【နိုင်ငံတကာဆောင်းပါး】နှစ်နိုင်ငံကြားက ဂြိုဟ်တုနည်းပညာပူးပေါင်းဆောင်ရွက်မှု

【နိုင်ငံတကာဆောင်းပါး】နှစ်နိုင်ငံကြားက ဂြိုဟ်တုနည်းပညာပူးပေါင်းဆောင်ရွက်မှု

မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကြား ဂြိုဟ်တုနည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ပူးပေါင်းဆောင်ရွက်ကြရန် ယခုအခါ ဆွေးနွေးနေကြပြီဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် ယခုနောက်ပိုင်း နည်းပညာတိုးတက်မှုများဖြင့် လုပ်ဆောင်နေကြရသည့် ခေတ်ကာလတစ်ခုဖြစ်နေပြီး ဂြိုဟ်တုနည်းပညာကို အသုံးပြုကာ နိုင်ငံများကြား ဆက်သွယ်ရေးကွာဟချက်များကို ပေါင်းကူးနိုင်ခြင်း၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုကို မြှင့်တင်ခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အားကောင်းစေရန် လုပ်ဆောင်လာကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂြိုဟ်တုဆက်သွယ်ရေးနည်းပညာကဏ္ဍကို လွန်ခဲ့သောခုနစ်နှစ်ဝန်းကျင် ကာလလောက်က အကောင်ထည်ဖော်ဆောင်ရွက်လာခဲ့သည်။ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်တည်ထောင်ရေး ပထမအဆင့်အဖြစ် ကမ္ဘာ့ပထမတန်းကုမ္ပဏီကြီးဖြစ်သော Intelsat Satellite Operator ထံမှ ဂြိုဟ်တု ချန်နယ်များ ငှားရမ်း၍ မြန်မာနိုင်ငံ၏ လိုအပ်သော ဆက်သွယ်ရေးကဏ္ဍများတွင် ဂြိုဟ်တုဆက်သွယ်ရေးစနစ်ဖြင့် ဖြည့်ဆည်းပေးနိုင်ရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့်ဆိုက်ဘာ လုံခြုံ ရေးဦးစီးဌာနက ၂၀၁၆ ခုနှစ်၊ မေလတွင် MyanmarSat-1 ဂြိုဟ်တုစနစ် အမည်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၄) ခုကို ဒုတိယသမ္မတ (၁) ဦးဆောင်ဖွဲ့စည်း၍ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ မှစတင်ကာ လုပ်ငန်းစဉ် (၃) ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ထိုသို့ဖွဲ့စည်းခြင်းမှာ နိုင်ငံပိုင်ဂြိုဟ်တု လွှတ်တင်ရေး၊ ဆက် သွယ်ရေးနှင့် ပြန်ကြားရေးလုပ်ငန်းများကို ဗျူဟာကျကျ ထိန်းချုပ်နိုင်ရေး၊ စီးပွားရေးအလားလာ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်သည့် ဂြိုဟ်တုဆက်သွယ် ရေးလုပ်ငန်းဖြင့် ဒေသတွင်းနိုင်ငံများကို ထိုးဖောက်နိုင်ရေး စသည်ဖြင့် တို့ကိုရည်ရွယ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ထို့နောက်တွင် ဒုတိယအဆင့်အဖြစ် MyanmarSat-2 ဂြိုဟ်တုဟု ခေါ်ဆိုပြီး နိုင်ငံပိုင် ဂြိုဟ်တုချန် နယ် များ သုံးစွဲနိုင်ရန်အတွက် မြန်မာနိုင်ငံနှင့် Intelsat Global Sales and Marketing Limited တို့အကြား “Satellite Payload IRU Agreement for MyanmarSat-2” သဘောတူစာချုပ်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁) ရက်တွင် ပို့ ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးများ ရှေ့မှောက်၌ လက်မှတ် ရေးထိုးခဲ့ကြသည်။

ထို MyanmarSat-2 IRU Agreement အရ မြန်မာနိုင်ငံသည် Intelsat ကုမ္ပဏီမှ လွှတ်တင်မည့် Intelsat-39 (IS-39) ဂြိုဟ်တု တည်ဆောက်ရေးနှင့် လွှတ်တင်ရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်းကို သုံးလတစ်ကြိမ်ဖြင့် ရှစ်ကြိမ် ခွဲ၍ ပေးသွင်းခဲ့ကြသည်။ ထို IRU Agreement အရ မြန်မာနိုင်ငံ သည် C-Band (432) MHzနှင့် Ku-Band (432) MHz ၊ စုစုပေါင်း Channel Bandwidth (864) MHz ကို (၁၅) နှစ်ကြာ IS-39 ဂြိုဟ်တုသက်တမ်းကုန်သည် အထိ MyanmarSat-2 အမည်ဖြင့် သုံးစွဲပိုင်ခွင့်ရရှိမည်ဟုလည်း ဖော် ပြပါရှိသည်။

