【 နိုင်ငံတကာဆောင်းပါး 】 အရှိန်မြှင့်လုပ်ဆောင်မည့် တရုတ်၏ ခေတ်မီတိုးတက်ရေး

【 နိုင်ငံတကာဆောင်းပါး 】 အရှိန်မြှင့်လုပ်ဆောင်မည့် တရုတ်၏ ခေတ်မီတိုးတက်ရေး

လာမည့် နှစ်ငါးဆယ်အတွင်းတွင် ခေတ်မီတိုးတက်ကြွယ်ဝသော ဆိုရှယ်လစ်နိုင်ငံအဖြစ် တည်ဆောက်ရန် လှမ်းလျှောက်နေသော တရုတ်နိုင်ငံအတွက် လာမည့် ဆယ်စုနှစ်သည် စိန်ခေါ်မှုတစ်ခုဖြစ်သည်။

ပြီးခဲ့သော နှစ် ၄၀ အတွင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ် အတွင်းတွင် မြှုပ်နှံမှုအလိုက် ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၃၄၀၀ သာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ ရောက်ရှိခဲ့သည်။

လက်ရှိ၌ ဝင်ငွေ အလယ်အလတ်စာရင်းဝင်နေသော တရုတ်သည် လာမည့် နှစ်အနည်းငယ်တွင် ဝင်ငွေမြင့်နိုင်ငံစာရင်း ဝင်နိုင်ခြေလည်းရှိနေသည်။  တရုတ်မတိုင်မီတွင် အာရှ၌ တောင်ကိုရီးယား၊ ထိုင်ဝမ်ဒေသနှင့် စင်ကာပူတို့သည် နှစ်ပေါင်း ၂၀ ဝန်းကျင်ကြာအောင် ကြိုးစားပြီးမှ ဝင်ငွေမြင့်နိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းဖြစ်ပြီး ထိုနိုင်ငံ၊ ဒေသများသည် ဝင်ငွေ အလယ်အလတ်နိုင်ငံ ဖြစ်ပြီးနောက်တွင် စီးပွားရေးတိုးတက်မှုကို ရေရှည်တည်တံ့စေရန် နည်းဗျူဟာသစ်များ ချမှတ်ခဲ့ကြခြင်းဖြစ်သည်။  

ဝင်ငွေ အလယ်အလတ်နိုင်ငံအဖြစ်မှ ဝင်ငွေမြင့်နိုင်ငံအဖြစ် ကူးပြောင်းသည့် ကြားကာလသည် အခက်ခဲဆုံးနှင့် ဆုံးဖြတ်မှုအပေးနိုင်ဆုံး ကာလဖြစ်သည်။ထိုကာလကို တရုတ်က လာမည့် ဆယ်နှစ်အတွင်း ရင်ဆိုင်ရမည်ဖြစ်သည်။ဝင်ငွေမြင့်နိုင်ငံအဖြစ် မကူးပြောင်းနိုင်ဘဲ ဝင်ငွေ အလယ်အလတ်နိုင်ငံတွင် ပိတ်မိနေသော မက္ကဆီကို၊ ဘရာဇီးနှင့် အာဂျင်တီးနားကဲ့သို့ နိုင်ငံများကလည်း ဥပမာအဖြစ်ရှိနေသည်။ထိုသို့ ဝင်ငွေ အလယ်အလတ်နိုင်ငံ ထောင်ချောက်တွင် မိနေရခြင်းမှာ လုပ်အားခများ မြင့်တက်လာသော်လည်း ပို့ကုန်ကို အဓိကထားသော စီးပွားရေးတိုးတက်မှုကို နှေးကွေးစေခြင်းကြောင့်ဖြစ်သည်။စီးပွားရေးတိုးတက်မှု မြင့်တက်စေရန်မှာ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အခြားအဆင့်မြင့်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် ခေတ်မီသော တီထွင်ဆန်းသစ်မှုများကို လိုအပ်သည်။  

တရုတ်သည် ၁၉၈၀ ခုနှစ်များကတည်းက သိပ္ပံနှင့် တီထွင်ဆန်းသစ်မှုကို မြှင့်တင်ရန် အမျိုးသားမဟာဗျူဟာများကို ချမှတ်ခဲ့သည်။တရုတ်နိုင်ငံတော်ကောင်စီက လူမှုစီးပွားရေး တိုးတက်မှုများကို သက်ရောက်မှုရှိစေသည့် သိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှု နိုင်ငံတော်အစီအစဉ်ကို ခွင့်ပြုပေးခဲ့သည်။တရုတ်နိုင်ငံခေါင်းဆောင်များက ထုတ်လုပ်ရေးနှင့် တင်ပို့ရေးထက် ကျော်လွန်သော လိုအပ်ချက်များရှိကြောင်းကို သတိပြုမိခဲ့ကြသည်။

၂၀၀၀ ခုနှစ်များ အစောပိုင်းကာလတွင် တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှု ယန္တရားများသည် တရုတ်နိုင်ငံတွင် လက်တွေ့ဖြစ်လာခဲ့သည်။ “တရုတ်နိုင်ငံတွင် ပြုလုပ်သည်” မှ “တရုတ်နိုင်ငံတွင် ဖန်တီးသည်” ဟူ၍ ပြောင်းလဲလာခဲ့သည်။

