【 နိုင်ငံတကာဆောင်းပါး 】 ရင်းနှီးမြုပ်နှံဖို့ အမေရိကန်တားမြစ်ချက် အလုပ်ဖြစ်ပါ့မလား ?

【 နိုင်ငံတကာဆောင်းပါး 】 ရင်းနှီးမြုပ်နှံဖို့ အမေရိကန်တားမြစ်ချက် အလုပ်ဖြစ်ပါ့မလား ?

တရုတ်၏ စီးပွားရေးတစ်ဟုန်ထိုးဖွံ့ဖြိုးလာမှုများသည် တံခါးဖွင့်စီးပွားရေးမူဝါဒနှင့်အတူပေါ်ပေါက်လာသော စီးပွားရေးအထူးဇုန်များကြောင့်ဖြစ်သည်။
 
ထို့ကြောင့် တရုတ်၏ စီးပွားရေးဖွံ့ဖြိုးမှုသမိုင်းကို ပြောမည်ဆိုလျှင် တရုတ်အရှေ့ဘက်ကမ်းရိုးတန်းဒေသများမှ စီးပွားရေးဇုန်များအကြောင်း ချန်ထားလို့မရပေ။
 
ယခု ကိုဗစ်ကျန်းမာရေးကပ်ဘေးနှင့် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် တစ်ကမ္ဘာလုံး စီးပွားရေးထိခိုက်ကာ နာလန်ထူရန် ခက်ခဲနေချိန်တွင် တရုတ်ဘက်က လွတ်လပ်သော ကုန်သွယ်ရေးဇုန်များထူထောင်ရန် အစိုးရပိုင်းက အာရုံစိုက်တွန်းနေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။
 
ပြီးခဲ့သည့်နှစ်မှစကာ အမေရိကန်ဘက်က တရုတ်မှာ ရင်းနှီးမြုပ်နှံတဲ့ အမေရိကန်ကုမ္ပဏီတွေကို တရုတ်ကနေ နုတ်ထွက်စေသလို အမေရိကန်ရှိ တရုတ်ကုမ္ပဏီတွေကိုလည်း တင်းကျပ်ကန့်သတ်ခဲ့ပါတယ်။ဒီအတွက် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့အကြောင်းပြချက်ကို သုံးခဲ့ပါတယ်။ဒါပေမဲ့ အစိုးရခြင်း ထိပ်ပိုင်းမှာတော့ အမေရိကန်ဘက်က ဒီလို စီးပွားရေးဖြတ်တောက်ခြင်း၊ ဆက်ဆံရေးဖြတ်တောက်ခြင်းမဟုတ်ကြောင်း တွင်တွင်ငြင်းဆန်ခဲ့သလို မကြာသေးခင်က နှစ်နိုင်ငံစလုံး စီးပွားရေးနယ်ပယ်တွင် လုပ်ငန်းအဖွဲ့နှစ်ခု ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရသည်။ထိုသို့ဖွဲ့ခြင်းမှာ နှစ်နိုင်ငံခေါင်းဆောင်များ ဘာလီကျွန်းအစည်းအဝေးပြီးနောက် ရရှိခဲ့သော အရေးပါသည့် ဘုံသဘောတူညီချက်များမှတစ်ဆင့် ပေါ်ထွက်လာခြင်းဟုဆိုပြီး အဆိုပါ လုပ်ငန်းအဖွဲ့များသည် စီးပွားရေးနှင့် ငွေကြေးကဏ္ဍများအား လွှမ်းခြုံအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဆိုသည်။ရည်ရွယ်ချက်မှာ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအတွက် ဆက်သွယ်ရေးနှင့် ဖလှယ်မှုများ အားကောင်းလာစေရန်ဟု ဆိုထားသည်။
 
