【 နိုင်ငံတကာဆောင်းပါး 】 ရင်းနှီးမြုပ်နှံရန်ကောင်းသော နေရာအဖြစ် တရုတ်ရှိနေဆဲ

【 နိုင်ငံတကာဆောင်းပါး 】 ရင်းနှီးမြုပ်နှံရန်ကောင်းသော နေရာအဖြစ် တရုတ်ရှိနေဆဲ

၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းသစ် ၄၁,၉၄၇ ခုကို တည်ထောင်ခဲ့ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) တွင် ၃၂ ရာခိုင်နှုန်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုအခြေအနေသည် အမေရိကန်နှင့် ဂျပန်ကဲ့သို့ စီးပွားရေးအင်အားကြီးနိုင်ငံများ၏ FDI ဝင်ရောက်မှု၊ လုပ်ငန်းသစ်ထူထောင်မှုအခြေအနေနှင့် နှိုင်းယှဉ်ကြည့်ပါက အများကြီးကောင်းနေသည်ကို တွေ့ရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် ယခုနှစ်အစပိုင်းမှစပြီး နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ရာ ယခုအခါ ၎င်း၏အားသာချက်များကို ပြသနေပြီဖြစ်ပြီး ရင်းနှီးသော စီးပွားရေးပတ်ဝန်းကျင်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အချက်အချာနေရာတစ်ခု ဆက်၍ဖြစ်တည်နေသည်ကို မြင်ရမည်ဖြစ်သည်။

ထိုကိန်းဂဏန်းအချက်အလက်များသည် ကိုဗစ်ကာလနှင့် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်စီးပွားရေးအပေါ် ပုံဖျက်မှုများ မအောင်မြင်ခဲ့သည်ကို ပြသနေခဲ့သည်။

အကယ်၍ တရုတ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ နောက်ဆုံးသတင်းများ (သို့မဟုတ်) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများအခြေအနေကို အနောက်မီဒီယာများ၏ ဝက်ဘ်ဆိုဒ်များတွင် ဖတ်ရှုပါက တရုတ်နိုင်ငံ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်မှု (သို့မဟုတ်) နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများနှင့်ပတ်သက်၍ အဆင်မပြေသည့် သတင်းများကိုသာ သင်ရှာဖွေတွေ့ရှိမည်ဖြစ်သည်။ထိုသည်နှင့် ယခုအခြေအနေမှာ ကွဲပြားနေပြီး ပကတိအရှိတရားနှင့် ကင်းဝေးနေသည်ဟု အချက်အလက်များနှင့် လက်တွေလုပ်ကိုင်နေသူများက ဆိုလိမ့်မည်။

တရုတ်နိုင်ငံကို ဦးဆောင်နေသည့် CPC ပါတီ၊ ဗဟိုကော်မတီက နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု တည်ငြိမ်စေရန် အစီအမံများစွာကို စတင်ကျင့်သုံးသောအခါ တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေသည် ၂၀၂၃ ခုနှစ်အစမှ စတင်ကာ စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်လာခဲ့သည်။ယင်းအစီအမံများကြောင့် တရုတ်နိုင်ငံတွင် ရင်းနှီးမြုပ်နှံရန် နိုင်ငံခြားငွေကြေးထောက်ပံ့သည့် ကုမ္ပဏီအများအပြား တိုးလာခဲ့သည်။တရုတ်နိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းကိုကြည့်လျှင် ထိုကုမ္ပဏီများသည် တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရန်အတွက် မည်မျှလျင်မြန်စွာ မျှော်မှန်းထားသည်ကို ဖော်ပြနေသည်။

တစ်ဖက်မှကြည့်လျှင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေချိန် တရုတ်နိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အားတက်စရာဖြစ်သည်။ယခုနှစ် ၁၀ လအတွင်း တရုတ်နိုင်ငံသို့ FDI ဝင်ရောက်မှုကိုကြည့်လျှင် ကနေဒါမှ ၁၁၀.၃ ရာခိုင်နှုန်း၊ ဗြိတိန်မှ ၉၄.၆ ရာခိုင်နှုန်း၊ ပြင်သစ်မှ  ၉၀ ရာခိုင်နှုန်း၊ ဆွစ်ဇာလန် ၆၆.၁ ရာခိုင်နှုန်းနှင့် နယ်သာလန်တို့မှ ၃၃ ရာခိုင်နှုန်း အသီးသီးတိုးတက်လာခဲ့သည်။