အဆင့်မြင့်နည်းပညာပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု၏ ရှေ့တန်းတွင် ရပ်တည်လာနိုင်ခဲ့သည်။ ၂၀၁၄ ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု ညွှန်းကိန်းအရ တရုတ်သည် နိုင်ငံပေါင်း ၁၄၃ နိုင်ငံတွင် ၂၉ နေရာ၌ ရပ်တည်ခဲ့သည်။ ၂၀၂၀ ခုနှစ်များအရောက်တွင်မူ တရုတ်သည် ကမ္ဘာ့တီထွင်ဆန်းသစ်မှု ခေါင်းဆောင်များအကြား ယုံကြည်ချက်ရှိစွာ နေရာယူနေပြီဖြစ်သည်။  

အချို့သော အနောက်နိုင်ငံများက အချက်အလက်အချို့ကို ထောက်ပြပြီး တရုတ်သည် ဝင်ငွေ အလယ်အလတ် နိုင်ငံအဖြစ်သာ သံသရာလည်နေမည်ဟု ဆိုသည်။ထိုအချက်များအထဲတွင် မွေးဖွားနှုန်း လျော့ကျသောကြောင့် လူဦးရေနည်းပါးလာခြင်းလည်း ပါဝင်သည်။မြို့ပြများတွင်နေထိုင်ပြီး ဝင်ငွေက ပျမ်းမျှထက် မြင့်မားသော မိသားစုများတွင် မွေးဖွားနှုန်းနည်းပါးသည်ကို တွေ့ရသည်။ထို့အပြင် တရုတ်တွင် အလုပ် လုပ်ကိုင်နိုင်သည့် အသက်အရွယ်ရှိသော လူဦးရေက လျော့ကျလာပြီး လုပ်သားရှားပါးမှုကြောင့် ငွေကြေးဖောင်းပွမှုထက် လုပ်သားဝင်ငွေက လျင်မြန်စွာ မြင့်တက်လာသည်ကိုလည်း တွေ့ရသည်။မြို့ပြဖော်ဆောင်ခြင်း အကြီးအကျယ်ပြုလုပ်ပြီး ကျေးရွာမှ လူများ မြို့ပြများသို့ ပြောင်းလာသည်ကပင် ထိုပြဿနာကို မဖြေရှင်းနိုင်ခြင်းဖြစ်သည်။

ထိုကဲ့သို့ အန္တရာယ်များကြောင့် ဝင်ငွေ အလယ်အလတ်နိုင်ငံ ထောင်ချောက်ထဲသို့ မကျစေရန် တစ်ခုတည်းသော နည်းလမ်းမှာ အရည်အသွေးမြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ထို့အတွက်လည်း နိုင်ငံက ဦးစားပေးအနေဖြင့် ဆုံးဖြတ်ချက်များ ချမှတ်ပြီးဖြစ်သည်။

တရုတ်က ဝင်ငွေမြင့်နိုင်ငံအဖြစ်သို့ ကူးပြောင်းနိုင်ပါက တရုတ်ပြည်သူ ၁.၄ ဘီလီယံအတွက် ထင်ရှားသော သက်ရောက်မှုရှိမည်ဖြစ်သည်။ထို့အပြင် ကမ္ဘာတစ်ဝန်း၌ ဝင်ငွေမြင့်ရရှိသူ လူဦးရေသည် ကမ္ဘာ့လူဦးရေ၏ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားမည်လည်းဖြစ်သည်။

တရုတ်နိုင်ငံသည် မကြာမီတွင် ဂျီဒီပီအရကြည့်လျှင် ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနိုင်ငံ ဖြစ်လာနိုင်ခြင်းဖြစ်သည်။သို့သော် တရုတ်သည် နိုင်ငံအားလုံးအတွက် အကျိုးရှိစေပြီး မျှတမှုရှိသည့် နည်းလမ်းဖြင့်သာ ဆက်လက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ကြီးမားသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုက ဝင်ငွေ အလယ်အလတ်နိုင်ငံ ထောင်ချောက်ကို လွတ်မြောက်နိုင်ပါက အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက်လည်း ဥပမာတစ်ခုဖြစ်လာမည်ဖြစ်သည်။

ထို့ကြောင့် တရုတ်၏ ခေတ်မီတိုးတက်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးရေးတို့သည် တူညီသောလမ်းကြောင်းကို လျှောက်လှမ်းနေသည့် အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် နမူနာယူစရာဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ခေတ်မီတိုးတက်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးရေးတို့တွင် နိုင်ငံတကာအသိုက်အဝန်းနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေခြင်းသည်လည်း နိုင်ငံအားလုံးအတွက် အကျိုးအမြတ်ရှိစေမည့် ဟန်ချက်ညီသော စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်စေနိုင်မည်လည်းဖြစ်သည်။  

စိုးနိုင်ထွန်း
Ref - CMG | China to accelerate its modernization for the next 10 years