【 နိုင်ငံတကာဆောင်းပါး 】 BRI ၏ နောက်ထပ် 'ရွှေဆယ်စုနှစ်' သို့ ခရီးသစ်

【 နိုင်ငံတကာဆောင်းပါး 】 BRI ၏ နောက်ထပ် 'ရွှေဆယ်စုနှစ်' သို့ ခရီးသစ်

“ဒီနေ့ကမ္ဘာက ငြိမ်းချမ်းတည်ငြိမ်မှု မရှိဘူး။ကမ္ဘာ့စီးပွားရေးက အကျဘက်ကို ဖိအားပေးခံနေရတယ်။ကမ္ဘာ့တိုးတက်မှုက စိန်ခေါ်မှုအများအပြား ရင်ဆိုင်နေရတယ်။ဒီလိုပြောပေမယ့် ငြိမ်းချမ်းရေး၊ တိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အပြန်အလှန်အကျိုးစီးပွားရဲ့ သမိုင်းလမ်းကြောင်းကို ရပ်တန့်မရဘဲ၊ ကျနော့်ပြည်သူတွေရဲ့ ပိုမိုကောင်းမွန်တဲ့ဘဝ ပိုင်ဆိုင်ရေး ရည်မှန်းချက်က အရင်လိုပဲ ခိုင်မာပြီး နိုင်ငံအားလုံး ဘုံတိုးတက်ကြွယ်ဝ ချမ်းသာရေးက အဓိကကျတယ်ဆိုတဲ့ ကျနော်တို့ ယုံကြည်ချက်က မတွန့်ဆုတ်ဘူး” ဟု ရှီက တတိယအကြိမ်မြောက် BRI ဖိုရမ်မှာ ပြောခဲ့ပါတယ်။

ထိုဖိုရမ်ကို အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ပေကျင်းတွင် ကျင်းပခဲ့သည်။  

Belt and Road Initiative (BRI) ၏ ၁၀ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်လည်းဖြစ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ တတိယအကြိမ် Belt and Road Forum (BRF) တွင် တရုတ်ကွန်မြူနစ်ပါတီ၊ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ တရုတ်သမ္မတလည်းဖြစ်တဲ့ ရှီကျင့်ဖျင်က လက်ရှိ ကမ္ဘာ့အခြေအနေနှင့် ၎င်း၏ယုံကြည်မှုကို ပြောခဲ့ခြင်းဖြစ်သည်။  

ဖိုရမ်သို့  နိုင်ငံပေါင်း ၁၄၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်မှ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံ့ခေါင်းဆောင် ၂၀ ကျော်နှင့် သံတမန်အများအပြား တက်ရောက်ခဲ့သည်။

ဖိုရမ်တွင် ချိတ်ဆက်မှု၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် နှီးနှောဖလှယ်ပွဲခြောက်ခုနှင့် ဆက်စပ် အဆင့်မြင့်ဆွေးနွေးပွဲ ၃ ခုလည်း ထည့်သွင်းကျင်းပခဲ့သည်။

နှစ်ရက်တာ ကျင်းပသည့် ဖိုရမ် နောက်ဆုံးရက်တွင် ရှီက လာမည့်ဆယ်စုနှစ် BRI လမ်းကြောင်းကို ကြေညာခဲ့သည်။ထိုကြေညာချက်တွင် အဆင့် ၈ ဆင့်ခေါ်  ခြေလှမ်း ၈ လှမ်းက အနာဂတ် BRI ၏ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို လွယ်ကူချောမွေ့စေပြီး ကျယ်ပြန့်သော အကျိုးကျေးဇူးများရရှိစေမည်ဟု ဆိုသည်။

ပထမခြေလှမ်းမှာ ဘက်စုံ BRI ကွန်ရက် ထူထောင်ရေးဖြစ်သည်။ထိုထဲတွင် တရုတ်-ဥရောပ အမြန်ရထားလမ်း အရည်အသွေးမြင့်တိုးတက်ရေးကို အရှိန်မြှင့်တင်ခြင်း၊ ကက်စပီယံ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးစင်္ကြံတွင်ပါဝင်ခြင်း၊ တရုတ်-ဥရောပ ရထားလမ်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို လက်ခံကျင်းပခြင်း၊ ယူရေးရှားတိုက်တစ်ခုလုံးကို ချိတ်ဆက်တဲ့ တိုက်ရိုက် ရထားနဲ့ ကားလမ်းဆက်သွယ်ရေး စင်္ကြံ တည်ဆောက်ရေး ပူးပေါင်းအားထုတ်ခြင်း၊ ရေကြောင်း ပိုးလမ်းအောက်က ဆိပ်ကမ်းတွေ၊ သင်္ဘောလိုင်းတွေ၊ ကုန်သွယ်ရေးဝန်ဆောင်မှုတွေကို အင်တိုက်အားတိုက်ပေါင်းစည်းပြီး နိုင်ငံတကာ ကုန်းမြေ-ပင်လယ် ကုန်သွယ်ရေးစင်္ကြံသစ်နဲ့ လေကြောင်း ပိုးလမ်း တည်ဆောက်ရေးကို အရှိန်မြှင့်တင်ခြင်း။

