【 နိုင်ငံတကာဆောင်းပါး 】 BRI ၏ အကျိုးဖြစ်ထွန်းမှုနှင့် လာမည့်ဆယ်စုနှစ်

【 နိုင်ငံတကာဆောင်းပါး 】 BRI ၏ အကျိုးဖြစ်ထွန်းမှုနှင့် လာမည့်ဆယ်စုနှစ်

၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ စတင်ခဲ့သည့်  အာရှ၊ ဥရောပနှင့် အာဖရိကတို့ကို ဆက်သွယ်ကာ ကုန်သွယ်မှုနှင့် အခြေခံအဆောက်အဦကွန်ရက်အဖြစ် တည်ဆောက်သည့် ပိုးလမ်းမစီးပွားရေးခါးပတ်နှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကို ရည်ညွှန်းသည့် BRI သည် ယခုအခါ ရှေးခေတ် ပိုးလမ်းမကုန်သွယ်မှု လမ်းကြောင်းများထက် သာလွန်ကာ ကမ္ဘာသူကမ္ဘာသားများအတွက် ကုန်သွယ်ကူးသန်း အကျိုးပြုနေပြီဖြစ်သည်။

စာရင်းအချက်အလက်များအရဆိုလျှင် ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်နေ့အထိ  BRI သဘောတူညီချက်ကို နိုင်ငံပေါင်း ၁၅၂ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်းပေါင်း ၃၂ ဖွဲ့က လက်ခံသဘောတူညီချက် လက်မှတ်ရေးထိုးထားကြသည်ဟု ဆိုသည်။တရုတ်နိုင်ငံနှင့် အဆိုပါနိုင်ငံများအကြား BRI ဆိုင်ရာ သဘောတူညီချက်ပေါင်း ၂၀၀ ကျော် လက်မှတ်ရေးထိုးခဲ့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၁၄ ထရီလီယံအထိရှိသည်။ထိုပမာဏဖြင့် တရုတ်က ဆယ်နှစ်အတွင်း BRI ခေါင်းစဉ်ဖြင့် ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်သည်။

BRI ဆယ်နှစ်တာအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် အောင်မြင်မှုများက သက်ဆိုင်ရာနိုင်ငံနှင့် ဒေသကို ထိရောက်စွာ အကျိုးပြုလာနေပြီဖြစ်ရာ ပါဝင်သည့် နိုင်ငံများက နောင်အလားအလာအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ဖော်ပြခဲ့သည်။

ထူးခြားသည်မှာ BRI ပရောဂျက်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာများ၊ မတူညီသော ဒေသဆိုင်ရာနှင့် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် လိုက်လျောညီထွေဖြစ်ခဲ့ခြင်းပင်ဖြစ်သည်။

Belt and Road ပူးပေါင်းဆောင်ရွက်မှုသည် စတင်ကတည်းက နိုင်ငံအားလုံးနှင့် လူသားတို့အတွက် မျှဝေခံစားနိုင်သော အနာဂတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရန် ကတိပြုထားရာ ပြီးခဲ့သည့် ဆယ်နှစ်တာကိုကြည့်လျှင် နိုင်ငံများကြား ကွဲပြားခြားနားသည့် တံတိုင်းများအစား နံရံများကို ဖြိုဖျက်ကာ အချင်းချင်း ‘လက်တွဲ’ ရန် အားပေးထောက်ပံ့ခဲ့သည့် လုပ်ငန်းများကိုလုပ်ခဲ့ကြောင်း တွေ့ရမည်ဖြစ်သည်။

လွန်ခဲ့သောဆယ်စုနှစ်များအတွင်း BRI သည် အများကြီးတိုးတက်ပြောင်းလဲခဲ့သည်။ဒေသတွင်းနှင့် နိုင်ငံများကို အကျိုးပြုစေမည် စီမံကိန်းများသည့် အဆိုပြုချက်နှင့် စာရွက်စာတမ်းများပေါ်မှ မြေပြင်ပေါ်သို့ အမှန်တကယ် အကောင်အထည်ဖော်လာနိုင်ခဲ့သည်။

Belt and Road တစ်လျှောက်ရှိ ပြည်သူများ၏ ပြည့်စုံမှုနှင့် ပျော်ရွှင်မှုခံစားမှုတို့ကို လွန်စွာတိုးမြင့်စေခဲ့ပြီး ယနေ့ကမ္ဘာကြီး၏ ဘုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးသို့ အားကောင်းသော တွန်းအားများ ထိုးသွင်းပေးသလို ဖြစ်လာခဲ့သည်။ BRI ၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုမှာလည်း စတင်ခဲ့သည့် ၂၀၁၃ ခုနှစ်ထက်ကစာလျှင် အများကြီးကြီးထွားလာခဲ့သည်။

