ပြီးခဲ့သောနှစ်တွင် တရုတ်၏ အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများနှင့် ကုန်သွယ်မှုသည် နိုင်ငံ၏ စုစုပေါင်း ပို့ကုန်၊ သွင်းကုန် တန်ဖိုး၏ ၅၉.၇ ရာခိုင်နှုန်း ရှိခဲ့သည်။အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူခြင်းတွင် အရေးပါသောကြောင့် တရုတ်အနေဖြင့် ပစိဖိတ်ဖြတ်ကျော် မဟာမိတ်နှင့် ဒစ်ဂျစ်တယ်စီးပွားရေး မဟာမိတ်သဘောတူညီချက်အတွက် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဆောင်ရွက်မည်ဟု စီးပွားရေးဝန်ကြီးဌာနက ဆိုသည်။  

နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်ရေးဆိုင်ရာ တရုတ်ကောင်စီ နာယက ကျောက်ပင်းက အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများအပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးသဘောတူညီချက်များသည် လွတ်လပ်စွာ ကုန်သွယ်မှုနှင့် ဂလိုဘယ်လိုက်ဇေးရှင်း အောင်မြင်မှုများအတွက် အရေးပါသည်ဟု ဆိုသည်။

စင်ကာပူ စီးပွားရေးအဖွဲ့ချုပ်မှ စီအီးအို ကော့ပင်ဆွန်းကလည်း တရုတ်သည် စီးပွားရေးနှင့် နည်းပညာ အတူယှဉ်တွဲ ဖွံ့ဖြိုးမှုရှိပြီး တရုတ်နိုင်ငံများကို စင်ကာပူအထိ ချဲ့ထွင်ရန် ကြိုဆိုကြောင်း ဆိုသည်။  

များစွာသော အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခင်းအကျင်း၌ လွတ်လပ်စွာ ကုန်သွယ်မှုကို ရှာဖွေနေကြသူများဖြစ်သည်။တရုတ်နှင့် အမေရိကန်တို့မှ ဈေးကွက်စောင့်ကြည့်သူများက အပြန်အလှန် စီးပွားရေးနှင့် ကုန်သွယ်ရေး ဆက်ဆံမှုရှိခြင်းက နှစ်နိုင်ငံ၏ တိုးတက်မှုအပြင် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတည်ငြိမ်တိုးတက်ရေးအတွက် အထောက်အကူဖြစ်မည်ဟု သုံးသပ်ကြသည်။

နိုင်ငံတကာစီးပွားရေးဖလှယ်မှုဆိုင်ရာ တရုတ်စင်တာမှ စီးပွားရေးမှူးဖြစ်သူ ချန်ဝမ်လင်းက ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးနှစ်ခုအကြား တည်ငြိမ်သော စီးပွားရေးဆိုင်ရာ ဆက်ဆံမှုရှိခြင်းက ကမ္ဘာကြီးအား ကွဲပြားစေမည့် အခြေအနေများကို တန်ပြန်တိုက်ခိုက်နိုင်သည်ဟု ဆိုသည်။  

အာရှ-ပစိဖိတ်ဒေသအတွင်း ထောက်ပံ့ရေးကွင်းဆက် ပြန်လည်ချောမွေ့စေရန် အမေရိကန်၏ အားထုတ်မှုများသည် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ထောက်ပံ့ရေးကွင်းဆက်သည် ပိုမိုကြာမြင့် ရှုပ်ထွေးလာသောကြောင့် မျှော်လင့်ထားသည်နှင့် မကိုက် ဖြစ်နေသည်ကို တွေ့ရသည်။  

တရုတ်နှင့် အမေရိကန်တို့သည် ယခင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကြောင့် ကာလကြာရှည် အကျိုးရခဲ့ကြသည်ကို ကြည့်ပြီး အမေရိကန်ကုမ္ပဏီများကို တရုတ်သို့ ဖိတ်ခေါ်ကာ တရုတ်ကလည်း အမေရိကန်အထိ ဈေးကွက်ချဲ့ထွင်လိုကြောင်း အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ကရာ့ခ် အယ်လန်းက ဆိုသည်။  

အမေရိကန် ပဲပိစပ်တင်ပို့ရေးကောင်စီ ဒုဥက္ကဌ လန့်စ် ရီဇက်ခ်က တရုတ်နှင့် အမေရိကန်တို့အတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်ခြင်း အလားအလာရှိသည်ဟု ယုံကြည်ပြီး စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုတွင် တိုးတက်လာမည်ဟု ဆိုသည်။

