【နိုင်ငံတကာဆောင်းပါး】နှစ်သစ်ကူးမိန့်ခွန်း၏ လားရာ

【နိုင်ငံတကာဆောင်းပါး】နှစ်သစ်ကူးမိန့်ခွန်း၏ လားရာ

နှစ်သစ်သို့ ကူးခဲ့ပြီ ဖြစ်သည်။ နှစ်သစ်နှင့်အတူ အားမာန်သစ်များဖြစ်ထွန်းလာသလို နှစ်ဟောင်းက နိုင်ငံတကာအကျပ်အတည်းများ ၊စစ်ပွဲများ၊ လူသားချင်းစာနာထောက်ထားစရာ အကျပ်အတည်းများနှင့် စီးပွားရေး ဆိုင်ရာ အကျပ်အတည်းများလည်း နှစ်သစ်သို့ ဆက်ပါလာခဲ့သည်။ထို့အတွက် ကမ္ဘာသူကမ္ဘာသားများ အနေဖြင့် ၂၀၂၄ ကို အကောင်းဘက် အပြုသဘောဆောင်သောဘက်မှ ရှုမြင်လိုသည့်အခါ

ကမ္ဘာ့နိုင်ငံကြီးများ၏ ခေါင်းဆောင်များ ယခုနှစ်သစ်အတွက် မည်သို့ ရှုမြင်ကြသည်ကို စောင့်မျှော်ကြည့်ရလေသည်။

ယခုဆယ်စုနှစ်ပိုင်းအတွင်း ကမ္ဘာ့စီးပွားရေးနှင့် စစ်ရေးတွင် အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် တရုတ်နိုင်ငံ၏ ကမ္ဘာ့အရေး၌ လုပ်ကိုင်ဆောင်ရွက်ပုံသည် ယခင်ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏လုပ်ကိုင်ဆောင်ရွက်ပုံနှင့် များစွာကွာခြားနေသည်ကိုတွေ့ရသည်။ အစဉ်အလာအားဖြင့် နိုင်ငံကြီးများသည် စစ်ကိုလိုလားခြင်းနှင့် နိုင်ငံငယ်များကို နှိမ်ချဆက်ဆံခြင်းရှိကြလေရာ ၎င်းတို့နှင့် ကွဲပြားစွာ တရုတ်နိုင်ငံအနေ ဖြင့် ဖွံ့ဖြိုးမှုအားနည်းသည့် နိုင်ငံများကို အကူအညီများပေးကာ ကမ္ဘာ့နိုင်ငံငြိမ်းချမ်းရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကို  အလေးထားသဖြင့် တရုတ်ခေါင်းဆောင်၏ နှစ်သစ်ကူးမိန့်ခွန်းမှာ နိုင်ငံတကာက အထူးတ လည် စောင့်ကြည့်ရသည် မိန့်ခွန်းဖြစ်လာသည်။ 

ယခုနှစ်များတွင် ကမ္ဘာ့ကြီးအနေဖြင့် ကိုဗစ်ကပ်ရောဂါအပြီး စီးပွားရေးကပ်ဘေး၊စစ်မက်ကပ်ဘေးများနှင့် ရင်ဆိုင်လာနေရသည်။ ထိုဘေးများကို ရင်ဆိုင်နေရသည့် ကမ္ဘာ့နိုင်ငံများကို တရုတ်နိုင်ငံက ထိထိရောက်ရောက် ကူညီပေးနေသလို စစ်မက်ဖြစ်နေသည့် ပဋိပက္ခများတွင်လည်း လက်နက်ကိုင်တိုက်ခိုက်ခြင်းအစား စားပွဲ၀ိုင်းထိုင်ကာ ဆွေးနွေးညှိနိုင်းဖြေရှင်းနိုင်ဖို့ အားစိုက်နေသည်ကိုတွေ့ရသည်။ ထိုသည်မှာ တရုတ်နိုင်ငံ အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာခြင်းကြောင့် ကမ္ဘာ့က ရရှိသည့် အကျိုးကျေးဇူးဖြစ်သည်။