ဒုတိယခြေလှမ်းမှာ ပွင့်လင်းတဲ့ ကမ္ဘာ့စီးပွားရေးကို အထောက်အကူပြုရေးဖြစ်သည်။တရုတ်နိုင်ငံက ပိုးလမ်း အီးကောမာ့စ် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှေ့ပြေးဇုန်တွေ ထူထောင်ခြင်း၊ ပိုမိုများပြားတဲ့ နိုင်ငံတွေနဲ့ လွတ်လပ်သော ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးစာချုပ်တွေ ချုပ်ဆိုခြင်း။ကုန်ထုတ်လုပ်ရေးကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားခြင်း။နိုင်ငံတကာစီးပွားရေးနဲ့ ကုန်သွယ်ရေး အဆင့်မြင့်စံနှုန်းတွေနဲ့ပတ်သက်ပြီး နယ်စပ်ဖြတ်ကျော်ဝန်ဆောင်မှုနဲ့ရင်းနှီးမြှုပ်နှံမှုမှာ အဆင့်မြင့်တံခါးဖွင့်ခြင်းကို ပိုမိုရှေ့တန်းတင်ပြီး ဒစ်ဂျစ်တယ်နဲ့ အခြားထုတ်ကုန်တွေအတွက် ဈေးကွက်ဝင်ရောက်မှု ချဲ့ထွင်ပြီး နိုင်ငံပိုင်လုပ်ငန်းတွေ၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏပစ္စည်း မူပိုင်ခွင့်နဲ့ အစိုးရဝယ်ယူရေးတွေမှာ ပြုပြင်ပြောင်းလဲရေး ပိုမိုနက်ရှိုင်းအောင်လုပ်ခြင်း။တရုတ်နိုင်ငံတွင် ကမ္ဘာ့ဒစ်ဂျစ်တယ်ကုန်သွယ်ရေး ပြပွဲကို နှစ်စဉ်ကျင်းပခြင်း။

တတိယခြေလှမ်းမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်။တရုတ်နိုင်ငံဟာ အဓိကကျတဲ့ စီမံကိန်းကြီးတွေကို အကောင်အထည်ဖော်သလို သေးငယ်ပေမယ့် အဆင့်မြင့်တဲ့ အသက်မွေးဝမ်းကြောင်း အစီအစဉ်တွေကိုလည်း အားပေးမည်ဖြစ်သည်။တရုတ်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်နဲ့ တရုတ်ထုတ်ကုန်သွင်းကုန်ဘဏ်တွေဟာ ယွမ် မင်ဘီ ၃၅၀ အတိုင်းအတာရှိတဲ့ ရန်ပုံငွေတွေ အသီးသီးထူထောင်မည်ဖြစ်သည်။နောက်ထပ် ယွမ် မင်ဘီ ၈၀ ဘီလီယံကိုလည်း ပိုးလမ်းရန်ပုံငွေကို ထည့်သွင်းမည်ဖြစ်သည်။

စတုတ္တခြေလှမ်းမှာ အစိမ်းရောင်တိုးတက်မှုဖြစ်သည်။အစိမ်းရောင်အခြေခံအဆောက်အအုံ၊ အစိမ်းရောင်စွမ်းအင်၊ အစိမ်းရောင်သယ်ယူပို့ဆောင်ရေး စတဲ့ နယ်ပယ်တွေ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆက်လက်လုပ်ဆောင်ပြီး BRI နိုင်ငံတကာအစိမ်းရောင်တိုးတက်မှု မဟာမိတ်အဖွဲ့ကို ထောက်ခံမှု အဆင့်မြှင့်တင်မည်ဖြစ်သည်။တရုတ်နိုင်ငံတွင် BRI အစိမ်းရောင်တီထွင်ဆန်းသစ်မှုညီလာခံကို ဆက်လက်ကျင်းပမှာဖြစ်ပြီး ဆိုလာလုပ်ငန်းဖြင့် အစိမ်းရောင်ကာဗွန်နိမ့်တိုးတက်မှု ကျွမ်းကျင်သူများကွန်ရက်အတွက် ဆွေးနွေးဖလှယ်ရေး ယန္တရားကို ထူထောင်မည်ဖြစ်သည်။

