【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်ကို အသာရစေမယ့် ပိုလျှံမှု သီအိုရီ

【 နိုင်ငံတကာဆောင်းပါး 】 အမေရိကန်ကို အသာရစေမယ့် ပိုလျှံမှု သီအိုရီ

ဧပြီ ၂၄ ရက်မှ ၂၆ ရက်အထိ ပေကျင်းသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာမည်ဖြစ်သည်။

လတ်တလော တင်းမာမှုပြင်းထန်နေသော ကိစ္စရပ်များရှိနေသည့် နှစ်နိုင်ငံအကြား နိုင်ငံခြားရေးဝန်ကြီးတစ်ဦး၏ ခရီးစဉ်သည် သာမန်ထက် ပိုပြီး စိတ်ဝင်စားစရာကောင်းနေခဲ့သည်။

ထိုခရီးစဉ်သည် တရုတ်နှင့် အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများကြား ဖြစ်နသည့် အငြင်းပွားမှုများနှင့် ဆက်စပ်ဖို့များနေသည်ဟု ခရီးစဉ်မတိုင်မီကပင် သုံးသပ်မှုများရှိခဲ့သည်။

တရုတ်စီးပွားရေးနှင့်ပတ်သက်လာလျှင် အနောက်နိုင်ငံများ၏ ထင်မြင်ယူဆချက်များသည် တောက်လျှောက်လွဲမှားခဲ့သည်။အနီးစပ်ဆုံးအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံး စီးပွားရေးတိုးတက်မှုနှုန်းသည် ၃ ရာခိုင်နှုန်းဝန်းကျင်သာရှိခဲ့ချိန် တရုတ်စီးပွားရေးတိုးတက်မှုသည် ၅ ရာခိုင်နှုန်းကျော်ခဲ့သည်။ထိုသို့ သာမန်ထက် ထူးခြားစွာ တိုးတက်ခဲ့မှုသည် တရုတ်က အရည်အသွေးမြင့် နည်းပညာထုတ်ကုန်များဖြစ်သော လျှပ်စစ်ကား၊ လစ်သိုရီယမ်ဘက်ထရီ၊ ဆိုလာဆဲလ် စသည့် အသစ်သုံးမျိုး ထုတ်လုပ်ရောင်းချ တင်ပို့မှုကြောင့်ဖြစ်ပြီး တရုတ်ခေါင်းဆောင်များ၏ တရုတ်စီးပွားရေးပုံစံကို ပြောင်းလဲနိုင်မှုကြောင့်ဖြစ်သည်။

ထိုသို့ နည်းပညာအခြေပြု ကုန်သွယ်ရေးဘက် တရုတ်က ပြောင်းလဲလာချိန်တွင် အမေရိကန်ဘက်က နည်းပညာမြင့် ချစ်ပ်ပြားများ တရုတ်သို့ တင်ပို့ရောင်းချမှုကို ထိန်းချုပ်ကန့်သတ်သည့် ဗျူဟာကို အစောပိုင်းတွင် ကျင့်သုံးခဲ့သည်။သို့သော် တရုတ်၏ အရည်အသွေးမြင့် အသစ်သုံးမျိုးကြောင့် ပိုမိုတိုးတက်လာသည့်အခါ ထိုဘက်ကို ဦးတည်ရန် လိုအပ်သည်ထက် ပိုမိုထုတ်လုပ်သဖြင့် ပိုလျှံကာ စျေးကွက်ကိုထိခိုက်စေသည်ဆိုသော စွပ်စွဲချက်မျိုးဖြင့် တရုတ်စီးပွားရေး အရှိန်အဟုန်ကို ထိုးနှက်ရန် ကြိုးစားလာသည်ကို တွေ့ရသည်။