ယခုနှစ်အတွက် နှစ်သစ်ကူးမိန့်ခွန်းပြောသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏မိန့်ခွန်းတွင် ကမ္ဘာနှင့် ပတ်သက်ပြီး အဆိုပါ သဘောကို အထင်အရှားတွေ့ရသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က မိမိတို့၏ ရည်မှန်းချက် သည် အလွန်ကြီးမြတ်ပြီး အလွန်ရိုးရှင်းကာ အရင်းအမြစ် ရည်မှန်းချက်မှာ ပြည်သူပြည်သားများကို ပိုမိုကောင်းမွန်သော နေထိုင်မှုဘဝ ရရှိစေရန်ပင် ဖြစ်ကြောင်း ၊ ကမ္ဘာ့အခြေအနေ ပြောင်းလဲမှု များပြားပေမယ့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်မှုဟာ အစဉ်တစိုက် အဓိက ရေစီးကြောင်းဖြစ်ပြီး အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုဟာ အစဉ်တစိုက် မှန်ကန်သော လမ်းကြောင်းပဲဖြစ်ကြောင်း၊ လက်ရှိအချိန်မှာ ကမ္ဘာ့နေရာတချို့မှာ စစ်ပွဲများ ဖြစ်ပွားနေပါကြောင်း၊ တရုတ်ပြည်သူများဟာ ငြိမ်းချမ်းရေး တန်ဖိုးရှိခြင်းကို လေးနက်စွာ နားလည် သိရှိပါကြောင်း၊ ကျွန်တော်တို့ဟာ နိုင်ငံတကာ မိသားစုကြီးနဲ့အတူ လူသားများရဲ့ရှေ့အလားအလာကို ရှေးရှုပြီး ပြည်သူများရဲ့ ချမ်းသာသုခအတွက် လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ထောင်ခြင်းကို တွန်းအားပေး၍ ပိုမို သာယာလှပသော ကမ္ဘာကြီးကို တည်ဆောက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ထိုသည်ကို ကြည့်လျှင် တရုတ်နိုင်ငံ၏နိုင်ငံတကာလမ်းကြောင်းကို မြင်နိုင်သည်။

ရှီက တရုတ်နိုင်ငံသည် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်နေစဉ်ကာလအတွင်းတွင်လည်း ကမ္ဘာကြီးအတွက် အင်အားကြီးနိုင်ငံတစ်ခု၏ တာဝန်ကို အပြည့်အဝဖြည့်ဆည်းသွားမည်ဟုလည်း နှစ်သစ်မိန့်ခွန်း တွင် ပြောခဲ့သည်။ထိုသည်မှာ ထရမ့်လက်ထက် ကုလကို ထည့်သွင်းရမည့် နှစ်စဉ်ကြေးကို ဆိုင်းငံခဲ့သည်အချိန်ကို ပြန်အမှတ်ရစရာဖြစ်သည်။ ထိုသည်နှင့် ခြားနားစွာ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နှင့် ပတ်သက်ပြီး နိုင်ငံကြီးတစ် နိုင်ငံထမ်းဆောင်ရမည့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်လိုသည့် စိတ်ဆန္ဒကို မြင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် နိုင်ငံတိုင်းသည် ကိုဗစ်ကပ်ဘေးမှလွတ်မြောက်လာပြီးနောက် စီးပွားရေးကျဆင်းမှုကို ကြုံရသလို တရုတ်နိုင်ငံလည်း မလွတ်ခဲ့။ သို့သော် တရုတ်နိုင်ငံသည် ရှီကျင့်ဖျင်၏ ဦးဆောင်မှုဖြင့်  ကြံ့ကြံ့ခံ ရင်ဆိုင်ကာ ကျော်ဖြတ်အောင်မြင်ခဲ့သည်။ ထိုအခြေအနေကို ရှီက နှစ်သစ်မိန့်ခွန်းတွင် ဖော်ပြခဲ့သည်။

ရှီက ၂၀၂၃ခုနှစ်အတွင်း ကျွန်တော်တို့ဟာ အခက်အခဲများကို ကျော်လွှားပြီး ဆက်တိုက်အားထုတ်ချီတက်ကာ သာယာလှပသော မြင်ကွင်းများကို မြင်တွေ့ကာ ကြီးမားသည့် အောင်မြင်မှုများ ရရှိနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အခက်အခဲအမျိုးမျိုးကို ကျော်လွှားနိုင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ကို မှတ်ထားပြီး၊ အနာဂတ်ရေးအပေါ်လည်း ယုံကြည်မှုအပြည့်ထားရှိပါတယ်လို့ ပြောခဲ့သည်။