MyanmarSat-2 ပါဝင်သည့် IS-39 ဂြိုဟ်တုကို တောင်အမေရိကတိုက်၊ France Guiana ရှိ ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ Ariane 5 Rocket ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့ နံနက် (၂) နာရီတွင် ဂြိုဟ်တု ပတ်လမ်း တည်နေရာ အရှေ့လောင်ဂျီကျွတ် ၆၁.၉၅ ဒီဂရီတွင် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း၊ ထိုမှ MyanmarSat-2 ဂြိုဟ်တုဆိုင်ရာဝန်ဆောင်မှုများကို ၂၀၁၉ ခုနှစ်၊ အောက်တို ဘာလ (၁၄) ရက် မှစတင် သုံးစွဲနိုင် ခဲ့ကြောင်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံ ခြုံရေးဦးစီးဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

အဆိုပါ MyanmarSat-2 ဂြိုဟ်တုစနစ်ကို စနစ်တကျအသုံးပြုနိုင်ရန်အတွက် လိုအပ်သော ပစ္စည်းများဖြစ် သည့် High Power Amplifier, Ku Band SSPA, Waveguide နှင့် L Band to Fiber ၊ UPS & Battery Bank ၊ Generator ၊ Ku-Band Analyzer အစရှိသည့် ပစ္စည်းများ ဝယ်ယူရန် ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ အပြည်ပြည် ဆိုင်ရာ ဂြိုဟ်တုဆက်သွယ်ရေးမြေပြင်စခန်း၌ ပြီးခဲ့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်က တင်ဒါ ခေါ်ယူကာဆောင် ရွက်ခဲ့ကြသည်။ ထိုဂြိုဟ်တုဆက်သွယ်ရေး မြေပြင်စခန်းတွင် MyanmarSat-2 ဂြိုဟ်တု ထရန်စပွန်ဒါများကို ထိန်း ချုပ်မည့် Transponder Control စနစ်၊ ဆက်သွယ်ရေး လမ်းကြောင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်နိုင်ရန် Monitoring စက်ပစ္စည်းများတပ်ဆင်ခြင်း တို့ကို Intelsat မှ ပညာရှင်များနှင့် ဂြိုဟ်တု ဆက်သွယ်ရေးဝန် ထမ်းများ မှ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ဂြိုဟ်တုဆက်သွယ်ရေး ဝန်ဆောင်မှုများပေးနိုင်ရန် Newtec Hub System နှင့် iDirect Hub System များ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကလုပ်ငန်း များအတွက် ဆောင်ရွက်ခဲ့သည်။

ထို့ကြောင့် MyanmarSat-2 ဂြိုဟ်တု မှ ဂြိုဟ်တုဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်သည့်C-band Bandwidth 216 MHz နှင့် Ku-band Bandwidth 144 MHz တို့ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ လည်း ကောင်း၊ C-Band Bandwidth 72 MHz အား Intelsat Global Sales & Marketing Ltd ထံသို့ လည်းကောင်း၊ C-Band Bandwidth 5 MHz ကို ရွှေသံလွင်မီဒီယာကုမ္ပဏီသို့ လည်းကောင်း ၊ Ku-Band Bandwidth 12MHz ကို Speed Bird ကုမ္ပဏီ သို့  လည်းကောင်း ပြန်လည်ငှားရမ်းနိုင်ခဲ့ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ အချက်အလက်များ၌ ဖော်ပြလျက်ရှိသည်။

ထိုကဲ့သို့ မြန်မာနိုင်ငံပိုင်ဂြိုဟ်တုစနစ်ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ၏ e-Government ၊ e-Health ၊ e-Education၊ နယ်စပ်လုံခြုံရေးစီမံချက်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် သဘာဝဘေးအန္တရာယ် တုန့်ပြန် ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ကဏ္ဍ များတွင် ဆက်သွယ်‌ရေးဆိုင်ရာ ဝန်ဆောင်မှုများ ကို ဖြည့်ဆည်းထောက်ပံ့ပေးနိုင်မည်ဖြစ်သည့်အပြင် အရည်အသွေးပြည့် ဂြိုဟ်တုချန်နယ် များကိုလည်း သင့်တင့် သော ဈေးနှုန်းများဖြင့် ရေရှည်အသုံးပြုနိုင်ခြင်း၊ တစ်ဆင့်ငှားရမ်းခြင်းဖြင့် နိုင်ငံ၏ ဝင်ငွေများ တိုးတက်လာမည့် အခြေအနေမျိုးကို ဖြစ်လာခဲ့သည်။