တရုတ်အပေါ် စွပ်စွဲသည့် “ပိုလျှံမှုသီအိုရီ” သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ယဲလင်၏ ခရီးစဉ်နောက်ပိုင်း ပိုမိုမြင်တွေ့လာရသည်။မကြာမီက တရုတ်သို့လာရောက်သော ဂျာမနီအဓိပတိ ရှုလ်ဇ်၏ ခရီးစဉ်တွင်လည်း အမေရိကန်လေသံအတိုင်း တရုတ်က စျေးကွက်လိုအပ်သည်ထက် ပိုလျှံထုတ်လုပ်နေမှုကို ထိန်းချုပ်ရန် သံယောင်လိုက်ကာ ပြောခဲ့သည်ကို တွေ့ရသည်။

ယဲလင်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်ထုတ်လုပ်မှုစွမ်းရည်သည် ပြည်တွင်းဝယ်လိုအားထက် များစွာကျော်လွန်နေပြီး ကမ္ဘာ့စျေးကွက်၏ တတ်နိုင်မှုကိုလည်း ကျော်လွန်နေကြောင်း၊ ထိုသို့ပိုလျှံနေပါက စျေးနှုန်းနိမ့်သော ပို့ကုန်အများအပြားကို ဖြစ်ပေါ်စေနိုင်ပြီး အမေရိကန်နှင့် အခြားနိုင်ငံများရှိ ကုမ္ပဏီများနှင့် အလုပ်သမားများကို အန္တရာယ်ဖြစ်စေနိုင်ကြောင်း ပြောခဲ့သည်ကို တွေ့ရသည်။

ယဲလင်၏ ပြောကြားချက်ကို ဆန်းစစ်ကြည့်ပါက အနောက်နိုင်ငံများ နှစ်ပေါင်း ၂၀၀ ကျော် ကြွေးကြော်ကျင့်သုံးခဲ့သော စီးပွားရေး၏အခြေခံအကျဆုံး အခြေခံမူများကို ဆန့်ကျင်နေသည်ဟု မြင်ရမည်ဖြစ်သည်။ထိုယူဆချက်ကြောင့်ပင် အမေရိကန်စီးပွားရေးလေ့လာသုံးသပ်သူအချို့က  ယဲလင်၏ ပြောဆိုခြင်းအပေါ် နားမလည်နိုင်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပိုလျှံမှုစကားလုံးသည် အမေရိကန်မီဒီယာများတွင် ၂၀၂၂ ခုနှစ်တစ်ဝိုက် စတင်သုံးစွဲလာခဲ့သည်။ထိုပိုလျှံမှုစကားလုံးကို တခြားသော တရုတ်ထုတ်ကုန်များကို ပစ်မှတ်ထား သုံးနေရာမှ ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ “စွမ်းအင်ထုတ်ကုန်သစ်” သို့ ကူးပြောင်းသွားခဲ့ပြီး စွမ်းအင်သုံး ကားအသစ်များကို ပစ်မှတ်ထားကာ တရုတ်၏ နည်းပညာမြင့် အသစ်သုံးမျိုးအပေါ် “ပိုလျှံမှု သီအိုရီ”  လွှမ်းခြုံမှုမှာ မြင်သာထင်ရှားလာခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်၏ အားသာချက်ရှိသော စက်မှုလုပ်ငန်းများကို ၎င်းအတွက် စိုးရိမ်ရတိုင်း “ပိုလျှံသော စက်မှုလုပ်ငန်း” ခေါင်းစဉ်အောက်သို့ပို့ကာ ကမ္ဘာ့စီးပွားရေးအတွက် စိုးရိမ်ရသည်ဟု မထူးခြားသော ဇာတ်ကြောင်းကို ဖော်ဆောင်လေ့ရှိသည်။အထူးသဖြင့် တရုတ်၏ စွမ်းအင်လုပ်ငန်းသစ်သည် အနောက်ကမ္ဘာကို ယှဉ်ပြိုင်နိုင်စွမ်းရှိနေသည့်အခါ တရုတ်နိုင်ငံ၏ “ပိုလျှံနေသော” ထုတ်ကုန်များအကြောင်းသည် အမေရိကန်မီဒီယာများတွင် ဖော်ပြမှု အရှိန်မြင့်တက်လာခဲ့သည်။