၂၀၂၃ခုနှစ်အတွင်း ကမ္ဘာ့တစ်ဝန်းဖြစ်ပျက်ခဲ့သည်များနှင့် နှစ်သစ်ဖြစ်သည့် ယခုနှစ်ထိ ပါလာသည့် နိုင်ငံရေး၊စစ်ရေးနှင့် စီးပွားရေးအကျပ်အတည်းများကိုကြည့်လျှင့် တရုတ်နိုင်ငံ၏ ဖြတ်သန်းရင်ဆိုင်ခဲ့ရသည့် အခက်အခဲများနှင့် ကျော်ဖြတ်ရမှုအတွက် မည်မျှအားစိုက်ခဲ့ရသည်ကို မြင်ရမည်ဖြစ်သည်။ထိုစဉ်က တရုတ် ၏စီးပွားရေးဆိုင်ရာ အားကောင်းမှုကို ကမ္ဘာ့ကို အကောင်းဘက်ဖြစ်ထွန်းစေခဲ့သည်။ 

ရှီက တရုတ်ပြည်စီးပွားရေး ဆက်တိုက်နာလန်ပြန်ထူလာကာ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ် ပိုမိုပြည့်စုံကောင်း မွန်လာပြီး၊ အဆင့်မြင့်တဲ့ စမတ် အစိမ်းရောင် အမျိုးအစားသစ် ကျောရိုးမဏ္ဍိုင်လုပ်ငန်းများ လျင်မြန်စွာ ဖွံ့ဖြိုး တိုးတက်လာခဲ့ကြောင်း၊ စားနပ်ရိက္ခာထုတ်လုပ်မှု နှစ်၂၀ အတွင်း ဆက်တိုက်တိုးတက်လာပြီး စိမ်းလန်းစိုပြေသော တောတောင်ရေမြေ တည်ဆောက်ရေးလုပ်ငန်း ပိုမို အရည်အသွေး ကောင်းမွန်စွာ တိုးတက်လာကာ ကျေးလက် ရှင်သန်ရေးလုပ်ငန်းတွင် ကောင်းမွန်သည့်အခြေအနေအသစ်များ ပေါ်လွင်လာနေကြောင်း၊ C919 လေယာဉ်ကြီး စီးပွားဖြစ် ပျံသန်းမှု ဖော်ဆောင်နိုင်ခဲ့ပြီး ရှန်ကျိုး အာကာသယာဉ်များဆက်တိုက် ပျံသန်းနိုင်ခဲ့ကာ Fen Dou Zhe ပင်လယ်ရေနက် ရေငုပ်သင်္ဘော ပင်လယ်ရေနက် ရေငုပ်ခြင်းများ ဖော်ဆောင်နိုင်ခဲ့ပါကြောင်း၊ တရုတ်ပြည်ထုတ် ကုန်ပစ္စည်းများ အရောင်းကောင်းမွန်ပြီး တရုတ်ပြည်ထုတ် အမျိုးအစားသစ် ဟန်းဖုန်းများ လူအများရဲ့ကြိုဆိုမှု ခံရကာ စွမ်းအင်သစ် မော်တော်ယာဉ် လစ်သီယမ်း ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံး ကုန်ပစ္စည်းများဟာ တရုတ်ပြည်ထုတ် ကုန်ပစ္စည်များအတွက် ရသသစ်များဆောင်ကြဉ်းပေးလာကြောင်း၊ တရုတ်နိုင်ငံဟာ လုံ့လဇွဲ ရှိရှိနဲ့ အစွမ်းကုန် ကြိုးပမ်းအားထုတ်ပြီး နေရာအနှံ့မှာ ဆန်းသစ်တီထွင်မှုများကို နေ့စဉ်နေ့တိုင်း လိုလို မြင်တွေ့ ရပါကြောင်း ပြောခဲ့သည်။