ကမ္ဘာ့စီးပွားရေးမှ တရုတ်ကိုထုတ်ပယ်ရန် အမေရိကန်က ကြိုးစားနေသလို တစ်ဖက်တွင်လည်း တရုတ်နှင့် အမေရိကန်ကြား စီးပွားရေးဆက်ဆံမှု ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပြနေရာ ထိုသို့ နှစ်မျိုးစလုံးလုပ်ဆောင်ခြင်းက ကမ္ဘာ့စီးပွားရေးကို မတည်မငြိမ်ဖြစ်စေသည်။တရုတ်၏ ဖွံ့ဖြိုးတိုးတက်လာမှုတွင် စီးပွားရေးနှင့် နည်းပညာက အရေးပါသည့် ထောက်တိုင်နှစ်ခုဖြစ်ရာ ထိုနှစ်ခုစလုံးကို ယခုနှစ်ပိုင်း အမေရိကန်ဘက်က တိုက်ခိုက်လာသည်ကို တွေ့ရသည်။သို့သော် တရုတ်စီးပွားရေးနှင့် နည်းပညာမှာ ကမ္ဘာနှင့်ယှက်နွယ်နေရာ ကမ္ဘာ့စီးပွားရေးပါ ကျွဲကူးရေပါဆိုသလို ထိခိုက်မှုရှိလာသည်။ထို့ကြောင့် အမေရိကန်အနေဖြင့် ချိန်ဆတိုက်ခိုက်နေသလားဆိုသည်မှာ ယူဆဖွယ်ရာဖြစ်သည်။  
 
အထူးသဖြင့် မြင်နေရသည့် ကမောက်ကမတစ်ခုမှာ အမေရိကန်က တရုတ်တွင် ရင်းနှီးမြုပ်နှံမှုမပြုရန် တားဆီးနေချိန်တွင် တရုတ်၌ အမေရိကန်နှင့် အနောက်ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှု မှန်မှန်တိုးတက်လာနေခြင်းဖြစ်သည်။ 
 
အနောက်တိုင်းမီဒီယာနှင့် အဖွဲ့အစည်းအချို့သည် တရုတ်နိုင်ငံနှင့် ဆက်နွယ်သော စီးပွားရေး ဆိုင်ရာ ကိန်းဂဏန်းများ ထုတ်ပြန်သည့်အခါတိုင်း၊ “ပျက်စီးလွယ်သော” တရုတ်စီးပွါးရေးနှင့်ပတ်သက်၍ စိတ်လှုပ်ရှားဖွယ်ခေါင်းကြီးပိုင်းများဖြင့် ဖော်ပြလေ့ရှိသည်။
 
ထင်ရှားသော အဖြစ်အပျက်တစ်ခုမှာ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုကုမ္ပဏီကြီး BlackRock သည် တရုတ်ဈေးကွက် မှ ၎င်း၏ “နုတ်ထွက်ခြင်း” နှင့်ပတ်သက်သည့် မီဒီယာသတင်းများကို မကြာသေးမီက ငြင်းဆိုခဲ့သည်။ BlackRock က  “တရုတ်ဈေးကွက်အတွက် ကျွန်တော်တို့ရဲ့ ကတိကဝတ်က တည်တည်ငြိမ်ငြိမ်ပါပဲ” ဟု ပြောကြားခဲ့သည်။
 
နော်ဝေ၏ အချုပ်အခြာအာဏာပိုင် ဓနရန်ပုံငွေအဖွဲ့သည် ၎င်း၏ ရင်းနှီးမြှုပ်နှံမှုများ “မပြောင်းလဲဘဲရှိနေသည်” ဟု ရှင်းလင်းပြောကြားခဲ့ပြီး တရုတ်နိုင်ငံတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဟု ပြောခဲ့သည်။
 
ဂျာမနီ၏ Bertelsmann ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီသည် မကြာမီတွင် တရုတ်စီးပွားရေးလုပ်ငန်းများတွင် ဒေါ်လာ သန်း ၇၀၀ ရင်းနှီးမြုပ်နှံရန် စီစဉ်ထားသည်။
 
ထိုသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ကမ္ဘာ့စီးပွားရေးလုပ်ငန်းစုများက ယုံကြည်မှုရှိနေခြင်းကို ပြနေသည်။ 
 