ပဉ္စမခြေလှမ်းမှာ သိပ္ပံနဲ့ နည်းပညာ တီထွင်ဆန်းသစ်မှု ရှေ့တန်းတင်ရေးဖြစ်သည်။တရုတ်နိုင်ငံအနေ ဖြင့် BRI သိပ္ပံ၊ နည်းပညာနဲ့ တီထွင်ဆန်းသစ်မှု ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်ပြီး ပထမဆုံးအကြိမ် BRI သိပ္ပံနဲ့ နည်းပညာ ဖလှယ်ရေး ညီလာခံကျင်းပကာ လာမယ့် ၅ နှစ်အတွင်း အခြားအဖွဲ့ဝင်တွေနဲ့ ပူးတွဲဓာတ်ခွဲခန်း ၁၀၀ အထိ တိုးချဲ့ပြီး အခြားနိုင်ငံတွေက လူငယ်သိပ္ပံပညာရှင်တွေ တရုတ်မှာ ကာလတိုအလုပ်လုပ်ဖို့ ထောက်ပံ့မည်ဖြစ်သည်။

ဆဋ္ဌမခြေလှမ်းမှာ ပြည်သူချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေးဖြစ်သည်။တရုတ်နိုင်ငံအနေဖြင့် BRI နိုင်ငံတွေ၏ ယဉ်ကျေးမှု လူ့အဖွဲ့အစည်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု မြှင့်တင်ဖို့ Liangzhu ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။တည်ထောင်ထားပြီးသည့် ပိုးလမ်း နိုင်ငံတကာဇာတ်သဘင်များအဖွဲ့ချုပ်၊ ပိုးလမ်း နိုင်ငံတကာအနုပညာပွဲတော်၊ ပိုးလမ်း ပြတိုက်များ နိုင်ငံတကာမဟာမိတ်အဖွဲ့ချုပ်၊ ပိုးလမ်း ပန်းချီပြခန်းများ နိုင်ငံတကာမဟာမိတ်အဖွဲ့နှင့် ပိုလမ်း နိုင်ငံတကာစာကြည့်တိုက်များအဖွဲ့တို့အပြင် တရုတ်နိုင်ငံဟာ ပိုးလမ်းမြို့ကြီးများ နိုင်ငံတကာခရီးသွားလုပ်ငန်းမဟာမိတ်ကိုလည်း ထူထောင်သွားမည်ဖြစ်သည်။ ထို့ပြင် တရုတ်အစိုးရ ပိုးလမ်းမ ပညာသင်ဆုအစီအစဉ်ကိုလည်း ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်သည်။

သတ္တမခြေလှမ်းမှာ ရိုးသားတည်ကြည်မှုအခြေပြု BRI ပူးပေါင်းဆောင်ရွက်ရေးဖြစ်သည်။ပူးပေါင်းဆောင်ရွက်တဲ့ မိတ်ဆွေနိုင်ငံတွေနဲ့အတူ တရုတ်နိုင်ငံဟာ BRI ရိုးသားတည်ကြည်မှုတည်ဆောက်ရေးနဲ့ BRI ရိုးသားတည်ကြည်မှုတည်ဆောက်ရေး အဆင့်မြင့်မူတွေရဲ့ အောင်မြင်မှုများနဲ့ အလားအလာများကို ထုတ်ပြန်ပြီး BRI ပူးပေါင်းဆောင်ရွက်မှုမှာ ပါဝင်သော ကုမ္ပဏီများအတွက် လိုက်နာမှုအကဲဖြတ်ရေး စနစ်ကိုလည်း ထူထောင်သွားမည်ဖြစ်သည်။ BRI ပူးပေါင်းဆောင်ရွက်ရေးတွင် ရိုးသာတည်ကြည်မှု မြှင့်တင်ရေးအတွက် သုတေသနနဲ့ သင်တန်းတွေကိုဆောင်ရွက်ဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

