【 နိုင်ငံတကာဆောင်းပါး 】 အင်ဒိုချိုင်းနား မြန်နှုန်းမြင့် ရထားလမ်းများ

【 နိုင်ငံတကာဆောင်းပါး 】 အင်ဒိုချိုင်းနား မြန်နှုန်းမြင့် ရထားလမ်းများ

မကြာသေးမီက အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်ရှိ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်နှင့် စတုတ္ထအကြီးဆုံးမြို့တော် ဘန်ဒေါင်းကို ချိတ်ဆက်ထားသည့် ၁၄၂ ကီလိုမီတာ အရှည်ရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလမ်း ပြေးဆွဲမှုသည် BRI ကြွေးမြီထောင်ချောက်ဆိုသည့် စကားလုံးဖြင့် ချုပ်မိနေသည့် အင်ဒိုချိုင်းနား ဒေသကို လှုပ်နိုးစေခဲ့ကာ BRI စီမံကိန်းများကို ပြန်လည်စိတ်ဝင်စားမှု ဖြစ်လာစေခဲ့သည်။
 
မြို့နှစ်မြို့ကြား ခရီးသွားချိန်ကို သုံးနာရီကျော်မှ မိနစ် ၄၀ သာ ကြာတော့သည်အထိ ကြာချိန်လျှော့ချစေခဲ့သည့် ယင်းရထားလမ်းသည့် အ ခြေခံအဆောက်အဦ ဖွံ့ဖြိုးမှု နည်းပါးသည့် အင်ဒိုချိုင်းနားဒေသအတွက် BRI ဒုတိယမြောက် ဆွဲဆောင်မှုဖြစ်သည်။
 
ပထမဆွဲဆောင်မှုမှာ လာအိုမြို့တော်၊ ဗီယင်ကျန်းမြို့မှ ယူနန်ပြည်နယ်မြို့တော်၊ ကူမင်းနှင့် လာအိုမြို့တော်ကို ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁၀၃၅ ရှည်လျားသည့် တရုတ်-လာအို မီးရထားလမ်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ခရီးသည် ၁၉ သန်းနှင့် ကုန်စည်တန်ချိန် ၂၄ သန်းကို နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှုဖြင့် နိုင်ငံနှင့် ဒေသ ၁၀ ခုကျော်ကို ပို့ဆောင်ပေးခဲ့သည်။ 
 
မြန်နှုန်းမြင့် ရထားလမ်းသည် ကုန်းတွင်းပိတ် အင်ဒိုချိုင်းနားတစ်နိုင်ငံဖြစ်သော လာအိုနိုင်ငံကို တရုတ်-အင်ဒိုချိုင်းနားဒေသ ကုန်စည်ပို့ဆောင်ရာ ဗဟိုချက်အဖြစ် ပြောင်းလဲစေခဲ့ပြီး ကမ္ဘာ့လှည့်ခရီးသွားများအတွက် ဆွဲဆောင်စရာ ခရီးစဉ်တစ်ခုအဖြစ် ဖြစ်စေခဲ့သည်။
 
ဒုတိယဆွဲဆောင်မှုဖြစ်သည့် ၁၄၂ ကီလိုမီတာ အရှည်ရှိ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် မီးရထားလမ်းသည် တရုတ်နိုင်ငံ၏ ရထား လမ်းစနစ်များ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းသုံး အစိတ်အပိုင်းများကို အပြည့်အဝအသုံးပြုရန် ပထမဆုံး ပြည်ပ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းဖြစ်ပြီး အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှတွင် ပထမဆုံး မြန်နှုန်းမြင့် ရထားလမ်းလည်းဖြစ်သည်။
 
ယခုရထားလမ်းသည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ၂၀၁၃ ခုနှစ်က စတင်အဆိုပြုခဲ့သည့် Belt and Road Initiative (BRI) မှတစ်ဆင့် ရရှိခဲ့သည့် ထင်ရှားသော ပရောဂျက်တစ်ခုအဖြစ် ယခုအခါ ရပ်တည်နေပြီဖြစ်သည်။ BRI သည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုတည်း မဟုတ်ဘဲ ကမ္ဘာ့နှင့်အဝန်း ချိတ်ဆက်ဆောင် ရွက်မှု ဖြစ်လာပြီဖြစ်သည်။
 
ထိုထဲတွင် ထင်ရှားသည်မှာ တရုတ်နိုင်ငံ တည်ရှိရာ အာရှတိုက်ကြီး၏ ဖွံ့ဖြိုးတိုးတက်မှုဖြစ်သည်။ BRI နှင့်အတူ တရုတ်နိုင်ငံသည် တိုက်ကြီးတစ်ဝန်းရှိ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ နိုင်ငံများအတွက် ၎င်းတို့၏ ကုန်သွယ်မှုကွန်ရက်များ မြှင့်တင်ရန်နှင့် ၎င်းတို့၏ စီးပွားရေးအလားအလာများကို ချဲ့ထွင်ရန် အခွင့်အလမ်းကို ပေးဆောင်ခဲ့သည်။ရှီ၏ ခေတ်သစ်ပိုးလမ်းမ အကြံဉာဏ်သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုသာမက ကမ္ဘာကြီး၏ ခေတ်မီတိုးတက်ရေးကိုပါ ပံ့ပိုးပေးသည့် ကမ္ဘာ့ကောင်းကျိုးတစ်ရပ် ဖြစ်လာနေသည်။
 
