【 နိုင်ငံတကာဆောင်းပါး 】 အာဆီယံဒေသမှာ ပေါ်ထွက်လာသည့် BRI ရလဒ်တစ်ခု

【 နိုင်ငံတကာဆောင်းပါး 】 အာဆီယံဒေသမှာ ပေါ်ထွက်လာသည့် BRI ရလဒ်တစ်ခု

အင်ဒိုနီးရှား၏ လက်ရှိမြို့တော် ဂျကာတာနှင့် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည့် ဘန်ဒေါင်းကို ဆက်သွယ်သည့် မြန်နှုန်းမြင့်ကျည်ဆံရထားမှာ အောက်တိုဘာ ၂ ရက်က စတင်ပြေးဆွဲပြီဖြစ်သည်။ဝေဖန်မှုများ၊ တိုက်ခိုက်မှုများနှင့် မဖြစ်နိုင်ကြောင်း မှတ်ချက်များအောက်တွင် အရှေ့တောင်အာရှ၏ ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်းကို ကျွန်းနိုင်ငံ အင်ဒိုနီးရှားတွင် ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သည်။

အောက်တိုဘာ ၂ ရက်က ဖွင့်လှစ်ခဲ့သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားနှင့်ပတ်သက်ပြီး အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုက “Whoosh” ဟု အမည်ပေးခဲ့သည်။ဝီဒိုဒိုက “Whoosh” ဆိုသည်မှာ အထူးအဓိပ္ပာယ်ရှိကြောင်း၊ အဆိုပါစာလုံး ၆ လုံးသည် အင်ဒိုနီးရှားယဉ်ကျေးမှုတွင် အချိန်ချွေတာခြင်း၊ အကျိုးသက်ရောက်မှုရှိခြင်းနှင့် ခေတ်မီခြင်းကို ကိုယ်စားပြုကြောင်း၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားရေးနာမည်အသစ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စုစုပေါင်း အရှည် အလျား ၁၄၂.၃ ကီလိုမီတာရှိပြီး အမြင့်ဆုံးပြေးဆွဲနှုန်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြင့် ပြေးဆွဲမည့် ကျည်ဆံရထားလမ်းကို တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်သည်။အောက်တိုဘာ ၂ ရက်က စတင်ပြေးဆွဲသော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား ပထမဆုံးခရီးစဉ်ကို အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီး ဘူဒီတို့အပါအဝင်  အလွှာပေါင်းစုံမှ အင်ဒိုနီးရှားပြည်သူများ စမ်းသပ်စီးခဲ့ကြသည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား ပရောဂျက်သည် ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာဖြစ်သည့် တရုတ် BRI ၏ ထင်ရှားသော ပရောဂျက်ဖြစ်သည်။ယင်းပရောဂျက်သည်  အရှေ့တောင်အာရှတွင် ကမ္ဘာ့စီးပွားရေးတွင် အကြီးမားဆုံးဖြစ်လာနေသော တရုတ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြီးဆုံးရင်းမြစ်များထဲမှ တစ်ခုဖြစ်သည်။ထိုစီမံကိန်းမှာ အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကျွန်းဖြစ်သည့် ဂျာဗားကျွန်းရှိ ပြည်နယ်လေးခုကိုဖြတ်ကာ နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ဆူရာဘာယား (Surabaya) တွင် အဆုံးသတ်မည့် ၇၅၀ ကီလိုမီတာ (၄၆၆ မိုင်) ရှိသော မြန်နှုန်းမြင့်ရထားလိုင်း၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ စတင်ဖောက်လုပ်ခဲ့စဉ်ကတည်းက ခွင့်ပြုမိန့်ပြဿနာများ၊ ပတ်ဝန်းကျင်ဆိုင်ရာစိုးရိမ်မှုများ၊ အလုပ်သမားရှားပါးမှုနှင့် ရန်ပုံငွေဆိုင်ရာ အငြင်းပွားမှုများကြောင့် ထပ်တလဲလဲ နှောင့်နှေးခဲ့ရကာ ကိုဗစ်နှင့်ပါ ကြုံခဲ့ရသောကြောင့် မူလခန့်မှန်းထားသည့် ကုန်ကျစရိတ်နှင့် ပြီးစီးချိန်ကို ကျော်လွန်ခဲ့သည်။အတည်မပြုနိုင်သော သတင်းများအရဆိုလျှင် ယခုပရောဂျက်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၇.၂ ဘီလီယံခန့်ရှိကြောင်း ဆိုသည်။