အမျိုးသားစာရင်းအင်းဗျူရို၏ အဆိုအရ တရုတ်နိုင်ငံ၏ တစ်ဦးချင်း GDP သည် ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၁၂,၇၄၁ ဖြစ်သည်။ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်အတွင်း တရုတ်နိုင်ငံသည် ကြီးမားသော စီးပွားရေးတိုးတက်မှုကို ရရှိခဲ့သော်လည်း ၎င်း၏တစ်ဦးချင်းအလိုက်၊ ဂျီဒီပီသည် အမေရိကန်၊ ဥရောပနှင့် အာရှ ဖွံ့ ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အတော်လေးနိမ့်ကျသောအဆင့်တွင် ရှိနေသေးသည်။
 
ဆိုလိုသည်မှာ တရုတ်စီးပွားရေးသည် အနာဂတ်တွင် အရှိန်အဟုန်မြင့်လာမည့် အလားအလာများစွာရှိနေခြင်းဖြစ်သည်။ထို့အပြင် တရုတ်နိုင်ငံ၏ အရင်းအနှီးဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်မှု၏ အစောပိုင်းအဆင့်တွင် ရှိနေသေးသည်။အထူးသဖြင့် တရုတ်တွင် ရင်းနှီးမြုပ်နှံခြင်းကြောင့် ပြန်ရနှုန်းသည် အမေရိကန် နှင့် ဥရောပတို့နှင့်မတူဘဲ ပြန်ရနှုန်းမြင့်မားခြင်းဖြစ်ပြီး ကုန်သွယ်မှုအခွင့်အလမ်းများ ပိုမိုရရှိသဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအများအပြားသည် တရုတ်ဈေးကွက်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
 
မကြာသေးမီက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူအချို့သည် နိုင်ငံရေးဖိအားကြောင့် တရုတ်အပါအဝင် အခြားနိုင်ငံများမှ အရင်းအနှီးကို ထုတ်ယူခဲ့သော်လည်း ထပ်တိုးလာသည့် ရင်းနှီးမြုနှံမှုထက်စာလျှင် အတော်လေးနည်းပါးသည်။ထို့ကြောင့် အမေရိကန်၏ တရုတ်တွင် ရင်းနှီးမြုပ်နှံမှုကို တားမြစ်ခြင်းသည် ရေရှည်တွင် အလုပ်ဖြစ်ပါ့မလားဆိုသည်ကို နိုင်ငံတကာစီးပွားရေးပညာရှင်များက တွက်ဆလာနေပြီဖြစ်သည်။
 
မကြာသေးမီက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များ တည်ဆောက်ရေးနှင့်ပတ်သက်၍ အရေးကြီးညွှန်ကြားချက်ကို ပြောကြားခဲ့သည်။ရှီက လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များ တည်ဆောက်ရေးသည် ခေတ်သစ်တွင် တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဆိုင်ရာ အရေးပါသော မဟာဗျူဟာမြောက်ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များသည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးနည်းလမ်းများစွာကို ရှာကြံဆောင်ရွက်ပြီး တီထွင်ဆန်းသစ်မှု အောင်မြင်မှုများရရှိခဲ့သဖြင့် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးဆိုင်ရာ အထွေထွေစမ်းသပ်ရေးပလက်ဖောင်းအခန်းကဏ္ဍတွင် ပါဝင်ခဲ့ကြကြောင်း၊ လမ်းခရီးသစ်တွင် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တည်ဆောက်မှုအတွေ့အကြုံများကို စုပေါင်းသုံးသပ်သည့်အခြေခံအပေါ် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များမြှင့်တင်ရေး မဟာဗျူဟာကို နက်နက်ရှိုင်းရှိုင်း အကောင်အထည်ဖော်ပြီး ဆက်လက်စူးစမ်းလေ့လာကာ အဆင့်ပိုမိုမြင့်မားသည့် လွတ်လပ်သော ကုန်သွယ်ရေးရှေ့ပြေးဇုန်များကို ကြိုးပမ်းတည်ဆောက်ရမည်ဟု တရုတ်ဒုဝန်ကြီးချုပ် ဟိုလိဖုန်းမှတစ်ဆင့် ပြောခဲ့သည်။
 