ထိုသည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိုးရိမ်ပူပန်မှုများကို ပြေလျော့စေခဲ့သည့် ပေကျင်း၏ အချက် ၂၄ ချက်ပါသော မဟာဗျူဟာစာတမ်း ထုတ်ပြန်နိုင်ခြင်း၏ သက်ရောက်မှုကြောင့်ဖြစ်သည်။တရုတ်စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေရေးအတွက် တစ်စိုက်မတ်မတ် အာရုံစိုက်ကြိုးပမ်းနေရာ  ပြီးခဲ့သောသီတင်းပတ်အတွင်းကပင် လာမည့်နှစ်အတွက် အဓိကစီးပွားရေးလုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဗဟိုစီးပွားရေးလုပ်ငန်းညီလာခံကို ပေကျင်းတွင် ကျင်းပခဲ့သည်။

ကုန်လွန်တော့မည့် ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် နိုင်ငံ၏စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ခြင်း၊ တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန် ကုန်စည်ပြပွဲကဲ့သို့ ကုန်စည်ပြပွဲများကျင်းပခြင်း၊ တံခါးဖွင့်မှုကို မြင့်မားသောအဆင့်ဖြင့် ဖွင့်လှစ်ခြင်းနှင့် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်း၊ လွတ်လပ်သော ကုန်သွယ်မှုဇုန်များ၏ အရည်အသွေးကို မြှင့်တင်ခြင်း၊ နိုင်ငံခြားကုန်သွယ်မှုနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု အလုံးစုံစွမ်းဆောင်ရည်ကို တိုးတက်စေခြင်း၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် အန္တရာယ်များကို လျော့ပါးစေပြီး အနုတ်လက္ခဏာစာရင်းကို လျှော့ချခြင်းများကြောင့် တရုတ်နိုင်ငံသည် နိုင်ငံတကာကုမ္ပဏီများအတွက် လုပ်ငန်းလည်ပတ်ရန် ကောင်းမွန်သော နေရာတစ်ခုဟု ယုံကြည်စိတ်ချလာစေခြင်းဖြစ်သည်။

ထိုသည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် ခိုင်မာသော အာမခံချက်နှင့် သေချာသောအကျိုးအမြတ်ရရှိမည်ဟု ယုံကြည်စိတ်ကိုဖြစ်စေပြီး တရုတ်နိုင်ငံ၏ တံခါးဖွင့်သည်မူဝါဒကို ဆက်လက်တိုးမြှင့်ဖွင့်လှစ်မည်ဟု အာမခံခြင်းနှင့် တစ်ဦးချင်း GDP ဒေါ်လာ ၁၂၀၀၀ ကျော်နှင့် အလယ်အလတ် ဝင်ငွေ သန်း ၄၀၀ ကျော်ရှိသော အုပ်စုရှိသည့် ကြီးမားပြီး အလားအလာရှိသော တရုတ်ပြည်တွင်းဈေးကွက်က ပြည်ပရင်းနှီးမြုပ်နှံသူများကို ဆွဲဆောင်နေသည်။    တရုတ်နိုင်ငံသည် ကုလသမဂ္ဂစာရင်းဝင် စက်မှုအမျိုးအစားအားလုံးကို ပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး  စက်မှုလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေသော ပတ်ဝန်းကျင်ကို ထူထောင်ထားခြင်းကြောင့် ပြီးခဲ့သည့်နှစ်အတွင်း  စက်မှုကဏ္ဍသို့ဝင်ရောက်သော နိုင်ငံခြားရင်းနှီးငွေမှာ တရုတ်ယွမ်ငွေ ၂၈၃.၄၄ ဘီလီယံရှိခဲ့သည်။ထိုသည်မှာ ယခင်နှစ်ထက် ၁.၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ခြင်းဖြစ်သည်။ထို့ပြင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း ထူးထူးကဲကဲ တိုးတက်ဖွံ့ဖြိုးလာခဲ့ရာ နိုင်ငံစုံကော်ပိုရေးရှင်းများ အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွင် ၎င်းတို့၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသုံးစရိတ်များကို တိုးမြှင့်ခဲ့ကြပြီး  တရုတ်နိုင်ငံကလည်း နိုင်ငံတကာကုမ္ပဏီများနှင့် ပူးပေါင်း၍ သုတေသနလုပ်ငန်းများကို ထူထောင်ခဲ့သည်။လက်ရှိတွင် အာရှ၌ ရင်းနှီးမြှုပ်နှံမှု အများဆုံးလက်ခံရရှိသည့် နိုင်ငံသည် တရုတ်နိုင်ငံဖြစ်ပြီး FDI စီးဆင်းမှုတွင်လည်း ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် နိုင်ငံဖြစ်နေသည်။ထို့ကြောင့် တရုတ်နိုင်ငံ၏ အဓိကရင်းနှီးမြှုပ်နှံသူများသည် ကျယ်ပြန့်စွာတည်ငြိမ်နေခဲ့ခြင်းဖြစ်သည်။

