【 နိုင်ငံတကာဆောင်းပါး 】 ၁၀ နှစ်ပြည့် BRI ကောက်ကြောင်း

【 နိုင်ငံတကာဆောင်းပါး 】 ၁၀ နှစ်ပြည့် BRI ကောက်ကြောင်း

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် သမ္မတ ရှီကျင့်ဖျင်က ကာဇက်စ္စတန်နိုင်ငံ Nazarbayev တက္ကသိုလ်၌ မိန့်ခွန်းပြောကြားရာတွင်  “ပိုးလမ်းမ စီးပွားရေးခါးပတ် တည်ဆောက်ရေးကို လက်တွဲပူးပေါင်းဆောင်ရွက်ရန်” အဆိုပြုချက်ကို ကြေညာခဲ့သည်။

ထိုမိန့်ခွန်းသည် တရုတ်နိုင်ငံ၏ ကြီးမားသော ပြည်ပရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်အတွက် အစပြုသည့် အချက်ဖြစ်သည်ဟု နိုင်ငံတကာက ကျယ်ပြန့်စွာ ယူဆခဲ့ကြသည်။

Silk Road Economic Belt လို့ လူသိများခဲ့သည့် အဆိုပါ အဆိုပြုချက်သည် One Belt One Road ဖြစ်လာကာ နောက်ဆုံးတွင် Belt and Road Initiative (BRI) ဖြင့် ကမ္ဘာကသိလာခဲ့သည်။

ရှီ၏ ထိုမိန့်ခွန်းတွင် (BRI) ကို အဓိကအားဖြင့် ရှေးခေတ်ပိုးလမ်းမကြီးကို သမိုင်းဆိုင်ရာ ဆက်စပ်မှုများဖြင့် ဗဟိုအာရှနိုင်ငံများနှင့်ပတ်သက်သည့် ဘောင်ခတ်ထားသော်လည်း ယခုအခါ အဆိုပါ အဆိုပြုချက်သည် အန္တာတိကမှလွဲ၍ နိုင်ငံပေါင်း ၁၄၈ နိုင်ငံကို လွှမ်းခြုံလာခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လအထိ အဆိုပါနိုင်ငံများသည် အခြေခံအဆောက်အအုံစီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ဆောက်လုပ်ရေးကန်ထရိုက် ကန်ဒေါ်လာ ၁ ထရီလီယံကျော်ရှိလာကာ Belt and Road ၏ ခေါင်းစဉ်အောက်တွင် ကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။၎င်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မျှော်လင့်ချက်အသစ်များနှင့် အခွင့်အလမ်းများကို ပေးဆောင်သလို အငြင်းပွားမှုတွေနှင့်လည်း မကင်းပေ။တစ်ခါတရံတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစံနှုန်းများကို အကောင်အထည်ဖော်ရာတွင် ပေါ့လျော့မှုနှင့် ကာဗွန်မြင့်မားသည့် ရင်းနှီးမြှုပ်နှံမှုများသည် (BRI) နှင့်ပတ်သက်ပြီး  အငြင်းပွားဖွယ်ရာဖြစ်သည်။

၂၀၁၉ ခုနှစ်က ကျင်းပသည့် Belt and Road ဖိုရမ်တွင် “အစိမ်းရောင်” Belt and Road ဟုခေါ်သည့် ဆွေးနွေးပွဲမှစတင်၍ တရုတ်နိုင်ငံက နောက်ပိုင်းတွင် အစိမ်းရောင် (BRI) သည် လျင်မြန်စွာ ဖြစ်ထွန်းလာခဲ့သည်။ ဆယ်နှစ်ကြာပြီးနောက် (BRI) သည် မည်သို့ပြောင်းလဲလာသနည်း။၎င်း၏ ဒုတိယဆယ်စုနှစ်သို့ ရောက်ရှိလာချိန်တွင် လူတွေ ဘာကိုမျှော်လင့်ကြသင့်သနည်းဆိုသည်မှာ (BRI) နှင့် ပတ်သက်သောသူများ၏ လေးနက်သော အတွေးနှင့် စဉ်းစားချက်ပင်ဖြစ်သည်။

ရှေ့ဆယ်နှစ်မသွားခင် ပြီးခဲ့သည့် ဆယ်စုနှစ်အကြောင်းကို ပြန်လည်ကောက်နုတ်ခြင်းဖြင့် ဆယ်နှစ်အတွင်း (BRI) ၏ ဦးတည်ရာလမ်းကြောင်းနှင့် ဘာတွေစွမ်းဆောင်နိုင်ခဲ့သည်ကို အကဲဖြတ်ကာ ယခုကျင်းပတော့မည့် (BRI) ဖိုရမ်တွင် ဘာတွေပေါ်ထွက်လာနိုင်မည်ကို မှန်းဆနိုင်မည်ဖြစ်သည်။ကျယ်ပြန့်သော အစပျိုးမှု အတိုင်းအတာအနေဖြင့် ဥရောပအလယ်ပိုင်း၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ အရှေ့တောင်အာရှနှင့် လက်တင်အမေရိကရှိ ပြီးစီးသော ပရောဂျက်များ (သို့မဟုတ်) လက်ရှိလုပ်ဆောင်နေသည့် အရာများကို ကြည့်ပါက (BRI) ပဏာမခြေလှမ်း၏ လက်ရှိအခြေအနေကို ထိုးထွင်းသိမြင်စေနိုင်မည်။