အင်ဒိုချိုင်းနားဒေသတွင် BRI အစီအစဉ်ဖြင့် နန်နင်း-စင်ကာပူ စီးပွားရေးစင်္ကြံ (သို့မဟုတ်) တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံ (CICPEC) ဖော်ဆောင်ရန် ရည်မှန်းထားသည်။ယင်းမှာ BRI ၏ မျှော်မှန်းထားသည့် အဓိကစင်္ကြံခြောက်ခုအနက်မှ တစ်ခုဖြစ်ပြီး အရှေ့တောင်အာရှရှိ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ မဖွံ့ ဖြိုးသေးသော အနောက်တောင်ဒေသ (ယူနန်၊ ကွမ်ရှီး) တို့ကြား စီးပွားရေးချိတ်ဆက်မှုကို နက်ရှိုင်းစေရန်ဖြစ် သည်။
 
အဆိုပါအစီအစဉ်သည် နယ်စပ်ဖြတ်ကျော် ရထားလမ်းနှင့် လမ်းအခြေခံအဆောက်အအုံ ပရောဂျက်များ ဆောက်လုပ်ခြင်း၊ အကောက်ခွန် လုပ်ထုံးလုပ်နည်းများ ချောမွေ့စေရေးနှင့် စည်းမျဥ်းစည်းကမ်းများကို ခေတ်နှင့်အညီ ချောမွေ့စေရန် ဆောင်ရွက်ပေးခြင်းဖြင့် ထိုသို့ဆောင်ရွက်နိုင်ရန် မျှော်လင့်ထားကြောင်း ဆိုသည်။
 
ထိုစီးပွားရေးစင်္ကြံကို ၂၀၁၀ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သော အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုနယ်မြေပေါ်တွင် အခြေခံထားသည်။ထိုစင်္ကြံအတွက် အဓိကအားဖြင့် ဒေသတွင်းကို မြန်နှုန်းမြင့် ရထား လမ်းများဖြင့် ချိတ်ဆက်ကာ အစီအစဉ်များကို အဓိကထား ဆောင်ရွက်မည်ဖြစ်သည်။ထို့အတွက် ထိုစီးပွားရေးစင်္ကြံကို ပန်အာရှ (Pan-Asia) မီးရထားလမ်းကွန်ရက်အဖြစ် သိထားကြသည်။
 
Pan-Asia မီးရထားကွန်ရက်ကို ဖြစ်နိုင်ခြေလမ်းကြောင်း သုံးခုအဖြစ် မျှော်မှန်းထားပြီး တရုတ်၏ ကူမင်းနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တို့က ဗဟိုအချက်အချာကျသည့် နေရာနှစ်ခုအဖြစ် ဆောင်ရွက်ပေးသည်။
 
ပထမ လမ်းကြောင်းမှာ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားကိုဖြတ်မည့် အရှေ့လမ်းကြောင်းဖြစ်ကာ မြန်မာနိုင်ငံကိုဖြတ်၍ အနောက်ဘက်လမ်းကြောင်း၊ လာအိုနှင့် ထိုင်းကိုဖြတ်၍ အလယ်ဗဟိုလမ်းကြောင်းသည် တောင်ဘက် မလေးရှားမှတစ်ဆင့် စင်ကာပူသို့ ဖြတ်သန်းဖောက်လုပ်မည်ဖြစ်သည်။ဤဖြစ်နိုင်ခြေရှိသော လမ်းကြောင်းသုံးခုအနက်၊ မကြာသေးမီနှစ်များအတွင်း အထင်ရှားဆုံး တိုးတက်မှုကို မြင်တွေ့ခဲ့ရသည့် ဗဟိုလမ်းကြောင်းဖြစ်သည်။ထိုဗဟိုလမ်းကြောင်းမှာ (ကူမင်း-ဗီယန်ကျင်း-ဘန်ကောက်-ကွာလာလမ်ပူ-စင်ကာပူ) ဖြစ်ပြီး အင်ဒိုနီးရှားအထိ ဆက်ဖွယ်ဖြစ်လာသည်။ယခုအခါ ကူမင်း-ဗီယန်ကျင်း လမ်းကြောင်းမှာ ပြီးစီးပြေးဆွဲနေပြီး ဗီယန်ကျင်း-ဘန်ကောက်မှာ အတော်ခရီးရောက်နေပြီဖြစ်သည်။
 