ဆိုလိုသည်မှာ “အဆမတန်ပိုလျှံခြင်း” ဟု အမည်တပ်ခြင်းသည် တရုတ်စီးပွားရေး၏ အား ကောင်းမောင်းသန် တိုးတက်မှုနှင့် ကမ္ဘာ့စျေးကွက် ထိုးဖောက်ဝင်ရောက်မှုတွင် အသာရလားခြင်းကို တစ်နည်းအားဖြင့် ဝန်ခံလိုက်ခြင်းဖြစ်ပြီး ထိုနယ်ပယ်၏ အားနည်းချက်ကို အမေရိကန်မီဒီယာများက ခြေရာခံကာ အာရုံစိုက်လာတတ်ကြသည်။ယခု “ပိုလျှံမှု သီအိုရီ” သည် တရုတ်နိုင်ငံ၏ စွမ်းအင်သစ်လုပ်ငန်းအား “ခြိမ်းခြောက်မှု” အဖြစ် ပုံဖော်ရန်ဖြစ်ပြီး ထို့အတွက် ကြီးမားသော ဥရောပစျေးကွက်တွင် တရုတ် EV ဝင်ရောက်နိုင်မှုကို အမေရိကန်က ပစ်မှတ်ထားနေသည်။

တကယ်တမ်းအားဖြင့် တရုတ်နိုင်ငံ၏ ထိပ်တန်း EV ထုတ်လုပ်သူများသည် နည်းပညာမြင့် အင်္ဂါရပ်သစ်များနှင့် ပေါင်းစပ်ကာ ပြင်ပမှ ပြိုင်ဘက်များထက် စျေးသက်သာနိုင်ပြီး စျေးကွက်သို့ အမြန်ရောက်သည့် နည်းလမ်းများကို ရှာဖွေတွေ့ခဲ့ရာမှ EV နည်းပညာ တော်လှန်ရေးတွင် တရုတ်က အမေရိကန်ထက် ရှေ့တန်းရောက်လာခဲ့ခြင်းဖြစ်သည်။ထိုနယ်ပယ်တွင် တရုတ်က များစွာရှေ့ရောက်နေပြီဖြစ်ရာ ထိုသည်ကို ကုစားနိုင်ရန် ဆေးမြီးတိုအဖြစ် “ပိုလျှံမှု သီအိုရီ” ကို အမေရိကန်က အလိုက်သင့် အလျားသင့် သုံးလားခြင်းဟု သုံးသပ်ရှုမြင်မှုများရှိသည်။

ယင်းကဲ့သို့ ဖြစ်ရပ်မျိုး ၁၉၈၀ ဝန်းကျင်ကာလကလည်း ဖြစ်ခဲ့ဖူးသည်။ထိုစဉ်က အမေရိကန်နှင့် ဥရောပသို့ စျေးချိုသည့် နည်းပညာမြင့်သော ဂျပန်ကားများ တင်သွင်းမှုများခြင်းကြောင့် ဂျပန်ကားထုတ်လုပ်သူများကို အနောက်နိုင်ငံများက ကန့်သတ်ခဲ့ဖူးသည်။

ယခင်နှင့် ယခု မတူသည်မှာ သဘာ၀ပတ်ဝန်းကျင် ယိုယွင်းထိခိုက်မှုနည်းသည့် စွမ်းအင်သစ်သုံးကား (EV) ကားများကို ဥရောပအစိုးရများကိုယ်တိုင်က  နှစ်သက်ကြနေခြင်းဖြစ်သည်။ထို့ကြောင့် အမေရိကန် ပုံဖော်နေသည့် “ပိုလျှံမှု သီအိုရီ” ကို တရုတ် EV ကား ထုတ်လုပ်သူများကို ကြီးကြီးမားမား အဟန့်အတား မဖြစ်စေနိုင်ခြင်းဖြစ်သည်။