တရုတ်နိုင်ငံကို ဦးဆောင်သော ခေါင်းဆောင်ပိုင်းသည် ကြုံလာသည့်အခက်အခဲတိုင်းကို အခွင့်အရေး အဖြစ် ရှုမြင်ကြသည်က တခြားကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့်ခြားနားခြင်းဖြစ်သည်။ ရှီက ၂၀၂၃ခုနှစ်နှင့် ပတ်သက်ပြီး တရုတ်စီးပွားရေးကို "မုန်တိုင်းကို ကြံ့ကြံ့ခံပြီး" ယခင်ကထက် ပိုမိုခံနိုင်ရည်ရှိပြီး သွက်လက်လာခဲ့ကြောင်း၊ လျှပ်စစ်ကားများ၊ လီသီယမ်ဘက်ထရီများနှင့် ဆိုလာပြားများကဲ့သို့သော ထွန်းသစ်စစက်မှုလုပ်ငန်း များ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်လာခြင်းကို ချီးကျူးခဲ့သည်။ လာမည်နှစ်အတွက် ရှီက ရေရှည်စီးပွားရေးတည်ငြိမ်မှုရရှိရန် စီးပွားရေးပြန်လည်နာလန်ထူလာမှု၏ အပြုသဘောဆောင်သော လမ်းကြောင်းကို စုစည်း၍ မြှင့်တင်ရမည်ဟု ဆိုခဲ့သည်။

ယခုနှစ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ခဲ့ခြင်း ၇၅နှစ် ပြည့်မြောက်သည်နှစ်ဖြစ်ပြီး စီး ပွားရေးတံခါးဖွင့်သည့် ၄၅ နှစ်မြောက်လည်း ဖြစ်သည်။ ရှီက နှစ်သစ်မိန့်ခွန်းတွင်  ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို ဘက်စုံ ဇောက်ချပြုလုပ်ရမည်ဟုပြောခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု ယုံကြည်စိတ်နဲ့ စီးပွားရေး ရှင်သန်စွမ်းအားကို တစ်ဆင့်တိုး တိုးမြှင့်ပြီး ပညာရေး၊သိပ္ပံနည်းပညာလုပ်ငန်းနှင့် လူတော်လူကောင်း များမွေးထုတ်ရေးကို အားဖြည့်ဆောင်ရွက်ရမှာ ဖြစ်ကြောင်းပြောခဲ့ရာ တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကို ရှေရည်တည်ငြိမ် သည့်လမ်းကြောင်းပေါ် ရှိနေအောင် အားစိုက်နေသည်ကိုမြင်ရမည်ဖြစ်သည်။

 ရှီ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် တရုတ်ပြည်သူများကို ပိုမိုပြည့်စုံဗသာလူမှုဘ၀ကို ရည်မှန်းထားကြောင်း ဖော်ပြထားသည်။  “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဟာ အလွန်မွန်မြတ်ပြီး အလွန်ရိုးရှင်းကာ မူရင်းရည်မှန်း ချက် ဟာ ပြည်သူလူထုများ ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝ ရရှိစေဖို့ ဖြစ်ပါတယ်ဟု ပြောခဲ့သည်။ ရှီက ပိုမိုကောင်း မွန်သည့် ဘ၀ဆိုသည်မှာ လူအများ ချမ်းမြေ့ပျော်ရွှင် အောင်၊ လူ့ဘဝ ရသ မြောက်လှအောင်၊ အိပ်မက်များ အကောင်အထည်ဖော်နိုင်လာအောင် ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ရှီကပြောခဲ့သည်။