ကွာလာလမ်ပူ-ဘန်ကောက် ရထားလမ်းမှာ ကူမင်း-စင်ကာပူ မီးရထားလမ်း၏ အပိုင်းတစ်ခုဖြစ်ပြီး အစောပိုင်းက ထိုင်းနှင့် မလေးရှားကြား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ထိုအပိုင်းသည် မဖွံ့ဖြိုးသေးသော ကျေးလက်ဒေသများမှတစ်ဆင့် အလွန်ရှည်လျားသော အကွာအဝေးကို ဖြတ်သန်းရမည်ဖြစ်ရာ အခက်အခဲများရှိနေသည်။
 
ကွာလာလမ်ပူ-စင်္ကာပူ မြန်နှုန်းမြင့်ရထား (HSR) သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမှ စင်ကာပူပူသို့ အမြန်ရထားလိုင်းဖြင့် ချိတ်ဆက်ရန် အဆိုပြုထားသော ရထားလမ်းစီမံကိန်းတစ်ခုဖြစ်ပြီး ပူးတွဲစီမံကိန်းအဖြစ် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရားဝင်သဘောတူခဲ့ကာ မူလက ၂၀၂၆ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်မှန်းခဲ့သည်။အဆိုပြုထားသည့် HSR လိုင်းသည် ကီလိုမီတာ ၃၅၀ ရှည်လျားပြီး ကွာလာလမ်ပူနှင့် စင်ကာပူအကြား ခရီးသွားချိန်ကို မိနစ် ၉၀ အထိ လျှော့ချရန် မျှော်လင့်ထားသည်။၎င်းသည် ကွာလာလမ်ပူရှိ Bandar Malaysia မှ စတင်ကာ စင်ကာပူနိုင်ငံ၊ ဂျူရောင်းအရှေ့ဘက်သို့ လမ်းကြောင်းအတိုင်း မလေးရှားအနောက်ဘက်ကမ်းရိုးတန်းတစ်လျှောက် မလက္ကာနှင့် ဆရီဘန်ကဲ့သို့သော အခြားမြို့များနှင့် ချိတ်ဆက်မည်ဖြစ်သည်။လက်ရှိတွင် လုပ်ငန်းမစတင်နိုင်သေးဘဲ စိတ်ဝင်စားသူများကို ဖိတ်ခေါ်နေဆဲ အဆင့်သာရှိသေးသည်။
 
ရင်းနှီးမြုပ်နှံရန် ဖိတ်ခေါ်မှုတွင် မလေးရှားကုမ္ပဏီများမှလွဲ၍ ဗြိတိန်၊ စပိန်၊ ဂျာမနီ၊ နယ်သာလန်၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဟောင်ကောင်၊ ထိုင်းနှင့် စင်ကာပူတို့မှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။တည်ဆောက်ရင်းနှီးခွင့် အဆိုပြုလွှာကို နိုဝင်ဘာ ၁၅ ရက်က နောက်ဆုံးထား ပိတ်ခဲ့သည်။ထိုသို့သော အခင်းအကျင်းတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း ပြီးစီးခဲ့သည်ဖြစ်ရာ အဆိုပါနှောင့်နှေးနေသည့် ပန်အာရှမီးရထားလမ်းကွန်ရက်၏ ဗဟိုလမ်းကြောင်းမှာ မြန်ဆန်သွက်လက်လာနိုင်စရာ ဖြစ်သည်။ထို့အတွက် တရုတ် BRI ၏ ရန်ပုံငွေက အဓိကနေရာက ပါဝင်လာဖွယ်ရာရှိလာနေသည်။  
 
၁၀ နှစ်တာကာလအတွင်း တရုတ်နှင့် BRI မိတ်ဖက်များအကြား တိုးတက်မှုက သိသာခဲ့သည်။ကုန်ပစ္စည်း တင်သွင်းခြင်းနှင့် တင်ပို့ခြင်းမှာ နှစ်စဉ် ပျမ်းမျှ ၈.၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စ်ဘက်ရင်းနှီးမြှပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂၇၀ ဘီလီယံကျော်ရှိလာခဲ့သည်။ထိုထဲတွင် အခြေခံအဆောက်အဦကဏ္ဍက အရေးအပါဆုံးဖြစ်သည်။
 
အင်ဒိုချိုင်းနားဒေသသည် BRI ပရောဂျက်များကြောင့် ယခင်ကထက်ပို၍ နိုင်ငံ့အခြေခံအဆောက်အဦများ တိုးတက်လာသည်။
 
BRI သည် ဆယ်နှစ်အတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ သာယာဝပြောမှုနှင့် သဟဇာတဖြစ်မှုတို့အတွက် ကမ္ဘာလုံးဆိုင်ရာ အင်အားစုအသစ်ဖြစ်လာနေသည်ကို တွေ့နေရပြီဖြစ်သည်။
 
လင်းသစ်အောင်