အဋ္ဌမခြေလှမ်းမှာ နိုင်ငံတကာ BRI ပူးပေါင်းဆောင်ရွက်မှုအတွင် အင်စတီကျူးရှင်းတည်ဆောက်ရေး တောင့်တင်းကြံ့ခိုင်ရေးဖြစ်သည်။စွမ်းအင်၊ အခွန်ကောက်ခံခြင်း၊ ဘဏ္ဍာရေး၊ အစိမ်းရောင်တိုးတက်မှု၊ သဘာဝဘေးအန္တရယ်လျှော့ချရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ သုတေသနအတိုင်ပင်ခံလုပ်ငန်း၊ မီဒီယာ၊ ယဉ်ကျေးမှုနဲ့ အခြားနယ်ပယ်တွေ အကျုံးဝင်တဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး စင်မြင့်များတည်ဆောက်ရေး တောင့်တင်းကြံ့ခိုင်ရေးအတွက် BRI မိတ်ဆွေတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် BRF (BRI ဖိုရမ်) တွေကို အိမ်ရှင်အဖြစ် ဆက်လက်ကျင်းပပြီး ဖိုရမ်အတွင်းရေးမှူးချုပ်ရုံးကိုလည်း ထူထောင်သွားမည်ဟု ဆိုသည်။

ရှီ၏ ထိုခြေလှမ်း ၈ ချက်သည် BRI တွင် ပါဝင်သည့် နိုင်ငံများနှင့် တရုတ်နိုင်ငံအတွက် လာမည့်ဆယ်စုနှစ်ကို ရွှေဆယ်စုနှစ် ဖြစ်စေမည်ဟု ဆိုသည်။

ရှီက ပြီးခဲ့သည့် BRI အစပျိုးသည့် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ BRI ခရီးလမ်းကို ပြန်ပြောခဲ့ရာတွင် စီးပွားရေးစင်္ကြံတွေ၊ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ၊ သတင်းနည်းပညာ အဝေးပြေးလမ်းတွေသာမက ရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ ပိုက်လိုင်းတွေနဲ့ မဟာဓာတ်အားလိုင်းတွေအပါအဝင် ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေးကွန်ရက်တစ်ခု တည်ဆောက်ဖို့ အားထုတ်ခဲ့ပြီး ကုန်းမြေ၊ သမုဒ္ဒရာ၊ ကောင်းကင်နဲ့ အင်တာနက်အထိ အကျုံးဝင်တဲ့ ဒီကွန်ရက်ဟာ အဖွဲ့ဝင်နိုင်ငံတွေမှာ ကုန်စည်၊ ငွေရင်း၊ နည်းပညာနဲ့ လူသားရင်းမြစ် စီးဆင်းမှုကို မြှင့်တင်ပေးပြီး ထောင်စုနှစ်ချီ ပိုးလမ်းဟောင်းကို ခေတ်သစ်မှာ ရှင်သန်မှုအသစ်ပေးခဲ့ကြောင်း ပြောခဲ့သည်။

ခေတ်ဟောင်းပိုးလမ်းမတစ်လျှောက် ကုန်စည်ပို့ဆောင်ရေးတွင် အသုံးပြုခဲ့သည့် ကုလားအုပ်တန်းများအစား ရထားလမ်းတစ်လျှောက် အရှိန်အဟုန်ဖြင့်မောင်းနှင်နေတဲ့ ရထားတွေ၊ လမ်းမတွေမှာ မောင်းနှင်နေတဲ့ ကားတွေ၊ မတူညီတဲ့ နိုင်ငံတွေကို ဆက်သွယ်ထားတဲ့ လေကြောင်းခရီးစဉ်တွေ၊ လှိုင်းတွေကို ခွဲထွက်နေတဲ့ ကုန်တင်သင်္ဘောတွေနဲ့ အီးကောမာ့စ်တွေက ခေတ်သစ် နိုင်ငံတကာကုန်သွယ်ရေးရဲ့ သင်္ကေတဖြစ်လာကြောင်း ဥပမာပြုပြောခဲ့သည်။