UNCTAD မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာတွင် တရုတ်နိုင်ငံသို့ FDI ဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၁၄၉.၃၄ ဘီလီယံအထိရှိလာပြီး ၂၀၂၀ ခုနှစ်ထက် ၅.၇၄ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄၁.၂၂ ဘီလီယံနှင့် ၂၀၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၀.၉၅ ဘီလီယံထက် များစွာတိုးလာနေသည်ကို မြင်ရမည်ဖြစ်သည်။

အမေရိကန်ဦးဆောင်သော အနောက်ကမ္ဘာနှင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ တင်းမာမှုများ၊ တရုတ်နိုင်ငံသို့ နည်းပညာလွှဲပြောင်းမှုအပေါ် နိုင်ငံခြားကန့်သတ်ချက်များ ဆက်တိုက်ရှိနေသော်လည်း နိုင်ငံတကာစာရင်းဝင်ထားသော ပြည်မတရုတ်ရှယ်ယာများနှင့် တရုတ်အစိုးရငွေချေးစာချုပ်များအတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုနှင့် အစုစုရင်းနှီးမြုပ်နှံမှုပမာဏမှာ စံချိန်တင်ဝင်ရောက်ရန် ဆက်လက်ဆွဲဆောင်နေလျက်ရှိသည်။

ရင်းနှီးမြုပ်နှံမှုတွင် အာဆီယံနိုင်ငံများမှ စီးဝင်မှုတိုးလာသည်နှင့်အမျှ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုများ ဆက်လက်တိုးလာသည်။ထိုထဲတွင် စင်ကာပူ၊ ဗာဂျင်းကျွန်းစု၊ တောင်ကိုရီးယား၊ ကေမန်ကျွန်းစု၊ ဂျပန်၊ ဂျာမနီနှင့် အမေရိကန်တို့သည် အဓိကရင်းနှီးမြှုပ်နှံသူများအဖြစ် ဆက်ရှိနေခြင်းကိုကြည့်လျှင် တရုတ်စီးပွားရေးအပေါ် နိုင်ငံတကာက မည်မျှယုံကြည်နေသည်ကို မြင်နိုင်ပေသည်။

ရင်းနှီးမြှုပ်နှံမှုများသည် တရုတ်၏ ကုန်ထုတ်လုပ်ငန်း၊ အိမ်ခြံမြေ၊ အငှားလုပ်ငန်းနှင့် ဝန်ဆောင်မှုများ၊ ကွန်ပျူတာဝန်ဆောင်မှုများ၊ လက်လီလက်ကားရောင်းဝယ်ရေး၊ ဘဏ္ဍာရေးကြားခံ၊ သိပ္ပံနည်းကျ သုတေသန၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးတို့ကို ဦးတည်နေသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံတွင် နိုင်ငံခြားသားများ စီးပွားရေးလုပ်ရန် ပိုမိုလွယ်ကူစေမည်ဟု ကတိပြုခဲ့ရာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက် စိတ်ချရသော နေရာအဖြစ် တရုတ်နိုင်ငံမှာ သေချာစေခဲ့သည်။

လင်းသစ်အောင်