အစဉ်အလာအရ သမားရိုးကျကားများအစား EV ကားများကို အစားထိုးလာသည့်အခါ ကမ္ဘာ့ကား စျေးကွက်ကို စိုးမိုးထားသည့် အနောက်နိုင်ငံများနှင့် ၎င်းတို့မဟာမိတ်နိုင်ငံများမှ ကားကုမ္ပဏီကြီးများအတွက် ခြောက်ခြားဖွယ် စိန်ခေါ်မှုဖြစ်လာသည်။ကမ္ဘာ့ကားစျေးကွက်ကို လက်လွှတ်ရဖို့အထိဖြစ်လာသည့် ထိုပြိုင်ပွဲထဲ သမားရိုးကျနည်းဖြင့် ယှဉ်ပြိုင်၍မရသည်အခါ အစိုးရပိုင်းက “ပိုလျှံမှု သီအိုရီ” ဖြင့် ပါဝင်လာခြင်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ခရီးစဉ်ကို နိုင်ငံတကာက ရှုမြင်ကြသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း မော်တော်ယာဉ်ဈေးကွက်ဖြစ်ပြီး အစိုးရကလည်း EV များကို တွန်းအားပေးနေသောကြောင့် BYD သည် Tesla ကို အနိုင်ယူကာ ၂၀၂၃ ခုနှစ်တွင် နံပါတ် ၁ - EV ကား ထုတ်လုပ်သူ ဖြစ်လာခဲ့သည်။

ဟင်နရီဖို့ဒ်သည် မော်တော်ကားကို တီထွင်ခဲ့ပြီး အီလွန်မက်ခ်စ်က ဘက်ထရီပါဝါသုံးကားများ ခေတ်စားလာအောင် လုပ်ခဲ့သော်လည်း အနောက်နိုင်ငံမှ ဖန်တီးထားသော ဓာတ်ငွေ့လွန် မော်တော်ကားစျေးကွက်ကို တရုတ်တို့က လွှမ်းမိုးလာခြင်းမှာ အရှိတရားဖြစ်သည်။ထိုသို့ စျေးကွက်၏ ပကတိအရှိတရားကို လက်မခံနိုင်သော အမေရိကန်က တရုတ်အပေါ် နည်းပညာနှင့် ကုန်သွယ်မှုပိုင်းတွင် ဆက်တိုက်ပိတ်ဆို့ ကန့်သတ်ရာမှာ ယခုအခါ “ပိုလျှံမှု သီအိုရီ” ဖြင့် ဥရောပနိုင်ငံများကိုပါ ထည့်သွင်းလာခြင်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် တရုတ်တွင် ဖွံ့ဖြိုးနေသည့် EV စွမ်းရည်မျိုးနှင့် ချိုသာသော စျေးနှုန်းကို ယှဉ်ပြိုင်ရန် အမေရိကန်ကုမ္ပဏီများအနေဖြင့် ခက်ခဲနိုင်ခြင်းကြောင့်လည်း ယခုခရီးစဉ်ဖြစ်လာရခြင်း ဖြစ်နိုင်သည်။အထူးသဖြင့် တရုတ် EV ကားများ တင်သွင်းမှုများ တိုးလာသည်နှင့်အမျှ အမေရိကန်ပြည်တွင်း မော်တော်ကားလုပ်ငန်းများအဖို့ ဆက်လက်ရပ်တည်နိုင်ရန် နည်းပညာနှင့် သုတေသနဘက်တွင် ရင်းနှီးမြုပ်နှံမှုကို ပိုမိုလုပ်လာရ မည်မှာ အစဉ်အလာဖြစ်သည်။

သို့သော် အမေရိကန်က ထိုသို့လုပ်ရမည့်အစား ကန့်သတ်ခြင်းဖြင့် ပြည်တွင်းနှင့် ကမ္ဘာ့စျေးကွက်တွင် အမေရိကန်နှင့် အနောက်တိုင်းကုမ္ပဏီများကို ကာကွယ်ပေးနေခြင်းဖြစ်ရာ လွတ်လပ်စွာ ယှဉ်ပြိုင်ခြင်းဆိုသော အနောက်ကမ္ဘာက လက်ခံကျင့်သုံးနေသည့် စျေးကွက်သဘောတရားမှာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

စိုးငြိမ်း