တရုတ်၏ စီးပွားရေးပတ်ဝန်းကျင်ကို အနီးကပ်ကြည့်ရှုပါက အစိုးရ၏ စွက်ဖက်မှုနှင့် ထိန်းချုပ်မှုအပေါ် ဖြည်းဖြည်းချင်းဖြေလျှော့မှုနှင့် ပြုပြင်ပြောင်းလဲမှုကို မြင်ရမည်ဖြစ်သည်။ယခုဆယ်စုနှစ်ကျော်အတွင်း၌ ထင်သာမြင်သာသည်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးတွင် အံဖွယ်တိုးတက်မှုသည် အစိုးရ၏ ထိန်းချုပ်မှု တိုးမြှင့်ခြင်းထက် စွန့်ဦးတီထွင်မှုနှင့် တဖြည်းဖြည်းဖြေလျှော့မှုများကြောင့် သိသိသာသာပိုများနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ထိုသည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ လိုလားသည့် အခင်းအကျင်းဖြစ်သလို အမေရိကန်အပါအဝင် အနောက်နိုင်ငံများ၏ ထင်မြင်ချက်နှင့် ပြောင်းပြန်ဖြစ်နေခြင်းလည်းဖြစ်သည်။
 
တရုတ်ဘက်က ကမ္ဘာအရပ်ရပ်မှ ရင်းနှီးမြုပ်နှံမှုများကို ကြိုဆိုနေသည်။မကြာမီက တရုတ်ဒု-သမ္မတ ဟန် ကျိန့်နှင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ဟင်နရီ ပေါ်လ်ဆင်တို့ ပေကျင်း၌တွေ့ရာတွင် တရုတ်နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံကာ စီးပွားရေးလုပ်ဆောင်၍ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများကို မျှဝေခံစားရန် ကြိုဆိုကြောင်း တရုတ်ဘက်က ပြောခဲ့သည်ကို တွေ့ရသည်။
 
ဟန်က တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် ဆန်းပိုင်းမှစ၍ ယေဘူယျအားဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးတည်ဆောက်မှုပုံစံများကို ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒ နက်ရှိုင်းမှုရှိစေရန်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု ရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။ 
 
ပေါ်လ်ဆင်ကလည်း တရုတ်နိုင်ငံ၏ စီးပွားရေး တိုးတက်မှုအလားအလာကို ယုံကြည်မှုရှိ ကြောင်း ပြောခဲ့သည်။
 
တရုတ်ဘက်က ကမ္ဘာ့ရင်းနှီးမြုပ်နှံသူများအတွက် ရေခံမြေခံကောင်းဖြစ်အောင် ဆက်တိုက်လုပ် ဆောင်နေရာ တရုတ်နိုင်ငံမှာ ရင်းနှီးမြုပ်နှံသူများအတွက် သေချာသည့် ရွေးချယ်စရာတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပေသည်။ယခုအခါ တရုတ်နိုင်ငံတွင် လွတ်လပ်သောကုန်သွယ်ရေးဇုန် ၂၁ ခုနှင့် ဟိုင်နန် လွတ်လပ်သောကုန်သွယ်ရေးဆိပ်ကမ်းရှိလာပြီဖြစ်သည်။ထို့ပြင် ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကန့်သတ်စာရင်းများကို တရုတ်က ၈၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ရာ လယ်ယာစိုက်ပျိုးရေးတွင်မူ မျိုးစေ့ကဏ္ဍ၌သာ ကန့်သတ်မှုများ ဆက်လက်ကျန်ရှိတော့သည်။
 
ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင်လည်း ပြည်ပထိန်းချုပ်မှု (သို့မဟုတ်) နိုင်ငံခြားပိုင်စီးပွားရေးလုပ်ငန်းများကို ပိုမိုအားပေးသွားမည်ဟုဆိုရာ တရုတ်တွင် ရင်းနှီးမြုပ်နှံမှုကို တားမြစ်မည့် အမေရိကန်၏ တားမြစ်မှုမှာ ရေရှည်တွင် စိန်ခေါ်မှုကြီးကြီးမားမားရင်ဆိုင်ရဖို့ရှိမည်ဖြစ်သည်။
 
လင်းသစ်အောင်