မည်သို့ပင်ဆိုစေကာမူ ပြီးပြည့်စုံပြီး (BRI) ၏ ဦးတည်ချက်နှင့် ဖြစ်နိုင်ခြေ သက်ရောက်မှုနှစ်ခုလုံးအတွက် အညွှန်းကိန်းများအဖြစ် လုပ်ဆောင်သည့် အဓိကပရောဂျက်များစွာရှိပါသည်။၎င်းတို့ထဲတွင် တရုတ်-ဥရောပ အမြန်ရထားလမ်း၊ ဂျကာတာ-ဘန်ဒေါင်း အမြန်ရထား (HSR)၊ ကင်ညာ၏ စံကိုက်ရထားလမ်း (SGR) နှင့် အီသီယိုးပီးယားနိုင်ငံ အဒစ္စအဘာဘာ -ဒီဂျေဘူတီ မီးရထားလမ်းကဲ့သို့သော ရထားလမ်းစီမံကိန်းများ ပါဝင်သည်။

ထို့အပြင် စွမ်းအင်ထုတ်လုပ်မှုများ၊ စက်မှုဇုန်များ၊ လမ်းများ၊ ရထားလမ်းများ၊ မြို့တွင်းသယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုများနှင့် ဆိပ်ကမ်းများပါဝင်သည့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)၊  အရှေ့တောင်အာရှတွင် မဲခေါင်မြစ်ဝကျွန်းပေါ် ဒေသတစ်လျှောက် ဆည်ပေါင်း ၄၀၀ ကျော် ပြီးစီးရန် ခန့်မှန်းထားခြင်းမျိုးလည်း ရှိသည်။

(BRI) ထီးရိပ်အောက်တွင် ပြီးစီးခဲ့သော ပရောဂျက်အချို့ကို ၎င်းတို့မှာ ကိုယ်စားပြုသလို ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနှင့် လူမှုရေးဆက်နွယ်မှုဆိုင်ရာ အကျိုးသက်ရောက်မှုများတွင် (BRI) ၏ လက်ရှိနှင့် အနာဂတ်ကို ယင်း တို့က ထင်ဟပ်စေသည်။

ငြင်းမရနိုင်သည့် အချက်တစ်ခုမှာ (BRI) အောက်တွင် လုပ်ဆောင်ခဲ့သည့် ပြီးစီးသွားသော ပရောဂျက်များသည့် အဆိုပါဒေသရှိ ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝကို နက်နက်ရှိုင်းရှိုင်း ပတ်သက်နေပြီ ဖြစ်ခြင်းမျိုးဖြစ်သည်။

ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာအရ (BRI) တွင် ပါဝင်သော ဘက်များ (နိုင်ငံ) ၏ ကုန်သွယ်မှုသည် ၄.၁ ရာခိုင်နှုန်း တိုးမြင့်လာကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ရာခိုင်နှုန်းကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပြီး ဝင်ငွေနည်းနိုင်ငံများ၏ GDP ကို ၃.၄ ရာခိုင်နှုန်း မြှင့်တင်ခဲ့ကြောင်းဆိုသည်။

(BRI) ၏ အကျိုးအမြတ်အဖြစ် ကမ္ဘာပေါ်ရှိ ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ GDP သည် ၂၀၁၂ မှ ၂၀၂၁ ခုနှစ်အထိ ၃.၆ ရာခိုင်နှုန်း တိုးလာကြောင်း ဆိုသည်။ (BRI) ကြောင့် ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၆ ထရီလီယံ ရရှိမည်ဟု ခန့်မှန်းထားပြီး ၎င်းမှာ ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၁.၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း (BRI) ၏ ပံ့ပိုးကူညီမှုအောက်တွင် လူဦးရေ သန်း ၄၀နီးပါး ဆင်းရဲမွဲတေမှုမှ လွတ်မြောက်နိုင်မည် ခန့်မှန်းထားသည်။

လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တရုတ်နှင့် (BRI) ၏ မိတ်ဖက်များအကြား ကုန်သွယ်မှုသည် အားကောင်းရာမှ အားကောင်းလာသည်။တရုတ်နိုင်ငံသည် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်လာပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံနှင့် လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက် ၇ ခု လက်မှတ်ရေးထိုးခဲ့သည်။