အခက်အခဲများကြားမှ ပြီးစီးပြေးဆွဲနိုင်ခဲ့သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းပြီးစီးမှုသည် BRI အတွက် မှတ်တိုင်တစ်ခုဖြစ်သလို အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံအဆောက်အဦလိုအပ်ချက်များထဲ ကြီးမားသော ကွက်လပ်ကို ဖြည့်ဆည်းပေးလိုက်သလိုဖြစ်သဖြင့် အင်ဒိုသမ္မတအတွက် မျက်နှာပန်းပါလှစေခဲ့သည်။တခြားသောအချက်အနေဖြင့် အနောက်ယိမ်းသည်ဟု ယေဘုယျသတ်မှတ်နိုင်သော  အင်ဒိုနီးရှားအတွက်လည်း တရုတ်အကူအညီဖြင့်ဆောက်လုပ်သော အဆိုပါစီမံကိန်းကြောင့် နိုင်ငံ၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကိုပြနိုင်သည့် လက္ခဏာတစ်ရပ်အဖြစ် မြင်နိုင်လေသည်။

ယခုရထားလမ်းစီမံကိန်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် အင်ဒိုနီးရှားအစိုးရက တရုတ်နှင့် ပြည်တွင်းအစိုးရပိုင် စီးပွားရေးလုပ်ငန်းအုပ်စု ဖက်စပ်ကုမ္ပဏီဖြစ်သည့် PT Kereta Cepta Indonesia-China (PT KCIC) ဟုခေါ်သော အဖွဲ့အစည်းနှင့် စာချုပ် ချုပ်ဆိုခဲ့သည်။ဒေါ်လာ ၆ ဘီလီယံတန် ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းလုပ်ကိုင်မည့် ထိုအဖွဲ့အစည်းကို အင်ဒိုနီးရှားနိုင်ငံပိုင် လုပ်ငန်းစုတစ်စုမှ ၆၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး ကျန် ၄၀ ရာခိုင်နှုန်းကို တရုတ်အစိုးရပိုင်လုပ်ငန်းစုဖြစ်သော မီးရထားအုပ်စုလီမိတက်ဖြစ်သည့် China Railway International Group က ပိုင်ဆိုင်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ဂျိုကိုဝီကိုယ်တိုင်က ရထားလမ်းစတင်ဖောက်လုပ်မှုကို စတင်ကြောင်း အခမ်းအနားဖြင့် ဦးဆောင်ကြေညာကာ ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။တည်ဆောက်မှုစတင်ရန် လုပ်ဆောင်စဉ်  မြေယာသိမ်းဆည်းမှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ အလုပ်သမားရှားပါးမှုနှင့်ပတ်သက်သည့် ပြဿနာများကြောင့် နှစ်နှစ်ကျော်ကြာသည့် ၂၀၁၈ ခုနှစ် မေလအထိတိုင် ဆောက်လုပ်မှုကို မစတင်နိုင်ခဲ့ချေ။အမှန်တကယ် ဆောက်လုပ်မှုစတင်ချိန်တွင် ကမ္ဘာတစ်လွှား COVID-19 ကူးစက်ကပ်ရောဂါဖြစ်သဖြင့် ၂၀၂၉ ခုနှစ်ကုန်မှစကာ လော့ခ်ဒေါင်းများချထားရခြင်းကြောင့် ဆောက်လုပ်ရေးအစောပိုင်းလများအတွင်း အစိုးရမှ ရထားလမ်းဖောက်လုပ်ခြင်းကို ရပ်ဆိုင်းထားရသည်။ထိုသို့သောအဖြစ်များကြောင့် လုပ်ငန်းတိုးတက်မှု ထပ်မံနှောင့်နှေးခဲ့ရပြန်သည်။

ကနဦးနှောင့်နှေးမှုများစွာရှိခဲ့သည့် ယင်းမြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ရေး တိုးတက်မှုသည် ၂၀၂၁-၂၂ တွင် လမ်းကြောင်းမှန်ပေါ်ရောက်ကာ ၂၀၂၃ တွင် ပြီးစီးခဲ့သည်။ယခုအခါ တရားဝင်ပြေးဆွဲမှုကို စတင်နိုင်ခဲ့သည်။နိုင်ငံတကာက ရပ်ဆိုင်းသွားနိုင်ကြောင်း ထင်ကြေးပေးမှုရှိခဲ့သည့် ထိုရထားလမ်း အောင်မြင်စွာပြီးစီးပြေးဆွဲနိုင်သည်မှာ နှစ်နိုင်ငံကြား စိန်ခေါ်မှုကို ပူးတွဲရင်ဆိုင်ခြင်းက အဓိကအခန်းကဏ္ဍမှပါဝင်သည်။