အမေရိကန် စိုက်ပျိုးရေးဌာန၏ အချက်အလက်များအရ တရုတ်က အမေရိကန်မှ ပဲပိစပ် တင်သွင်းမှုသည် ၂၀၂၃ ခုနှစ်တွင် တန်ပေါင်း ၃၁.၅ သန်းအထိ ရောက်ရှိခဲ့ပြီး အမေရိကန်၏ စုစုပေါင်း ပဲပိစပ် တင်ပို့မှု၏ ၅၉ ရာခိုင်နှုန်းဖြစ်သည်။  

တရုတ်နိုင်ငံအတွင်း ဈေးကွက်ရှယ်ယာများ ပိုမိုရယူလိုသောကြောင့် ရှန်ဟိုင်း၌ ကျင်းပခဲ့သည့် ခြောက်ကြိမ်မြောက် နိုင်ငံတကာသွင်းကုန်ပြပွဲတွင် အမေရိကန်မှ နယ်ပယ်ပေါင်းစုံမှ ပါဝင်ပြသသူ ၂၀၀ ကျော်ရှိခဲ့သည်။ထိုပမာဏသည် ပြပွဲသမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးဖြစ်ကြောင်းလည်း သိရသည်။  

အမေရိကန် စက်မှုထုတ်ကုန်များ ထုတ်လုပ်သူတစ်ဦးဖြစ်သော အင်ဂါဆောရန်း ကုမ္ပဏီမှ အကြီးတန်း ဒုဥက္ကဋ္ဌဖြစ်သော အာနိုးလီက တရုတ်-အမေရိကန် စီးပွားရေးဆက်ဆံမှုက တရုတ်နိုင်ငံ၌ အမေရိကန်ကုမ္ပဏီများ ချဲ့ထွင်မှုအတွက် အရေးပါသည်ဟု ဆိုသည်။တရုတ်သည် တီထွင်ဆန်းသစ်မှုနှင့် ထုတ်ကုန်စွမ်းရည်များကို မြှင့်တင်နေသောကြောင့် ကုမ္ပဏီအနေဖြင့် တရုတ်၌ ချဲ့ထွင်ကာ ထုတ်ကုန်များ ထုတ်လုပ်ပြီး အာရှ-ပစိဖိတ် ဒေသများသို့ တင်ပို့လိုကြောင်း ပြောခဲ့သည်။

နယူးယောက်ရှိ ဇိမ်ခံပစ္စည်းများအဖွဲ့ ရုံးချုပ်ဖြစ်သော တိပ်စထရီ၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌကလည်း တရုတ်သည် ဈေးကွက်သက်သက်မဟုတ်ဘဲ အောင်မြင်မှုများနှင့် တီထွင်ဆန်းသစ်မှုများ၏ အရင်းအမြစ်ဖြစ်သောကြောင့် တရုတ်ဈေးကွက်ကို ချဲ့ထွင်ရန် စိတ်အားထက်သန်နေကြောင်း ဆိုသည်။ကုမ္ပဏီအနေဖြင့် ၂၀၂၅ ခုနှစ်အကုန်တွင် တရုတ်၌ ဆိုင်ပေါင်း ၆၀ ကျော် ထပ်မံဖွင့်လှစ်သွားရန် စီစဉ်နေကြောင်းလည်း သိရသည်။

ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ လက်ထောက်အထွေထွေအတွင်းရေးမှူးဟောင်းဖြစ် သော လွီကျန်မင်းက တရုတ်၏ တိုးတက်မှုများသည် ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုမဟုတ်ဘဲ အခွင့်အလမ်းများသာဖြစ်သည်ဟု ဆိုသည်။အနောက်နိုင်ငံများအနေဖြင့် တရုတ်ကို ပိုမိုနားလည်သင့်ပြီး နိုင်ငံတိုးတက်ရေးတွင် ပိုမိုကူညီပေးသင့်သည်ဟု လွီက ဆိုသည်။

တရုတ်စီးပွားရေးဝန်ကြီး ဝန်ဝမ်တောင်ကလည်း တရုတ်၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လမ်းကြောင်းသည် လူသားအားလုံးအတွက် ဘုံကြွယ်ဝရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်ကလည်း နိုင်ငံပေါင်းစုံမှ ကုမ္ပဏီများအား တရုတ်ဈေးကွက်ကို ချဲ့ထွင်ရန် ကြိုဆိုကြောင်း ပြောခဲ့သည်။  

စိုးနိုင်ထွန်း
Ref - China Daily | China shares development dividends with APEC economies