နိုင်ငံတကာလုံခြုံရေးအတွက် ကျယ်ပြန့်သော ဂယက်ရိုက်ခတ်မှုများနှင့် ဝေဖန်တိုက်ခိုက် နှောင့်ယှက်မှုများရှိခဲ့သော်လည်း BRI သည် ပါဝင်သော နိုင်ငံများ၏ စီးပွားရေးနှင့် ပထဝီဝင်နိုင်ငံရေးအရ အရေးပါလာမှုကို ဆယ်နှစ်အတွင်း ပုံဖော်ပေးနိုင်ခဲ့ခြင်းဖြင့် အဆိုပါယူဆချက်များကို ချေဖျက်ခဲ့သည်။

ကိုဗစ်ကျန်းမာရေးကပ်ဘေးနှင့် ကမ္ဘာတစ်လွှား မတည်မငြိမ်ဖြစ်နေမှုများကြားမှပင် BRI ပရောဂျက်များကို အရှိန်မှန်မှန်လုပ်ဆောင်နိုင်ခဲ့သည့် ကောင်းမွန်သော စီမံခန့်ခွဲမှုကြောင့် တရုတ်နိုင်ငံ၏ BRI သည် မကြာသေးမီနှစ်များအတွင်း အရှေ့အလယ်ပိုင်း၊ ပါရှန်းပင်လယ်ကွေ့နှင့် အာဖရိကတို့တွင် ထင်သာမြင်သာစွာ ဖြစ်ထွန်းလာခဲ့သည်။

BRI ၏ ဆယ်နှစ်အတွင်း အကျိုးဖြစ်ထွန်းမှုကိုကြည့်ပါက ကမ္ဘာပေါ်ရှိ ထွန်းသစ်စနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ GDP ကို ၂၀၁၂ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ၃.၆ ရာခိုင်နှုန်း တိုးလာစေခဲ့သည်။လာမည့်ဆယ်စုနှစ်အတွက် ကမ္ဘာ့ဘဏ်မှ ခန့်မှန်းရာတွင်မူ BRI ၏ ကမ္ဘာလုံးဆိုင်ရာဝင်ငွေသည် ၂၀၃၀ ခုနှစ်တွင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံထိရှိလာနိုင်ပြီး ကမ္ဘာ့ GDP စုစုပေါင်း၏ ၁.၃ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းခဲ့သည်။

၂၀၁၃ ခုနှစ်တွင် အဆိုပြုခဲ့သော BRI သည် ပါဝင်ပတ်သက်သည့် နိုင်ငံများနှင့် ဒေသများအတွက် အကျိုးကျေးဇူးများ သယ်ဆောင်လာခဲ့ပြီး ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကျယ်ပြန့်သော လမ်းကြောင်းကို တည်ဆောက်နိုင်ခဲ့သည်။ပြီးခဲ့သည့်ဆယ်စုနှစ်အတွင်း BRI သည် ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁ ထရီလီယံနီးပါးကို ထည့်သွင်းခဲ့ရာ နိုင်ငံနှင့် ဒေသများအတွက် အလုပ်အကိုင်ပေါင်း ၄၂၀,၀၀၀ ဖန်တီးပေးနိုင်ခဲ့သလို လူသန်းပေါင်း ၄၀ ခန့်ကို ဆင်းရဲတွင်းမှ ကယ်တင်နိုင်ခဲ့ကြောင်း ဆိုသည်။

ကမ္ဘာတစ်ဝန်းတွင် BRI ပရောဂျက်များစွာသည် ယခုအခါ အရှိန်ရလည်ပတ်နေပြီဖြစ်သည်။ BRI နှင့်ပတ်သက်လျှင် သိသာနိုင်သည့် အထင်ကရမှာ ပါကစ္စတန်တွင် လုပ်ဆောင်သည့် CPEC ဖြစ်သည်။စီးပွားရေး၊ မြို့ပြတည်ဆောက်မှုနှင့် စွမ်းအင်နယ်ပယ်များတွင် CPEC သည် ပါကစ္စတန်အတွက် ကြီးမားသော “အပြုသဘော” ဆောင်သည့် ပြောင်းလဲမှုများ ယူဆောင်လာခဲ့သည်။ထို့ကြောင်လည်း လာမည့် CPEC ၏ ဒုတိယအဆင့်ကို များစွာမျှော်လင့်ထားပြီး Phase-II သည် နောင်လာမည့်ကာလများတွင် ပါကစ္စတန်နိုင်ငံအတွက် “ပိုမိုတိုးတက်မှု” နှင့် “စည်းစိမ်ချမ်းသာ” ကို ယူဆောင်လာမည်ဟု ယုံကြည်ထားကြသည်။