မည်သို့ပင်ဆိုစေကာမူ Belt and Road Initiative ၏ ဆက်လက်ရှင်သန်နိုင်စွမ်းနှင့် ဆွဲဆောင်မှုရှိစေရန် ဂျကာတာ-ဘန်ဒေါင်း မီးရထားလမ်းသည် အာဆီယံဒေသတွင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံတွင် BRI ၏ အထင်ကရ ပရောဂျက်တစ်ခုက အကောင်အထည်ပေါ်လာမှုက အရှေ့တောင်အာရှနိုင်ငံများအတွက် BRI ၏ အကျိုးဖြစ်မှု/မဖြစ်မှု၊ ဒေသအတွက် အကျိုးဖြစ်ထွန်းမှု ရှိ/မရှိကို မှန်မှန်ကန်ကန် မြင်နိုင်သည်ဖြစ်သည်။

ထို့အပြင် ယခုရထားလမ်းသည် တရုတ်နှင့် အင်ဒိုအတွက် နှစ်ဖက်စလုံးအတွက်လည်း “Win&Win” ဖြစ်စေသည်ကို ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများသို့ ပြသနိုင်မည့် အခွင့်အရေးလည်းဖြစ်သည်။

မကြာမီက ကမ္ဘာ့ဘဏ်က Belt and Road Initiative နှင့်ပတ်သက်ပြီး ခန့်မှန်းမှုတစ်ခု ထုတ်ပြန်ခဲ့သည်။ထိုထုတ်ပြန်မှုတွင် BRI ၏ ပရောဂျက်များကြောင့် လူပေါင်း ၇ သန်းကျော်အား အလွန်အကျွံ ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေနိုင်ပြီး လူပေါင်း သန်း ၃၀ ကျော်အား အလယ်အလတ် ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေနိုင်မည်ဟုဆိုရာ ထိုထဲတွင် ယခုကဲ့သို့သော ပို့ဆောင်ဆက်သွယ်ရေးပရောဂျက်များက အဓိကနေရာက ပါဝင်နိုင်ပေသည်။  

လူဦးရေ ၆၇၅ သန်းကျော် နေထိုင်ရာ အရှေ့တောင်အာရှဒေသ၏ အကြီးမားဆုံးနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့် မြန်နှုန်းမြင့်ရထားလမ်းသည် အနောက်နိုင်ငံများနှင့် ပိုနီးစပ်သော အင်ဒိုနီးရှားတွင် တရုတ်နိုင်ငံ၏ အာဆီယံဒေသတွင်း အကျိုးဖြစ်ထွန်းစေလိုသည့် BRI ၏ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှားပြနေခဲ့သည်။ယခုရထားလမ်းသည် အရှေ့တောင်အာရှဒေသတွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဖွင့်ခဲ့သော ကူမင်း- ဗီယန်ကျင်း ရထားလမ်းအပြီး အာဆီယံဒေသတွင်း တရုတ်၏ ဒုတိယမြောက် BRI ပရောဂျက်ဝင် ရထားလမ်းစီမံကိန်းဖြစ်ရာ အရှေ့တောင်အာရှဒေသ၏ ပထမဆုံးမြန်နှုန်းမြင့် ကျည်ဆံရထားကို စီးနင်းရန် စိတ်လှုပ်ရှားနေသည့် အင်ဒိုနိုင်ငံသားများ၏ ဖွင့်ပွဲနေ့ တက်ကြွနေမှုကိုကြည့်လျှင် ယခုရထားလမ်းမှာ ကူမင်း-ဗီယန်ကျင်း ရထားလမ်းလို့ ဒေသတွင်းအတွက် ကြီးမားသော ထောက်ပံ့မှုရနိုင်သည်ကို ခန့်မှန်းနိုင်မည်ဖြစ်သည်။

သေချာသည်မှာ ယခင်က ၃ နာရီကြာသွားရပြီး အခန့်မသင့်ပါက အန္တရာယ်ကြုံနိုင်သည့် ဂျာကာတာ-ဘန်ဒေါင်း ခရီးစဉ်မှာ ယခုအခါ မိနစ်လေးဆယ်ဖြင့် မြေကြောရှုံ့ကာ သွားလာနိုင်သဖြင့် သွားလာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ခရီးသွားများအတွက် ထိထိရောက်ရောက်အကျိုးရှိမှာ သေချာသည်။ထို့အပြင် ဒေသတွင်း ရောင်းဝယ်ဖောက်ကားမှုနှင့် ဖွံ့ဖြိုးတိုးတက်လာနိုင်မှုမှာလည်း မှန်းဆမရနိုင်လောက်အောင် ကြီးမားလာနိုင်သည့် အခွင့်အလမ်းလည်း ပေါ်ထွက်လာနေသည်။

ထိုအနေအထားများကြောင့် လာမည့် ၁၀ နှစ်အတွင်း BRI က ကမ္ဘာကို မည်မျှအကျိုးပြုမည်ကို မှန်းဆကြည့်လို့ရနိုင်မည်ဖြစ်သည်။

လင်းသစ်အောင်