ထိုကဲ့သို့သော အာကာသစူးစမ်းလေ့လာရေးနှင့် ဂြိုလ်တုနည်းပညာကို စိတ်ဝင်စားသည့် နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အဖိုးတန်သော မိတ်ဖက်တစ်ခုအဖြစ် တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် မိတ်ဖက်ဖြစ်သည့် တရုတ် နိုင်ငံ နှင့်အတူ ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် နှစ်နိုင်ငံလုံးအတွက် အပြန်အလှန်အကျိုးရှိစေသလို အခွင့်အလမ်း များစွာလည်း တိုးလာစေမည်ဖြစ်သည်။

ပြီးခဲ့သော ဇူလိုင် ၂၅ ရက်က မြန်မာနိုင်ငံက ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ China Rocket ကုမ္ပဏီလီမိတက် တာဝန်ရှိသူများက နေပြည်တော်တွင် တွေ့ဆုံပြီး ဂြိုဟ်တုနည်းပညာပိုင်းဆိုင် ရာ ဝန်ဆောင်မှုများ၌ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးခဲ့ကြသည်။

တရုတ်နိုင်ငံ၏ ဂြိုဟ်တုဆိုင်ရာ နည်းပညာသည် လျင်မြန်စွာ တိုးတက်မှုအားကောင်းလာပြီး အောင် မြင်သည့် အခြေအနေများစွာကို လုပ်ဆောင်နိုင်ခဲ့သလို အထင်ကြီးလောက်သည့် နည်းပညာတိုးတက်မှု မျိုးဖြစ် လာခဲ့သည်။ ကမ္ဘာ့အာကာသ လုပ်ငန်းများတွင်လည်း သိသာသည့်ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ခဲ့သလို ကမ္ဘာမြေ စောင့်ကြည့်ရေး ဂြိုဟ်တုအစီအစဉ်များတွင် သိသာသည့်ရင်းနှီးမြှုပ်နှံမှုများကို လုပ်ဆောင်လာခဲ့သည်။ ထိုသို့ လုပ်ဆောင် ခြင်းများဖြင့် သဘာ၀ပတ်ဝန်းကျင် အခြေအနေများကို စောင့်ကြည့်လေ့လာနိုင်ခြင်း၊ သဘာ၀ဘေး အန္တရာယ်ကို စီမံခန့်ခွဲနိုင်ခြင်း၊ စိုက်ပျိုးရေးစီမံကိန်းနှင့် အရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာများအတွက် အကျိုးရလဒ် ကောင်းများကို အသုံးချနိုင်ရန် အခြေအနေကောင်းများဖြစ်စေခဲ့သည်။

မြန်မာနိုင်ငံတွင် ဂြိုဟ်တုနည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် ဆွေးနွေးခဲ့သည့် တရုတ်နိုင်ငံမှ China Rocket ကုမ္ပဏီလီမိတက်သည် China Aerospace ၏ လုပ်ငန်းခွဲလည်း ဖြစ်သည်။ ယင်းကုမ္ပဏီက လက် ရှိ ဆောင်ရွက်နေသည့် ဂြိုဟ်တုနည်းပညာဆိုင်ရာနှင့် သိပ္ပံနည်းပညာကဏ္ဍဆိုင်ရာများတွင် အခြားသော နိုင်ငံများ နှင့်လည်း ပူးပေါင်းဆောင်ရွက်နေလျက်ရှိသည်။ လက်ရှိတွင်လည်း LaoAsia-Pacicfic Satellite ကုမ္ပဏီလီမိတက် နှင့်အတူ မြန်မာနိုင်ငံသားပိုင် Borderless Brocasting ကုမ္ပဏီလီမိတက်တို့နှင့် ပူးပေါင်းကာ မြန်မာနိုင်ငံတွင် လုပ် ငန်းများ လုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်သည်။

ထိုကဲ့သို့ ပူးပေါင်းမှုများဖြင့် မြန်မာနိုင်ငံတွင် DTH စနစ်နှင့် ရုပ်သံလုပ်ငန်းများလုပ်ဆောင်ကာ ထုတ်လွှင့် မှု များ အတွက် စီစဉ်ထားသလို Satellite TV နှင့် Satellite အသုံးချမှုနယ်ပယ်များတွင်လည်း ကျယ်ပြန့်သည့် ဆောင်ရွက်မှုမျိုးကို စီစဉ်နေလျက်ရှိသည်။ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံကြားတွင် ယခုလို ဂြိုဟ်တု နည်းပညာဆိုင်ရာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နည်းပညာဖွံ့ဖြိုးမှုအားနည်းနေ သေးသည့် မြန်မာ နိုင်ငံ အတွက် အနာဂတ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍများ၌ ဖွံ့ဖြိုးမှုအခြေအနေ အကျိုးရလဒ်ကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်တော့မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေတော့သည်။

ဧပရယ်လ်