သေချာသည်မှာ ပြီးခဲ့သော BRI ဆယ်နှစ်တာသည် အချို့နိုင်ငံများ ဝေဖန်ခဲ့သလို ဆိုးကျိုးမဖြစ်ခဲ့သည်က အမှန်ပင်ဖြစ်သည်။ထို့အတွက် လာအိုရှိ တရုတ်-လာအို မြန်နှုန်းမြင့်ရထားလမ်း၊ ဘင်္ဂလားဒေရှ့်ရှိ BRI ပရောဂျက်ပါ လမ်းတံတား-ဓာတ်အားပေးစက်ရုံ၊ အာဖရိကရှိ ကင်ညာ၊ အီသီယိုးပီးယားနှင့် အခြားအာဖရိကနိုင်ငံများရှိ ဆည်တမံ၊ စွမ်းအင်နှင့် လမ်း၊ တံတား၊ ရထားလမ်း၊ လေဆိပ် စသည့် အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးမှုကိုကြည့်လျှင် သိနိုင်သည်။

“Belt and Road” မူဘောင်အရ သက်ဆိုင်ရာ ပရောဂျက်အားလုံးကို အကောင်အထည်ဖော်လျှင် ၂၀၃၀ ခုနှစ်၌ ကမ္ဘာ့ဝင်ငွေ ၀.၇ ရာခိုင်နှုန်း မှ ၂.၉ ရာခိုင်နှုန်းတိုးလာကာ လူဦးရေ ၇.၆ သန်းကို အလွန်အမင်းဆင်းရဲမွဲတေမှုမှ လွတ်မြောက်စေပြီး လူ ၃၂ သန်းကို အလယ်အလတ်ဆင်းရဲနွမ်းပါးမှုမှ ကယ်တင်နိုင်မည်ဟု ကမ္ဘာ့ဘဏ် ခန့်မှန်းထားသည်။လက်ရှိ BRI ပရောဂျက်များကိုကြည့်လျှင် ၎င်းတို့၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်များကို တက်ကြွစွာဖြည့်ဆည်းပေးခြင်း၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်ရေးကို ထမ်းဆောင်ခြင်းနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်စောင့်ရှောက်ခြင်းတို့ကို အလေးထားဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ထို့ပြင် ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာရွက်စာတမ်း ၅၀ ကျော်ကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခဲ့ပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာမဟာမိတ်အဖွဲ့ (Belt and Road) ကို ထူထောင်ကာ “Belt and Road” အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်ဆောင်ရွက်မှု ပမာဏခြေလှမ်းကို စတင်ရန်အတွက် နိုင်ငံပေါင်း ၃၁ နိုင်ငံနှင့် လက်တွဲဆောင်ရွက်နေသည်ကို တွေ့ရသည်။

ယခု တတိယအကြိမ်မြောက် BRI ထိပ်သီးဖိုရမ်တွင် လာမည့်ဆယ်စုနှစ်အတွင်း BRI လျှောက်လှမ်းမည့် လမ်းကြောင်းကို ရှင်းလင်းစွာမြင်ရမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ်က နောက်ဆုံးပြင်ဆင်ခဲ့သည့် BRI မူဝါဒအတိုင်း ယခုနှစ်များတွင် BRI ပရောဂျက်များသည် သန့်ရှင်းသော၊ ထိရောက်ပြီး အရည်အသွေးမြင့်သော အစိမ်းရောင်စွမ်းအင်စီမံကိန်းများ အစုအဝေးအဖြစ် မြင်လာနေရပြီဖြစ်သည်။ BRI တွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ စိုက်ပျိုးရေးနည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများလည်းပါဝင်ရာ ထိုလုပ်ငန်းများ ပြီးမြောက်လည်ပတ်လာသည့်အခါ ယခင်ထက် အများကြီးအကျိုးပြုလာမည်ဖြစ်သည်။

သို့ဖြစ်ရာ နောင်လာမည့် BRI အချိုးအကွေ့သည် ကမ္ဘာကြီးဆက်လက်တည်မြဲရေးနှင့် လူသားများ ပြည့်စုံကုံလုံကြွယ်ဝရေးကို အာရုံစိုက်ကာ နည်းပညာနှင့် တိုးတက်ဖွံ့ဖြိုးမှု တစ်ပြေးညီရန်နှင့် လုံခြုံရေးအာမခံချက်ပေးနိုင်ရန် ဦးတည်လိမ့်မည်ဟု ခန့်မှန်းရသည်။

ထို့အတွက် ဟုတ်၊ မဟုတ်ကို လာမည့် အောက်တိုဘာတွင် ပေကျင်း၌ ကျင်းပသော တတိယအကြိမ်မြောက် BRI ထိပ်သီးညီလာခံတွင် တွေ့ရမည်ဖြစ်လေသည်။

လင်းသစ်အောင်