စင်္ကြံခြောက်ခု၊ လမ်းကြောင်းခြောက်ခု၊ နိုင်ငံပေါင်းစုံ၊ ဆိပ်ကမ်းမျိုးစုံတို့ပါဝင်သည့် ချိတ်ဆက်မှု မူဘောင် ဖြင့် (BRI) ကို ပုံဖော်ထားပြီး လာအို၊ နီပေါနှင့် ကာဇက်စတန်ကဲ့သို့ ကုန်းတွင်းနိုင်ငံများ၏ ဆက်သွယ်မှုကို လမ်းများနှင့် ရထားလမ်းများ တည်ဆောက်ခြင်းဖြင့် ကမ္ဘာနှင့်ဆက်သွယ်မှုကို သိသိသာသာ မြှင့်တင်ပေးနိုင်ခဲ့သည်။

တရုတ်-ဥရောပ မီးရထား အမြန်လမ်းသည် အာရှ-ဥရောပ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအတွက် လမ်းကြောင်းသစ်ကို ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်များအတွက် တည်ငြိမ်မှု၏ ခိုင်မာမှုတစ်ခုဖြစ်လာစေခဲ့သည်။ထို့ပြင် (BRI) နှင့်ဆက်စပ်ပြီး ဆယ်နှစ်အတွင်း အာရှအခြေခံအဆောက်အအုံရင်းနှီးမြုပ်နှံမှုဘဏ်၊ ပိုးလမ်းမရန်ပုံငွေနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တို့ကဲ့သို့သော နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများကို တစ်ခုပြီး တစ်ခု ထူထောင်ခဲ့ခြင်းကြောင့်  ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကမ္ဘာ့အခြေခံအဆောက်အအုံ တည်ဆောက်မှုအတွက် ရန်ပုံငွေပြတ်လပ်မှုကို ကူညီဖြေရှင်းပေးနိုင်ခဲ့သည်။

ယခုနှစ် အောက်တိုဘာလတွင် ဆယ်နှစ်ပြည့် (BRI) ဖိုရမ်ကို ကျင်းပမည်ဖြစ်ရာ ကာလံဒေသံနှင့် ကိုက်ညီသည့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်မည့် အစီအမံများပေါ်ထွက်လာဖွယ်ရှိသည်ဟု နိုင်ငံတကာက ခန့်မှန်းသုံးသပ်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင် စတင်အဆိုပြုပြီးနောက် ၂၀၁၇ ခုနှစ် မေလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပေကျင်းတွင် ကျင်းပခဲ့သော ပထမအကြိမ် "Belt and Road" နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွင် အနာဂတ် "Belt and Road" ပူးပေါင်းဆောင်ရွက်မှု၏ ဦးတည်ချက်ကို ရှင်းလင်းပြောကြားကာ "Belt and Road" တည်ဆောက်မှုအတွက် တိကျသော လမ်းပြမြေပုံတစ်ခု စီစဉ်ခြင်းနှင့် အဓိက "Belt and Road" ပရောဂျက်များစွာကို ဖော်ထုတ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၇ ရက်အထိ ပေကျင်းတွင် ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် "Belt and Road" နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဖိုရမ်တွင် အရည်အသွေးမြင့်မားသော "Belt and Road" ကို ပူးတွဲတည်ဆောက်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ရာတွင် အရေးကြီးသော သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့သည်။

၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်တွင် ပေကျင်း၌ "Belt and Road" နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဖြင့် "COVID-19 ကပ်ရောဂါကို တိုက်ဖျက်ရန် လက်တွဲပူးပေါင်းဆောင်ရွက်ခြင်း" ဆောင်ပုဒ်ဖြင့် အဆင့်မြင့် ဗီဒီယိုကွန်ဖရင့်ကိုကျင်းပခဲ့ရာ "ခါးပတ်နှင့်လမ်းပေါ်ရှိ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဆင့်မြင့် ဗီဒီယိုကွန်ဖရင့်၏ ပူးတွဲကြေညာချက်" ကို ထုတ်ပြန်နိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇွန်လ ၂၃ရက်နေ့တွင် Belt and Road အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်ညီလာခံကို "ကူးစက်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းရေးနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးမြှင့်တင်ခြင်း" ခေါင်းစဉ်ဖြင့် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် တက်ရောက်သည့် နိုင်ငံများနှင့် အဖွဲ့စည်းများက အပြုသဘောဆောင်သော အကဲဖြတ်မှုများဖြင့် Belt and Road မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မှု၊ ချိတ်ဆက်မှုအားကောင်းစေရေး၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် "Belt and Road" ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် ခေတ်အခြေအနေနှင့်လိုက်ပြီး အစီအမံကောင်းများ ပေါ်ထွက်လေ့ရှိသည့် ပြီးခဲ့သည့် ၁၀ နှစ်တာ လှုပ်ရှားမှုများကြောင့် ယခုလို ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်း၊ စွမ်းအင်အကျပ်အတည်းနှင့် နိုင်ငံရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာနေချိန်တွင် ကျင်းပတော့မည့်  ယခုဖိုရမ်တွင် ဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံများအတွက် မည်သို့သော အထောက်အကူဖြစ်မည့် အစီအစဉ်များ ထွက်ပေါ်နိုင်မလဲဆိုသည်ကို စောင့်ကြည့်ရတော့မည်ဖြစ်သည်။

လင်းသစ်အောင်