ရှီ၏နှစ်သစ်ကူးမိန့်ခွန်းကို ကြည့်ပါက မြင်ရနိုင်သည့် တစ်ခုတည်းသောအရာမှာ တရုတ်ပြည်နှင့် ကမ္ဘာကို အေးချမ်းတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်စေလိုခြင်းဖြစ်သည်။ ထိုသည်မှာ တရုတ်နိုင်ငံ၏နှစ်သစ်ရည်မှန်းချက်ဖြစ် သည်။ လွန်ခဲ့တဲ့၄၅နှစ်ကာလအတွင်း တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုလုပ်ဆောင် ခြင်း ကြောင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအပေါ် တရုတ်နိုင်ငံ၏ အကျိုးပြုနှုန်းသည် ၃၀ရာခိုင် နှုန်းကျော်ရှိခဲ့ သည်။ ၂၀၁၃ ခုနှစ်ကစခဲ့သည့် Belt and Road အဆိုပြုချက်များကြောင့် ကမ္ဘာတစ်ဝန်းတိုးတက်မှုသည် ပိုမိုအရှိန် ကောင်းလာခဲ့သည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၁၇ ၊ ၁၈ရက်များတွင် ပေကျင်း၌ ကျင်းပခဲ့သည့် တတိယ အ ကြိမ်မြောက် Belt and Road ထိပ်သီးဖိုရမ်တွင်လည်း  အမေရိကန်ဒေါ်လာ(၉၇ဒသမ၂ )  ဘီလီယံတန်ဖိုးရှိသည့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်တွေကို အနာဂတ်ကာလတည်ဆောက်ရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေအတွက် ချုပ်ဆိုနိုင်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်တက်ရောက်သည့် အမေရိကန်နိုင်ငံဆန်ဖရန်စစ္စကိုတွင် ကျင်းပသော အကြိမ် (၃၀)မြောက် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) စီးပွားရေးခေါင်းဆောင်များအစည်းအဝေးတွင်  နိုင်ငံတကာအသိုင်းအဝိုင်းကြား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်ဖို့ တရုတ်နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်ကို ချပြဆွေးနွေးခဲ့သည်။

ကမ္ဘာ့နိုင်ငံကြီးနိုင်ငံအချို့က တရုတ်နိုင်ငံကို ပြိုင်ဘက်အဖြစ် ရှုမြင်ထားချိန်တွင် တရုတ်က အကျိုးတူ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် နှစ်ဖက်အကျိုးရှိသည့် လမ်းကြောင်းကို ချပြခဲ့သည်။ယခု နှစ်သစ်ကူးပေးပို့သည့် သဝဏ်လွှာတွင်ပင် ထိုသဘောကို တွေ့နိုင်သည်။ အမေရိကန်သမ္မတ ဘိုင်ဒင်ထံပေးပို့ခဲ့သည့် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး ၄၅ နှစ်ပြည့် ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖျင်က အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို စွဲကိုင်ခြင်းသည် တရုတ်နှင့် အမေရိကန် နိုင်ငံကြီး နှစ်နိုင်ငံ၏ မှန်ကန်သော ယှဉ်တွဲနေထိုင်ရေးလမ်းကြောင်း ဖြစ်ခြင်းကို သမိုင်းက ပြည့်ပြည့်စုံစုံ သက်သေပြခဲ့ပြီ ဖြစ်ပြီး ဆက်လက်ပြီးလည်း သက်သေပြမည် ဖြစ်ကာ ယင်းသည် ခေတ်သစ်တွင် နှစ်ဖက်တို့ လက်တွဲ ကြိုးပမ်းရန် ဦးတည်ချက် ဖြစ်သင့်ပါကြောင်း ဖော်ပြခဲ့သည်။

ရှီက ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံ လျှောက်လှမ်းခဲ့သည့် ထူးချွန်သည့် ခရီးစဉ်နှင့် ရရှိခဲ့သည့် တိုးတက် အောင်မြင်မှုများကို ပေါင်းရုံးသုံးသပ်ပြီး ၂၀၂၄ခုနှစ် နိုင်ငံတော် စည်ပင်သာယာဖို့၊ ကမ္ဘာကြီး အေးချမ်းတည်ငြိမ်ဖို့ ဆုမွန်ကောင်းတောင်းခဲ့သည်။ ကမ္ဘာ့တွင် တရုတ်၏အခန်းကဏ္ဍကျယ်ပြန်လာနေပြီး ကမ္ဘာ့ပြဿနာများတွင် တရုတ်၏ရပ်တည်ချက်သည် တစ်နှစ်ထက်တစ်နှစ်အရေးပါလာနေပြီ ဖြစ်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ရှေးရှုသည့် တရုတ်၏ရပ်တည်ချက်ကြောင့် ယခုနှစ်သစ်တွင် တရုတ်နိုင်ငံက  ကမ္ဘာ့အတွက် ငြိမ်းချမ်းရေးယူဆောင် လာမည် လားဆိုသည်မှာ စောင့်မျှော်ကြည့်ရှုရတော့မည် အနေအထား ဖြစ်လေသည်။

စိုးငြိမ်း