ရှီပြောသလိုပင် ခေတ်သစ် ပိုးလမ်းမတစ်လျှောက် ကုန်သွယ်မှုသည် ကမ္ဘာအတွက် သတိထားစရာ ပမာဏဖြစ်လာသည်။ပြီးခဲ့သည့်  ၁၀ နှစ်အတွင်း ရုတ်ခြည်းဆိုသလို ကုန်သွယ်မှုကြီးထွားလာသည်။ ၂၀၁၃ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နှင့် ခါးပတ်လမ်း မိတ်ဆွေနိုင်ငံများအကြား ပို့ကုန်၊ သွင်းကုန် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၉.၁ ထရီလီယံရှိပြီး နှစ်စဉ် ပျှမ်းမျှ ၆.၄ ရာခိုင်နှုန်း တိုးတက်နေသည်။တရုတ်နှင့် မိတ်ဆွေနိုင်ငံများအကြား အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုသည် ထိုကာလအတွင်း ဒေါ်လာ ၃၈၀ ဘီလီယံဖိုးရှိပြီး တရုတ်မှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၄၀ ဘီလီယံ ပါဝင်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဒေါ်လာ တစ်ထရီလီယံနီးပါး ရင်းနှီးမြှုပ်နှံမှုရှိသော ခါးပတ်လမ်း ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း ၃၀၀၀ ကျော် အကောင်အထည်ဖော်ခဲ့သည်။ရထားလမ်းများ၊ တံတားများနှင့် ပိုက်လိုင်းများပါဝင်သော ထိုစီမံကိန်းအများအပြားသည် အာရှဒေသခွဲ၊ အာရှတိုက်၊ ဥရောပနှင့် အာဖရိကတို့ကို ဆက်သွယ်သည့် အခြေခံအဆောက်အအုံကွန်ရက်ကို ကူညီတည်ဆောက်ခဲ့သည်။ထိုသည်က ဆယ်နှစ်အတွင်း BRI က ဖော်ဆောင်ခဲ့သော လမ်းကြောင်းဖြစ်သည်။ထိုထဲတွင် ဒေသခံများ၏ ဖြစ်ထွန်းမှုတန်ဖိုး မပါသေး။

ရှီက လာမယ့် ၅ နှစ် (၂၀၂၄-၂၈) အတွင်း BRI တိုးတက်ကြီးထွားလာမှုကိုမျှော်ကာ တရုတ်နိုင်ငံက ဆောင်ရွက်ပေးရမည့် ကုန်စည်နဲ့ ဝန်ဆောင်မှုကုန်သွယ်ရေး စုစုပေါင်းပမာဏကို အမေရိကန်ဒေါ်လာ ၃၂ ထရီလီယံနှင့် အမေရိကန်ဒေါ်လာ ၅ ထရီလီယံ အသီးသီးရှိမယ်လို့ မျှော်လင့်ထားသည်။ဖိုရမ်အတွင်း ကျင်းပသည့် အမှုဆောင်အရာရှိချုပ်များညီလာခံတွင် အမေရိကန်ဒေါ်လာ ၉၇.၂ ဘီလီယံ တန်ဖိုးရှိ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ ချုပ်ဆိုနိုင်ခဲ့သည်။ထိုသည်မှာ BRI ၏ ပကတိအရှိတရားဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာကြီးသည် တုန်လှုပ်ချောက်ချားဖွယ် အသွင်ကူးပြောင်းမှုတို့ဖြင့် ထူးခြားသော ခေတ်သစ်တစ်ခုကို ကြုံတွေ့နေရသည်။နိုင်ငံကြီးများအကြား ပြိုင်ဆိုင်မှုနှင့် ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် ပထဝီနိုင်ငံရေးအခင်းအကျင်းကို ကြုံနေရသည်။တစ်ဖက်သတ်ဝါဒ၊ အကာအကွယ်ပေးရေးနှင့် အရင်းအနှီးဝါဒတို့ မြင့်တက်လာနေချိန်တွင် စစ်အေးကာလ စိတ်ဓာတ်များနှင့် အကုန်ပျက်သုန်းရေးပါဝင်သည့် တွေးခေါ်မှုများ ပြန်လည်ပေါ်ထွန်းလာနေသည်။ထိုသို့ ဘက်ပေါင်းစုံမှ လမ်းကြောင်းများသည် လူသားမျိုးနွယ်အတွက် ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်စေသည်။

သို့သော် တတိယအကြိမ် BRI ဖိုရမ်တွင် ရှီ ထုတ်ပြန်ကြေညာခဲ့သည့် လာမည့်ဆယ်စုနှစ်အတွက် ခြေလှမ်း ၈ လှမ်းသည်  ဤရှုပ်ထွေးသော နောက်ခံမြင်ကွင်းကို ဆန့်ကျင်ဘက်ဖြစ်ပြီး ကမ္ဘာအတွက် စစ်မှန်သော အရေးပါမှုကို အစပျိုးလာခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း အကြီးအကဲများက လွန်ခဲ့သောဆယ်စုနှစ်အတွင်း ခါးပတ်လမ်းအစီအစဉ်အောက်မှ အောင်မြင်မှုများကို ချီးကျူးပြောကြားပြီး ရှေ့အလားအလာအတွက် ယုံကြည်မှုများကို ဖော်ပြခဲ့ကြသည်။

ထို့ကြောင့်လည်း ယနေ့ကမ္ဘာ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကြား BRI ၏ ခေတ်နှင့် လိုက်လျောညီထွေမှုကို ငြင်းပယ်မရကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောခဲ့ခြင်းဖြစ်ပေသည်။

လင်းသစ်အောင်
Photo Credit - Times